header image
 

ကျေနပ်ပါတော့ဒီဇင်ဘာ

ဒီဇင်ဘာ။ ဒီဇင်ဘာဟာငါ့အဖို့ ကြောက်စရာအကောင်းဆုံးလဖြစ်လို့နေတာ
နှစ်တွေလည်းကြာခဲ့ပါပြီ။
နှစ်တိုင်းရဲ့ ဒီဇင်ဘာကိုရောက်တိုင်း
တန်ဖိုးထားတတ်တဲ့အရာတွေ ဆုံးရှုံးခဲ့ရတာလည်း
တိုက်ဆိုင်တာပါလို့ ငြင်းချက်ထုတ်မရအောင်ကို
သေချာလွန်းနေတာဘာကြောင့်ပါလဲ။
လှပတဲ့ ဒီဇင်ဘာက ငါ့ကို ဘာ့ကြောင်အငြိုးကြီးနေရတာလဲ။
ခက်တော့နေပြီဒီဇင်ဘာ။ ဒီနှစ်လည်း ဒီဇင်ဘာက
ဘာတွေများအခက်တွေ့အောင်လုပ်ဦးမလဲလို့
တထိတ်ထိတ်နဲ့ စောင့်နေခဲ့တာတကယ်ဖြစ်ခဲ့ပြန်ပြီပေါ့။
ဘာမှ မဖြစ်ခင်တုန်းကတော့
သူငယ်ချင်းတွေက ပြောပါသေးတယ် မင်းစိတ်ထင်နေတာပါကွာတဲ့။
ခုတော့ ဘယ်လိုပြောရမလဲ ဒီဇင်ဘာ။
မင်းကတော့ ဘာမှမဖြစ်သလိုပါပဲလား။
မနက်က ရုံးကိုရောက်ပြီးမကြာခင် ဖုန်းဝင်လာတော့
ဒီအချိန်လာတဲ့ ဖုန်းဘယ်သူဆက်သလဲဆိုတာငါသိတော့
ပျော်သွားမိတာအမှန်ပါ။
ဖုန်းဆက်သူဟာ ငါထင်တဲ့ သူဖြစ်ပေမယ့်
ငါ့အတွက်တော့ပျော်စရာကောင်းမယ့်စကားတော့မဟုတ်ခဲ့ဘူး ဒီဇင်ဘာ။
ကြားရတဲ့ စကားတွေက င့ါနားတောင် ငါမယုံခဲ့ရပါဘူး။
တစ်နေ့နေ့တော့ ဒီလိုဖြစ်လာလိမ့်မယ်လို့
တွေးထားပေမယ့် ဒီလောက်မြန်မြန် ဆန်ဆန်ကြီးတော့
့ဖြစ်လာလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပါ။
ခေတ်ကလည်း ၁၉ရာစုမဟုတ်လေတော့
အဖြစ်တွေကလည်း အဟောင်းဖြစ်စရာမလိုဘူးလို့တော့
ကိုယ့်ကိုကိုယ်ထင်ခဲ့မိတာ ငါမှားခဲ့သလား ဒီဇင်ဘာ။
အကြားနဲ့ မယုံနိုင်လို့ လူချင်းသွားတွေ့ရအောင်ကလည်း
မိုင်ပေါင်းရာချီနေတဲ့နေရာတခုကို ဘယ်လိုအမြန်သွားရပ့ါမလဲ။
ရောက်သွားရင်ကော ဘယ်လိုစကားလုံးတွေနဲ့
ပြန်သီဖွဲ့လို့ ရနိုင်မလဲ။
အရာရာကို နားလည်ထားခဲ့ပါတယ် ဒီဇင်ဘာ။
တောင်းပန်ဆိုတဲ့ စကားတခုကို
ဘာကြောင့်ပြောရတာလဲ။
တောင်းပန်စရာ မလိုအောင် ခွင့်လွှတ်ပေးထားခဲ့တာပဲလေ။
ခုတော့ ဒီဇင်ဘာရယ်……..
