စက်ချုပ်သမားရန်ကုန်
စက်ချုပ်သမားရန်ကုန်
မောင်ချောနွယ်
မနက်မိုးလင်းပြီဆိုတာနဲ့
လူတွေကတော့ သူတို့အလုပ်သူတို့ဒုက္ခတွေ
ခါးထစ်ခွင်ကျ။
ဟော-ခံတောင်းထဲက ငါးအရှင်လတ်လတ်တစ်ကောင်
ကားပေါ်ထွက်ကျ၊
ခါးထစ်ခွင်ပေါ်က ကလေးငို၊
ကောင်မလေးတွေခုန်ရှောင်
လူကြီးတွေရီကြ၊
လမ်း ၅၀ပေါ်မှာ၊ ငါးက ကားပေါ်ကဆင်းမလို့ထင်ပါရဲ့
ဂေါ်ဂီရပ်ကွက်က လာကြတာတွေလေ၊
လန်ဒန်အရှေ့ပိုင်းကလည်း ဖြစ်နိုင်ပေသေးရဲ့
ကိုကိုကလေ
မနက်မျက်နှာသစ်ရေမိုးသန့်စင်ပြီးရင်
ကိုကာကိုလာတစ်ဗူးသောက်မယ်
အဲဒါမှ အာခံတွင်းကနေ ကြာညိုနံ့သင်းနေမယ်
ပြီးရင်ဂွတ်မောနင်းကိတ်စားမယ်
ကမ္ဘာကြီးအတွက်ပါ ကိုကို့အတွက်မဟုတ်ပါဘူး
ဟား…ဟား…ဟား….
ဒီလိုအတွဲလေးတွေကလည်း မြို့တော်ကိုစိုပြေစေသပေါ့လေ
ပန်းကလေးတွေကတော့
ပျော်လို့ပေါ့လေ
မကြာခင်သခင်မဆီရောက်မယ်
မကြာခင်ဘုရားဆီဆည်းကပ်ရမယ်
…ကတော့ပျော်တယ်
လိပ်စာပေးထားနော်
နောက်လည်းဆုံရအောင်
…ဟိုးကလေးများစကား
တွေဖွဲ့ကြလို့သာ
ပျော်ကြရှာ။
ရုန်းထားရုန်းထား
ရုံးသမားရေ
ရုံးသမားတွေလည်းပါရဲ့။
ဒါရန်ကုန်လေ
မြို့ကြီးသားရန်ကုန်လေ၊
ကဖီးဆိုင်တွေဖွင့်ကုန်ကြပြီ
စက်ချုပ်သမားရန်ကုန်လည်း
သူ့စက်ခေါင်းကိုဖွင့်လို့ပေါ့
မနေ့ညကအပ်ထည်ကလေးတွေကို ဘယ်လိုညှပ်မယ်
ဘယ်လိုချုပ်သီမယ်
ဘယ်လိုဘီတင်ဖောက်မယ်
ဘယ်လိုဇာနားကွပ်မယ်
စက်ချုပ်သမားရန်ကုန်
စဉ်းစားပြီး
လူတွေကပဲ ကူစဉ်းစားသလိုလို
စဉ်းစားပြီးရင်းစဉ်းစား
စိတ်ကူးဒီဇိုင်းရရင်ရင်ထဲပျော်
ရှေ့ကနက်(စ်)ကော်ဖီတငုံငုံ
လန်ဒန်စီးကရက်ကိုကိုက်ခဲ
ဆိုင်ရှေ့ကဖြတ်သွားကြတဲ့ခေတ်လူငယ်
ခေတ်လူငယ်၊ အပျိုလေးတွေကိုကြည့်
လက်ဖက်ရည်သုံးခွက်ဗျို့လို့အော်လိုက်တဲ့
