Archive for March 9, 2008

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်

မင်းထက်မောင်

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
လူတွေအရူးနောက်ကိုလိုက်ကြတယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
ရတနာဈေးကွက်ထဲ စိန်တွေ ဈေးကျသွားတယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
ကမ္ဘာမှာ နေ၀င်မြဲ လထွက်မြဲ။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
စိန်အတုတွေခေတ်စားလာတယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အရူးဟာ မရူးတော့ဘူး။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
စိန်ပွဲစားတွေခြေချင်းလိမ်ကြ။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
ကမ္ဘာမှာ မြေငလျင်တစ်ခုလှုပ်သွားတယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အရူးဟာ အဲဒီစိန်တုံးကို လေလံတင်ရောင်းချခဲ့တယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
ရူးချင်ယောင်ဆောင်သူတွေ တစ်နေ့တစ်ခြားတိုးပွား။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အရူးဟာ ရုပ်ရုင်မင်းသမီးတစ်ယောက်နဲ့ လက်ထပ်သွားတယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အခြားဂြိုလ်သားတွေ ကမ္ဘာမြေပေါ် တရားဝင်ရောက်ရှိလာကြ။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
လူကောင်းတော်တော်များများ အရူးဖြစ်ကုန်တယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အရူးဟာစိန်တုံးကိုမြိုချလိုက်တယ်။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
လူတွေဟာ စိန်တူးဖို့အုပ်စုလိုက်ထွက်ခွာသွားကြ။

စိန်တုံးကိုအရူးကောက်ရပြီးတဲ့နောက်
အရူးဟာကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။

မင်းထက်မောင်
၂၀၀၅ ဇွန် ရနံ့သစ်

ခေတ္တ- ရန်ကုန်

ခေတ္တ- ရန်ကုန်

မောင်ယုပိုင်

ငါ့အဖို့တော့
ကြုံတောင့်ကြုံခဲရှပ်ရုင်ပဲ ရန်ကုန်
အလုအယက်လက်မှတ်တန်းစီရတယ်
အပြေးအလွှားကြည့်ရတယ်
ပြကွက်တိုင်းဟာ စုံလင်သောအထူးပြုလုပ်ချက်
မျက်စိထောင့်ထောက်ထားရတယ်
အရူးဆိုလည်း တစ်ကယ့်အရူး
သူဌေးဆိုလည်း တစ်ကယ့်သူဌေး
ဘ၀သရုပ်ဖော်ရာမှာတော့
ရန်ကုန်ဟာ
ဇာတ်ကောင်စရိုက်အပေါ်လွင်အပီပြင်ဆုံး
အဲဒါ ရန်ကုန်
နေ့ရက်မရွေးဈေးပွဲတော်
နှစ်ဆယ့်လေးနာရီမီးလင်းနေတယ်
အဲဒါ ရန်ကုန်ကွ
ချစ်ခင်သူတစ်ဦးတစ်ယောက်၊ နာရီ ၊ ပိုက်ဆံ
လုပ်ငန်းခွင်သုံးမရှိမဖြစ်တန်ဆာပလာ
အိမ်မှာ တစ်ခုခုကျန်ခဲ့ရင် ပြန်ယူဖို့မလွယ်တော့ဘူး
ခြေတစ်တဖက်ရ ခြေတစ်ဖက်ချ
လက်တစ်ဖက်ရ လက်တစ်ဖက်တွဲ
မှတ်တိုင်ပါတယ် မင်းဘယ်လိုအော်အော်
မင်းဘာသာစကားကို သူတို့နားမလည်ဘူး
လိုရာရောက်ချင်မှ ရောက်မယ်
မှတ်တိုင် ကျော်ချင်ကျော်သွားမယ်
အဲဒါ ရန်ကုန်ပေါ့
ဒီတစ်လမ်းထဲမှာတင်
လမ်းဘေးမုန့်ဟင်းခါးဆိုင်ကနေ
နတ်ဘုံနတ်နန်းကော်ဖီဆိုင်များအထိ ဖွင့်လှစ်ပြီးပါပြီ
အဆင်ပြေတဲ့အခါ ရန်ကုန်ဟာ ဟဲပီးဝေါလ်
အဆင်မပြေတဲ့အခါ ရန်ကုန်ဟာ သရဲရထား
ဘယ်နှစ်ကျပ်တန်လက်မှတ်နဲ့လဲ
ဒီကစားကွင်းလေးတစ်ခုထဲမှာပဲ
အပြောင်းအလဲမြန်မယ် လူချင်းကွဲသွားမယ်
ရန်ကုန်ဆိုတာ ဒါလား
စာရွက် ၊ဘောလ်ပင် ၊မိတ္တူ ၊စာအိတ် ၊တံဆိပ်ခေါင်း
အဲ့ဒါတွေမပါလည်း ကဗျာဟာ မျက်နှာဖုံးရှင်ဖြစ်လာနိုင်တယ်
ဝေဖန်ကြ၊ ငြင်းခုံကြ၊ အုပ်စုဖွဲ့ကြ၊ ပြန်ဆိုကြ၊ ပြန်ရိုက်ကြ
ှဧည့်ခံပွဲတွေလုပ်ကြ၊ အင်တာဗျူးကြ
အနုပညာကလွဲရင် အောင်မြင်ကျော်ကြားလူကြိုက်များကြ
ရန်ကုန်မှန်းမသိလို့
စာအုပ်အဟောင်းဈေးမေးမိတာပေါ့
ရန်ကုန်မှန်းမသိလို့
အထူးကုဆေးခန်းမှာ စမ်းမိတာပေါ့
အခမံ့ မျက်လှည့်ကြည့် ဆေးဝယ်မိတော့တာပေါ့ ရန်ကုန်
ဒါပေမယ့် ဒါရန်ကုန်
လူမျိုးမရွေး ဘာသာမရွေးစားသုံးနိုင်တယ်
ဘယ်သွားသွား တန်ခိုးကြီးဘုရားပဲ
ဘယ်စားစား ရန်ကုန်မုန့်ဟင်းခါးမှ ရန်ကုန်မုန့်ဟင်းခါးပဲ
ဘယ်သူ့ကြည့်ကြည့် သက်မွန်မြင့်ပဲ
အခမဲ့ပန်ချီပြပွဲများ
အဖိုးနည်းနည်း မြို့ပတ်ရထားများ
တစ်ပြားမှ ထပ်ပေးစရာမလိုတော့တဲ့ မာကျူရီညများ
ဒါရန်ကုန်နော်
အထူးလျော့ဈေး
တစ်ခွန်းဆိုင်
ကြိုက်တာရွေး။

