သက်ရှိသမိုင်းစာအုပ်ရဲ့၉၂နှစ်ပြည်မွေးနေ့
စာပေလောကကလူတွေရော နယ်ပယ်အသီးသီးကလူတွေပါ
လေးစားကြတဲ့ လူတွေကပါလေးစားကြတဲ့ ဆရာမကြီးလူထုဒေါ်အမာ ဟာ
ဒီကနေ့မှာပဲ အသက် ၉၂ နှစ်ပြည်ခဲ့ပါပြီ……
လူထုဒေါ်အမာကို ၁၉၁၅ ခု နိုဝင်ဘာလ ၂၉ ရက်နေ့က မွေးဖွားခဲ့တာပါ။
ဒေါ်အမာလို့ ထင်ရှားလာခဲ့တာကတော့ မောရစ်ကောလစ်ရဲ့ စာအုပ်ဖြစ်တဲ့
TRIALS IN BURMA ကို တက္ကသိုလ်သပိတ်မှောက်ကျောင်းသူအမာ ဆိုတဲ့
နာမည်နဲ့ ဘာသာပြန်ခဲ့ရာကထင်ရှားလာခဲ့တာပါ။ ဒီစာအုပ်ကို ၁၉၃၈ ခုနှစ်က
ထုတ်ဝေခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုများ လို့အများသိကြပါတယ်။
၁၉၃၇ မှာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပါတယ်။လူထုဂျာနယ်မှာတော့
လက်ထောက်အယ်ဒီတာ(၁၉၄၅)
လူထုသတင်းစာအယ်ဒီတာအဖွဲ့ဝင်(၁၉၄၆)တို့အဖြစ်တာဝန်ယူခဲ့ပြီး
ဒီနောက်မှာတော့ ခင်ပွန်းသည်နဲ့အတူ
သတင်းစာဂျာနယ်လုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။
၁၉၆၄ မှာတော့ ပြည်သူချစ်သောအနုပညာရှင်များ
ဆိုတဲ့စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာစာပေဆုကို ရခဲ့ပါသေးတယ်။
သမိုင်းတွင်မယ့် လုပ်ရပ်များစွာကိုလည်း ခေတ်အဆက်ဆက်လုပ်ကိုင်ခဲ့သူတဦးပါ။
အများကတော့ လူထုဒေါ်အမာကို သက်ရှိသမိုင်းစာအုပ်တအုပ်လို့ တင်စားထားပြီး
သက်ရှိထင်ရှားရှိနေသေးတာကိုက အားတက်စရာတစ်ခုအဖြစ်ရှုမြင်ထားကြပါတယ်။
လူထုဒေါ်အမာ ရေးသားခဲ့ပြီးထင်ရှားခဲ့တဲ့စာအုပ်အချို့ကတော့
မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုများ(၂၉၃၈)၊
စန္ဒမာလာ(၁၉၄၀)၊ပြည်သူချစ်သောအနုပညာသည်များ(၁၉၆၄)၊
ဘ၀ချင်းမတူသည့်တရုတ်ပြည်(၁၉၆၆)၊
အောင်ဗလ ဖိုးစိန် စိန်ကတုံး(၁၉၆၇)၊ရွှေရိုးဦးဘကလေး(၁၉၆၉)၊
ရွှေမန်းတင်မောင်(၁၉၇၀)၊
အငြိမ့်(၁၉၇၃)၊ရွှေဒေါင်းတောင်ဆောင်းပါးများ(၁၉၇၅)၊
ဆရာကြီးသခင်ကိုယ်တော်မှိုင်း(၁၉၇၆)၊
အာဖရိကဝတ္တုတိုများ(၁၉၈၉)၊ မန္တလေးသူမန္တလေးသားများ(၁၉၉၁)၊
ထိုင်းဝတ္တုတိုများ-၁(၁၉၉၂)၊
ထိုင်းဝတ္တုတိုများ-၂(၁၉၉၃)၊ရတနာပုံမန္တလေးကျမတို့မန္တလေး(၁၉၉၃)၊
သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄)၊ကျမတို့ငယ်ငယ်က(၁၉၉၄) နဲ့
အမေ့ရှေးစကား(၁၉၉၇)တို့ပဲဖြစ်ာကပါတယ်။ အခြားကလောင်တွေကတော့
ခင်လ၀င်း၊ခင်အောင်နိုင်၊ဖိုးသာအောင်၊မြမဉ္ဇူ၊ အမာ၊
အင်လျားကျောင်းဆောင်သူတစ်ဦး တို့ပါပဲ။
နှစ်စဉ်လူထုဒေါ်အမာရဲ့ မွေးနေ့ရောက်တိုင်း နိုင်ငံတနံတလျားကစာပေသမားတွေ
မန္တလေးကိုလာကြပြီး အမရပူရကတောင်လေးလုံးကျောင်းမှာမွေးနေ့ပွဲဆင်နွဲ ကြပေမယ့်
မနှစ်ကမပြီးအရင်နှစ်တွေလို လုပ်မရတော့တာကြောင့်
ဒီနှစ်မှာလည်း အကျဉ်းရုံးလို့ ဆွမ်းကပ်ရုံလောက်ပဲ
မွေးနေပွဲလုပ်သွားမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဆရာမကြီးလူထုဒေါ်အမာ အသက်ရာကျော်ရှည်ပါစေကြာင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။

Leave a Reply