စာပွဲထိုးလူငယ်လေးရဲ့အသံမှာ
ရန်ကုန်မျက်လုံးပွင့်ပြီးကျယ်သုဉ်း
အော်
မြို့ကြီးကို စာပွဲထိုးနေရပြီပေါ့ကွယ်
အရောင်စုံ အသွေးစုံ အသားစုံ အသံစုံ
ရန်ကုန်
ရန်ကုန်ဟာ ရန်ကုန်မှာမွေးတယ်
ရန်ကုန်ဟာ ရန်ကုန်မှာကြီးတယ်
ရန်ကုန်ဟာကမ္ဘာ့မြို့ကြီးတွေနဲ့
ရန်ဘောင်တန်းပြီးရပ်တည်တယ်
ရန်ကုန်ဟာသွေးကြီးတယ်
သူ့ကိုသူမြို့ကြီးသားလို့အမြဲခံယူတယ်
မီးသီးအ၀ါတွေ
မီးသိးအပြာတွေ
မီးသီးအဖြူတွေ
မီးသီးအနီတွေဟာ
လူတွေလို့ ရန်ကုန်ကခံယူထားတယ်
နေ့ရော ညရောထွန်းလင်းတယ်
သူသဘောကျတယ်
ရန်ကုန်က သူ့ရင်ဘတ်ကြီးထဲ
လူမီးသီးတွေ လာထွန်းလင်းဖြာဝေတာကို
ပိတိဖြစ်တယ်၊ သဘောကျတယ်၊
တုနခါမယ်
မိုးခါမယ် ရန်ကုန်မိုးဟာ
ရန်ကုန်လိုသာယာသွားမယ်
ရန်ကုန်မှာဆောင်းမရှိဘူး
ရန်ကုန်မှာနွေမရှိဘူး
ရန်ကုန်မှာမိုးပဲရှိတယ်
ရန်ကုန်မှာမိုး
မန္တလေးမှာနွေ
ပြည်မှာဆောင်းလို့ဆိုကြတယ်မဟုတ်လား
တကယ်ပဲ
ရန်ကုန်မိုးကတော့
မူယာမာယာတွေများလွန်းတယ်
ရွာတာတောင်မှ ဥာဏ်နီ ဥာဏ်နက်
ဥာဏ်ပြာ ဥာဏ်ဝါတွေများတယ်
မိုးမှမိုး
ရန်ကုန်အရသာဟာမိုးမှမိုးပါပဲ။
သိပါတယ်ရန်ကုန်ရယ်
ငြိပါတယ်ရန်ကုန်ရယ်
ဘိုက်ခေါက်ထူထူ ၀တ်ကောင်းစားလှတေ
ဆိုင်ထဲဝင်လာကြပြန်ပြီ
ရောင်စုံကာလာပေါ့။
ဘဲသားဖတ်၊ ဆိတ်သားဖတ် တွေမှာစားကြ
မုန်ံဘူးလေးထဲထည့်
ခေတ်လူငယ်ကျောင်းသားလေးတွေ
ခုန်ပေါက်လို့
မေမေ ဆရာမဖို့မုန့်ဝယ်သွားရအုန်းမယ်လေ
အေး အေး သား….
ဂွတ်မောနင်းကိတ်တစ်လုံးဆို
လုံလောက်ပါပြီ
ဒါမှမဟုတ် အေအင်န်တီကိတ်
တစ်လုံးလုံးပေါ့လေ
မေမေ ၀ယ်ခဲ့ပြီသားတို့ရေ တဲ့
အောင်မြင်တဲ့လေသံမှာ
ရန်ကုန်မြို့ကြီးလည်းတံခါးဖွင့်ပြီ
ဂျိမ်းဂျိမ်း …ဂျိမ်းဂျိမ်း..