ဖြစ်မလာဘူးလို့တော့ တွေးခဲ့တာတွေလည်း ဖြစ်လာပြီလေ။
ဘယ်သူ့ကိုမှ အပြစ်မပြောလိုတော့ပေမယ့်
ကိုယ့်ကိုကိုယ် အပြစ်မြင်မိတာတော့ မမှားလောက်ပါဘူးနော်။
ဘယ်သူ့ကိုမှ မထိခိုက်အောင် လုပ်နိုင်ကောင်းပေမယ့်
လွင့်ထွက်သွားတဲ့ စိတ်ကိုတော့ မထိန်းနိုင်ခဲ့ဘူး ဒီဇင်ဘာ.။
အရာရာဟာ ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာ
ငါသဘောပေါက်ထားပါတယ်။
သဘောတရားတွေ သိထားသလို
ဒီလိုမျိုးဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်နိုင်လိမ့်မယ်လို့
ငယ်ငယ်တုန်းက တွေးခဲ့တာက လက်တွေ့မှာတော့
မလွယ်ခဲ့ပါဘူး ဒီဇင်ဘာ။
အလုပ်တွေမအားလို့
လာမယ့်လ မွေးနေ့ရောက် ရင်
လာဖြစ်အောင်လာခဲ့မှာလို ပြောထားခဲ့ဖူးတယ်လေ။
အဲ့ဒီအချိန်ထိအောင်ဘာကြောင့်မစောင့်နိုင်ခဲ့ရတာလဲ။
ခုဆို နေခင်းဘက်မှာလာတတ်တဲ့ ဖုန်းခေါ်သံတွေ
ယောင်မှားနှိပ်မိနေတဲ့ ဖုန်းနံပါတ်တွေ
miss call တွေအများကြီးတွေ့ထားတယ်လို့
ပြောမယ့် စကားသံတွေ၊
ဟိုအကြောင်း ဒီအကြောင်း ပြောကြအုန်းမယ့်
အကြောင်းအရာတွေ
အကုန်ပျောက်ရှ ရတော့မှာလား ဒီဇင်ဘာ။
ဒီနေ့ဘာဖြစ်နေတာလဲလို့ မေးတဲ့ အပေါင်းအဖော်တွေကိုရော
ငါဘယ်လိုပြန်ဖြေရမလဲ။
အလုပ်ထဲမှာ အသံအမြဲကျယ်တဲ့
ငါတစ်ယောက် ဒီနေ့မှာအသံတိတ်နေတာကို
သူတို့ဘယ်လိုပြောကြမလဲ။
ငါတန်ဖိုးထားတဲ့ အရာတွေထဲက
တန်ဖိုးအရှိဆုံးအရာတွေထဲမှာပါတဲ့
အရာတစ်ခု ဆုံးရှုံးသွားခဲ့ရတာပါ။
ရိုးရိုးလေးနဲ့ ချစ်ခဲ့ပါတယ် ဒီဇင်ဘာ။
ရင်ဆိုင်ရတာမလွယ်မှန်းသိပေမယ့်
ဒီနေ့တော့ခြေဦးတည့် ရာငါလျှောက်သွားခဲ့တယ် ဒီဇင်ဘာ။
လောကကြီးတခုလုံး ဇောက်ထိုးမိုးမျှော်ပါပဲ။
ပြန်မရနိုင်တော့မယ့် အရာတခုအတွက်
မျှော်လင့်ရင်း ငါစောင့်နေဦးမလားမသိဘူးဒီဖင်ဘာ။
လုပ်စရာတွေအများကြီး ရှိသေးတယ်။
ငါခေါင်းမော့ထားပါတယ်။
ဒါပေမယ့်
ကျေနပ်ပါတော့ ဒီဇင်ဘာ။

