ခုတလော….မီးကလေ…
တကယ်ပါပြောလို့ပြောတာမဟုတ်ဘူး။
ခုတလော မီးကအရမ်းကို ဆိုးဝါးနေတယ်။
အရင်လိုလည်း လာမယ်ဆို အချိန်မမှန်။
လာပြန်တော့လည်း သူမဟုတ်သလိုနဲ့
မီး အကြောင်းတော့မပြောချင်တော့ပါဘူး။
စည်းကမ်းရှိဖို့ကို တတ်သလောက် မှတ်သလောက်
ပြောပြရင်လည်းမရ၊ ချော့ပြောလို့လည်းမစွံ
ခြောက်ပြောတော့လည်း အလေးအနက်တောင်မထားတော့ဘူး။
ပြောသာပြောရတယ် ခြောက်ပြောရအောင်ကလည်း
ကိုယ်ကကြောက်ရသူဖြစ်ပြီး သူက နိုင်စားသူဆိုတော့
ခက်ရပြန်ရောဗျာ။
တကယ်ပါ မီးကိုတော့ စိတ်ကုန်နေပါပြီ။
သူမရှိတော့လည်းမဖြစ်ပြန်တော့
နေရထိုင်ရတာကလည်း အချိုးကမကျရပြန်။
ပြောကြပါဦးလား ဘယ်လိုလုပ်ရမလဲလို့။
အရင်တုန်းကတော့ ကြားလိုက်ပြန်ပါရဲ့.
အလှည့်ကျဆိုလား။ ညပိုင်းပုံမှန်ရမယ်ဆိုလား
အခုတော့မဟုတ်ပါဘူး။
ပြတ်ချိန်ဆိုရင်တော့ အချိန်မှန်
လာချိန်ဆိုရင်တော့ မျှော်မနေနဲ့
ခရီးလွန်နေပြီ။ ဘယ်လောက်ခရီးလွန်သလဲဆို
နိုင်ငံခြားအထိတောင်ရောက်သတဲ့လေ။
မြိုတွင်းခြောက်မြို့နယ် မီးအမြဲပေးမတဲ့။
ခုတော သူတိုလည်း မီးစက်သံတွေ တ၀ုန်းဝုန်း။
ရေဗူးနဲ ဖိနပ်မပါရင် နွေခါမှသိသတဲ့။
ခုတော့ မဟုတ်တော့ပါဘူး။.
မီးစက်နဲ့ အင်ဗာတာမရှိရင် နွေခါမှသိ ဆိုသလို။
လုပ်တဲ့လူတွေလည်း လုပ်နေကြပါတယ်။
ရှင်းတဲ့လူတွေလည်း ရှင်းနေကြပါတယ်။
ဘယ်သို့သော အကြောင်းများကြောင့်ပေါ့လေ။
မီးပေးပုံစံ ရှင်းပြတဲ့စာရွက်ဆိုရင်
မိုးကုတ်တရားပြတဲ့ တရားစက်ဝိုင်းကျနေတာပါပဲ။
ရှင်းသွားတာနဲ့ တရားတောင်ရနိုင်ပါရဲ့။
အော် ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့
စိတ်ကူးတွေယဉ်လိုက်ရတာ
ဒီနှစ်ထဲ မီးပုံမှန်ရမယ်ဆိုလို့လေ။
တိုးလာတဲ့လူတွေနဲ့ လုပ်ငန်းတွေများလာတော့လည်း
အခြေအနေတွေက ထူးမလာတော့ဘူးနဲ့တူပါရဲ့။
တကယ်ပြောတာပါ ။
မီးကိုတော့ စိတ်ကုန်နေပါပြီ။
ဒါပေမယ့်လည်း
ကိုယ်က မပြတ်နိုင်သူဆိုတော့လည်း
မျှော်နေရတာပေါ့လေ။
မျှော်ကာမျှော်သည် ……သူကတော့လေ
စနေထောင့်မှာ ပန်းသွားလှူတာပဲ ကောင်းမယ်ထင်ပါရဲ့။
ရန်ကုန်မှာလည်းခုတလော ယာဉ်တိုက်မှုတွေဆက်တိုက်ဖြစ်နေပါရောလား။
ပြီးခဲတဲ့ နှစ်ပတ်လောက်ကမှ မြို့တွင်းခြောက်မြို့နယ်နဲ့
ဆိပ်ကမ်းမြို့နယ်ကို ယာဉ်တိုက်မှုကင်းမဲ့ဇုန်လို့
