Archive for March 4, 2008

ခေါ်သံ

ခေါ်သံ

    ထောင့်ချိုးတစ်ခုမှာ
    ရင်ဆိုင်တိုးတယ်
    ကျွန်တော့်စိတ်တွေ တဆတ်ဆတ်တန့်နေမိ

    စောစောထွက်ခဲ့ပေမယ့်
    နောက်ကျခဲ့ပါတယ်
    လမ်းကျဉ်းကလေးထဲ လမ်းကြိတ်စက်ပျက်နေသတဲ့

    ဒီသတင်းအ၀င်မှာ
    လမ်းတစ်ဝက်ကချစ်သူဆီ
    စိတ်လည်မိပြန်ပေါ့

    မေမေရေ
    ငြိမ်နေတော့တအိအိနစ်တယ်
    လှုပ်လိုက်တော့ပိုနစ်တယ်

    ဘယ်လိုနေရမလဲ
    မေးခွန်းတွေက
    စုန်းစုန်းမြုပ်အောင်ထိုးနစ်နေရဲ့

    ဒီနေ့
    ကျွန်တော်ခေါ်လိုက်တာ
    နောက်ဘ၀အတွက်ပါမေမေ။ ။

      ကိုရွေး
      ၂၀၀၆ နိုဝင်ဘာ ပန်းအလင်္ကာမှ……

    တည်ဆောက်ရေးလုပ်ငန်းတစ်ခုမှာ
    အလုပ်လုပ်တယ်လို့ပြော

      ခုန်ထွက်လိုက်သလို
      ဘ၀ဆိုတာ ဒိလိုပါလားလို့ ပုံသေသတ်မှတ်လို့
      အချိန်နှောင်းမနှောင်း
      အဖွဲ့အနွဲ့ကောင်းသူလက်ထဲကလက်ဖွဲ့
      ငါ ဆိုတာ ပျင်းစရာဘုံကြီးပါ ပုံပါတီရှပ်နဲ့ဟိုကတုံး
      လူတစ်ယောက်ရဲ့ကျောပြင်မှာ
      ပြတင်းပေါက်တစ်ခုဟာ အမြဲနာကျင်နေပါတယ်
      ဒီထက်ကောင်းတဲ့ကဗျာတွေရေးချင်ပါသေးတယ် တေးများကို
      သတိရ
      လမ်းပေါ်ရောက်ရောက်ချင်း ချုပ်ရိုးပေါ်က ကန်ကန်ထွက်မိနေတဲ့
      အာဟာရနွားနို့သူ့ဖို့ချည်းပဲဆိုတဲ့
      ဈေးမှုဗေဒစကားကျမ်းအဖွင့် စပယ်တိုင်းမွှေးသလားဟေ့လူ
      ဘယ်နေ့ကိုဒီနေ့လို့ပြောမလဲ
      မမြဲခြင်းကိုလိုက်ဖမ်းနေတဲ့ ဟိုစမတ်ကျကျလူရော
      သူ့နာမည်ပြန်မေးနေတာ ပတ်ဝန်းကျင်နဲ့ဆိုင်မဆိုင်
      မမြဲခြင်းဟာရော အများသုံးဖြစ်နိုင်မဖြစ်နိုင်
      ကျိုးကျသွားတဲ့ ဓာတ်တိုင်နေရာမှာ ငါအစားထိုးရမရ
      ငါနဲ့ဘာဆိုင်လို့၊ငါတို့အကြောင်းဝင်မစွက်ဖက်နဲ့
      အဟမ်း… တစ်ယောက်စာပဲရှိတော့တယ်
      အတိုလား အရှည်လား
      တစ်ရာဖိုးနဲ့ရိုက်လို့ရတယ်
      မိဘမေတ္တာတွေလာမယ်ကလွဲလို့
      ကျန်ကမ္ကာ့အစိတ်အပိုင်းအားလုံး
      ဘယ်လိုလာရမလဲ၊ မိုးတတ်တုန်း
      ဘတ်စ်ကားတွေရှိတုန်း၊ ဈေးကွက်ဝင်ကုန်ကြပြီ
      သွေးထွက်အောင်မှန်တာအမှန်တရားလား
      ဆင်ခြင်တုံတရားရောက်မလာခင်
      နောက်ဆုံးထားပြီး အမည်စာရင်းတငသွင်းသွားကြပါရန်။ ။

        မိုးဝေး
        ၂၀၀၆ နိုင်ဝင်ဘာ ပန်းအလကာင်္မှ