ပျက်စီးခြင်းမှာ ကျိုးကျသွားတဲ့အသံ

မပွင့်ခဲ့လေသော ချစ်ခြင်းမေတ္တာနဲ့
ဝေးကွာခြင်းတို့ စုံလုံးကန်းခဲ့ပြီ
ငါ့လေချွန်သံတွေ ဖြည်းညှင်းပျောက်ကွယ်သွားပြီးနောက်
ဝမ်းနည်းဖွယ်ရာမုန်တိုင်းအားမှာ
မျှော်လင့်ခြင်းသစ်ကိုင်းကျိုးပဲကသံတွေက နေ့ရက်အဆက်ဆက်
ဆုံဆည်းခြင်းကို ထက်ပိုင်းခွဲချလိုက်တဲ့အသံတွေက
ပုဆိန်တစ်လက်လို
ငါ့တောအုပ်ထဲ
ကဆုန်ပေါက်ပြေးဝင်လာတဲ့ ကွေကွင်းခြင်းမီးလျံတွေပဲ။
အချစ်ကို တခမ်းတနားဖွဲ့နွဲ့ဖို့ သံယောဇဉ်ဖုန်းကြိုးကလေး
ပြုတ်ကျပျက်စီးသွားတဲ့နောက်မှာ
ပျော်ရွှင်ခြင်းကို ဘယ်ဝါယာနဲ့ ဆက်သွယ်ရမလဲ။
မီးလောင်နေတဲ့ ရင်ဘတ်နဲ့
သုံးကြိမ်သုံးခါ လောင်ကျွမ်းခဲ့တဲ့ ငါ့တောင်ကြားလမ်း
ဒီတခါပြာအတိကျပြီအချစ်ရေ
အဝေးက မီးခိုးတအူအူ ငါ့ဖျားနာခြင်းကို
မင်းနားမလည်တော့ဘူး။
င့ါမှာ
ရေစီးအားသန်တဲ့ မြစ်တစ်စင်းအပေါ် မင်းနာမည်နဲ့ ရွက်လွှင့်လို့
ချစ်မက်မြတ်နိုးမှုတွေနဲ့ အမှောင်မှာအရည်ပျော်လို့
အဝေးကွင်းမှာမင်းနာမည်နဲ့ လွတ်လပ်ခွင့်တွေ အနီကတ်ထိလို့
မင်းစိတ်ဆင်းရဲခြင်းကို ဆေးထိုးမမှားရအောင် ကုစားလို့။
သီချင်းတစ်ဝက်မှာ မင်းထိုးစိုက်လိုက်တဲ့ဓားကတော့
တစ်ဖက်သတ်လက်ကိုင်ရိုးနဲ့ နောက်ကျောမှာတဆတ်ဆတ်
အဝေးက ငါ့သေဆုံးခြင်းကို
မင်းကြားတဲ့သီချင်းနဲ့ မီးရှိုလိုက်ပြီးတဲ့နောက်
ရေအိုးကွဲသလို ကွဲကွာခြင်းဟာ
ပြန်စပ်ဆက်လို့ ရတော့မှာမဟုတ်ဘူး။
ပျော့ပျောင်းသူဟာ အယုံလွယ်စမြဲမဟုတ်လား
ဝေးကွာခြင်းမှာ မီးထွန်းမခံတဲ့ အချစ်ပျက်သူကို
မျက်ရည်စက်လက် စွန့်လွတ်လိုက်ပါတယ်
ဝါးလုံးကွဲ မင်းပျော်ရွင်ပါစေတော့။ ။
ဥတ္တရာအောင်

ရောက်မလာတော့မယ့်ချစ်ခြင်းကိုစောင့်နေတဲ့ချစ်ခြင်း
(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။
(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။
(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား ……ချစ်ခြင်း။
(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။
(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။
(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့…….။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။
မုတ်သုန်လေ
25.Oct,2007

မုတ်သုန် အဖို့ တော့ ဒီနေ့ဟာ ၀မ်းနည်းဖို့ ကောင်းတဲ့
နေ့ရက်တစ်ရက်ပါ။ ဒီရက်မှာလာလည်ကြတဲ့ လူတွေ
စိတ်ပျက်သွားခဲ့ရင်တော့ နားလည်ပေးကြပါရန်
တောင်းပန်အပ်ပါသည်။
နောက်နေ့များမှာ အရိပ်ဆိုးတခုအောက်က

လွတ်မြောက်သွားမယ်လို့
ုံကြည်နေပါတယ်။

d.jpg

~ by မုတ်သုန်လေ on December 14,07.

Leave a Reply