ဂျုံး ဂျုံး ဂျုံး ဂျူံး…
ရထားဥသြမှုတ်သံတွေလည်း ချလာပြန်ပြီ
မြီု့ကြီးထဲ
မြို့ကြီးကိုဝယ်ခဲ့တဲ့မီးရထားတွေ
အဝေးရပ်ကတင်လာတဲ့မီးရထားသံတွေ
ကုပ္မဏီတ့ခါးဖွင့်သံတွေ
ဈေးတွေ ဈေးတွေမှာလဲ
ဈေးသယ်ဈေးဝယ်တွေ
ဌက်အုပ်- ဆင်အုပ်- တွေ
ပြီုဆင်းလာသလို ပြိုဆင်းလာကြ
ဂျပန်ဖိနပ် နောက်မြီးပြတ်နဲ့
ကုန်ထမ်းသမားတွေအပြေးအလွှား
စည်ပင်တံမျက်လှည်းသမား
အပြေးအလွှား
နက်ကတိုင်တွေ၊ အကျီင်္တွေ
အထည်တွေ၊ ဘွတ်ဖိနပ်တွေ၊
ကတ္တီပါစတွေ ခက်ရင်းနဲ့ဇွန်းတွေ
ပန်းကန်တွေ၊ ပိတ်သားရောင်စုံတွေ
အသံတွေမြန်လာကြပြီ
အရုပ်တွေမြန်လာကြပြီ
လူ၏ထင်ရှားမှုတွေ မြန်လာကြပြီ
အောင်ဖေယျထွက်ခွာမယ်
ဗန္ခုလဆိုက်ကပ်မယ်
လူတွေ လူတွေ အပြေးအလွှား
ပန်းဆိုးတန်းဆိပ်ကမ်းမှာ
ချီတက်လာကြ
ပြေးဆင်းသွားကြ
ဝမ်းဆာဆီကပ်ပွဲ
ဝမ်းဆာပြေးပြိုင်ပွဲ
ပင်လယ်ကူးသဘောင်္ကြီးတွေ
ဝင်လာခုတ်မောင်းတစ်ချို့
တည်ငြိမ်လို့
ဒီလိုနဲ့ရန်ကုန်စက်ချုပ်သမား
တစ်နေကုန် တဂျန်းဂျန်းချုပ်
တနေကုန် တသုန်းကုန်းချုပ်
ဟော-ညနေ မိုးချုပ်စပြုလာပြီ
မာကြူရီတွေထွန်းကား
ကားမီးရောင်စုံလေးတွေထွန်းကား
အရက်ဘားတွေ ကျူးရင့်ဖွင့်သီ
နိုက်ကလပ်တွေ ဖူးပွင့်တင့်ပြီ
ကဲ
မြို့ကြီးသားစက်ချုပ်သမားရန်ကုန်ရေ
ညမြို့ကြီးကိုဘီတင်ဖောက်လိုက်ပါတော့
နို့မို့ဆို
မင်းကိုအမှောက်သောက်သွားပေလိမ့်မယ်
ဟော
ရွှေပေါက်ကံကိုအရောက်ပြန်မယ်
ဘတ်စ်ကားကိုရဲရဲတိုးစီး
ဘတ်စ်ကားကို မီးဖိုကြီးလိုလှုံကာ
ရန်ကုန်ရေ တာ့ တာ့ နော်တဲ့။
မောင်ချောနွယ်ဆန်သွားသောနေ့များကဗျာစာအုပ်မှ

ကောင်းလိုက်တာဗျို့
ရန်ကုန်ရေ… တာ့တာနော်
Thank you so much for sharing such a lovely and meaningful poem.
Honestly, it’s not been a long time I started to read Mg Chaw Nwe’s poems. He was born for poems. He is the birth poet.
မောင်ချောနွယ် ဟာ နောက်ထပ်ပေါ်လာအုံးမှာမဟုတ်တော့တဲ့..
ကဗျာဆရာတစ်ယေက်လည်းဖြစ်ပါတယ် အစ်မကေသွယ်ရေ…
သူပြောခဲ့တဲ့ ရေးခဲ့တဲ့ စကားတစ်ခွန်းမှတ်မိနေပါသေးတယ်…
လမ်းတူရင်လူချင်းတွေ့ကြမယ်တဲ့လေ…
သူ့စကားအတိုင်းဆို..
ကျနော်တို့ လမ်းတူကြတယ်ထင်ပါရဲ့….
မထင်ရပဲ မောင်ချောနါယ်ကိုကြိုက်ကြတဲ့ သူတွေများသားပဲ..
အလျဉ်းသင့်တိုင်း သူ့ကဗျာတွေဆက်တင်ပေးပါဦးမယ်…
မောင်ချောနွယ်တစ်ယောက်..
သစ်တောလမ်းကလေးအတိုင်း…စက်ဘီးစီးပျောင်ကွယ်သွားတာ..
နှစ်တွေတောင်အတော်ကြာခဲ့ပါပေါ့…..
အညွှန်းရွေထားတယ်