သတ်မှတ်ထားပြီးကာမှ ယာဉ်တိုက်မှုတွေကဆက်လို့ဖြစ်နေပါရော။
သွားရင်းလာရင်း နေ့စဉ်ရက်ဆက်ဆိုသလို
နေရာသုံးလေးနေရာမှ ဆက်တိုက်တွေ့နေရတော့
ယာဉ်ကြောင့်လား၊ လူကြောင့်လား
စက်ကြောင့်လားဆိုတာတော့ တွေးရင်းခက်ရပါတယ်။
ကားဈေးတွေကသာ မိုးထိနေတာ
ဘတ်စ်ကားတွေနဲ့ ယာဉ်အတော်များများက
ဟောင်းနွမ်းလို့ တစ်ချို့ဆို ဆွေးတောင်နေကြတာ
ရန်ကုန်ဘတ်စ်ကားစီး ခရီးသည်တိုင်းသိကြလေတော့
ပြောပြန်ရင်လည်း ပြောသူကပဲ လွန်လေမလားမသိတောပါ။

အင်း.. ဟုတ်တယ်နော်.. အမလည်း အိမ်ကို ဖုန်းဆက်တိုင်း မီးမှန်လားလို့မေးရတယ်.. ဟိုတလောကတော့ အိမ်က မီးကအခြေအနေကောင်းလာတယ်ဆိုတော့ စိတ်ထဲ “မဆိုးဘူး“လို့ တွေးမိလိုက်သေးတယ်။ မီးမလာရင် ရာသီဥတုက ခြောက်သွေ့တာနဲ့တော့ မီးလောင်မှုတွေ ပိုများကုန်တော့မယ်.. စိတ်မောရပါလားနော်..
ယာဉ်တွေက ဟောင်းတာလည်း မပြောနဲ့နော်.. အသစ်တွေမှ မ၀ယ်နိုင်တာ.. ဟိုတလောက ဂျပန် website တစ်ခုက မြန်မာပြည်မှာ လက်ရှိသုံးနေတဲ့ 45လိုင်းကား တို့ ရွှေဧည့်သည်တို့ ခရီးဝေးဆွဲနေတဲ့ ကားတွေက ဂျပန်မှာ JR (Japanese Railway) က မသုံးတော့တာ ကြာပြီဖြစ်တဲ့ ကားတွေကို မြန်မာပြည်က ပြန်ဝယ်ပြီး သုံးနေတယ်ဆိုပြီး စာရင်းလုပ်ထားတာ အမတွေ့လိုက်ရတယ်…
ပြောပြန်ရင်လည်း မုတ်သုန်က လွန်မှာမဟုတ်ပါဘူး.. “အောင်မင်း”ပဲ လွန်တာနေမှာပါ.. အဟက်.. ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်လို့ သူများပြောတာ ကြားဖူးတာပဲ..
မီးကတော့လား—— ကျွန်မတို့ ကျောင်းတက်တုန်းက ပြောတာ သတိရသေးတယ်။ ဒီနေ့ မီးမလာတဲ့နေ့၊ မနက်ဖြန် မီးဖြတ်တဲ့နေ့၊ သဘက်ခါ မီးမပေးတဲ့နေ့၊ ဖိန်းနွှဲခါ မီးပျက်ရက် လို့။ မီးလာတဲ့ရက်က နက်ဖြန် သို့မဟုတ် ဘယ်သောခါပေါ့။ လာပြန်ရင်လည်း ခရမ်းချဉ်သီး ချိတ်ထားသလားမှတ်ရတယ်။ မီးမလာရင် ဒုက္ခအရောက်ဆုံးက ရေတင်လို့မရတာဘဲ။ ဟင်းက မီးမွှေးချက်လို့ရသေးတယ်။ အိမ်ကို ဖုန်းဆက်တိုင်းလည်း မီးပျက်လို့ ရေတင်မရဘူးကြားရရင် စိတ်မကောင်းဘူး။
ကြွားတာ ဟုတ်ဘူး..ငါတို့ ဆီမှာတော့ မီးက ရှယ်ပဲကွ..ပျက်ရင်လဲခဏလေးး..ဟုတ်တယ်နော် မီးမရှိတော့ တော်၂ကြီးအဆင်မပြေတာ လျှပ်စစ်ဓာတ်အား ခြွေတာတာလေကွာ သူတို့ အိမ်မှာပဲ မီးလင်းလင်းထိန်ထိန် သုံးဖို့ ဟုတ်မှာပေါ့….
နားလည်ပေးလိုက်ပါကွာ..