မောင်ယုပိုင်
အဲဒီကျွန်းမြို့ကလေးမှာ မြေပုံအပြောင်းအလဲနဲ့
ကဗျာစာအုပ်မှ…….

ရန်ကုန်ဟာစစ်မြေပြင်..

ရန်ကုန်ဟာစစ်မြေပြင်..
ဟုတ်ကဲ့.. ရန်ကုန်ဟာစစ်မြေပြင်..
ဟုတ်ပါရဲ့လားဗျာ…
မုတ်သုန်တော့ဘာမှမသိပါဘူး..
စိုင်းဝင်းမြင့်က သူ့ကဗျာထဲထည့်ရေးထားတာပဲ..
ရန်ကုန်ဟာစစ်မြေပြင်ပါတဲ့…
ဝမ်းစာအတွက်ရှာရ ဖွေရ…
ရုန်းကန်ရနဲ့ ရန်ကုန်မှာနေရတာအတော်မလွယ်ဆိုပဲ…
ကဗျာတွေးတွေးလို့ကဗျာဆရာကဆိုလေရဲ့..
အခုတလောရန်ကုန်မှာလည်း…
လုံခြုံရေးတွေအပြည့်ပဲဗျ….
ဂမ်ဘာရီလာလို့လုံခြုံရေးတွေများနေတာလို့..
အများကတော့ဆိုကြလေရဲ့…
ဂျူတီချိန်းတဲ့အချိန်တွေလားမသိ…
စစ်ကားကြီးတွေ့လှည့်လာပြီဆို…
လူတွေကလည်းပြူးပြူးပြာပြာ…
ကြောက်လွန်းသူတွေဆိုတော့လည်း..
ခက်သပေါ့ဗျာ….
ရန်ကုန်မှာဘောတွေထူးသလဲ…
အများသိတော်မူတဲ့…
လူသတ်မှုကထိပ်ဆုံးကပေါ့ဗျာ…
အစိုးရသတင်းစာတွေမှာ…
ထည့်ထားတဲ့သတင်းလည်းဖြစ်လေတော့…
အများကပိုလို့တောင်စိတ်ဝင်စားကြသတဲ့..
ဘာတဲ့ဗျာ…
ငွေကိုလေလိုသုံးတဲ့…
မိုးကုတ်ဦးမြမောင်တိုရဲ့..
အမျိုးအဆွေတွေလို့သုံးစွဲပြီး
ပြည်တွင်းထုတ်..
ဂျာနယ်တစ်စောင်ရဲ့မျက်နှာဖုံးသတင်းမှာ..
ဖော်ပြထားတယ်ဗျ…
ဆရာသော်တာဆွေရဲ့စာထဲမှာ…
ကွယ်လွန်သူရဲ့အဘိုးဖြစ်တဲ့…
မိုးကုတ်သူဌေးဦးမြမောင်ကို…
ငွေကိုလေလိုသုံးသူလို့…
တင်စားပြီးရေးထားပါတယ်တဲ့ဗျာ….
လောလောဆယ်အထိတော့…
တရားခံတွေကိုအတိအကျမ
ဖော်ထုတ်နိုင်သေးဘူးလို့…
ဆိုကြပါတယ်…
ဆန်းတာကလူသတ်မှုကြောင့်…
မဟုတ်ပါဘူး…
သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတာကိုပါ..
ဒီနိုင်ငံမှာဘယ်သူတွေကများ..
သေနတ်ကိုင်ခွင့်ရှိလို့လဲဆိုပြီးတော့..
အများကစိတ်ဝင်စားကြတာပါ….
တစ်ချို့များဆို ဒီနိုင်ငံမှာ….
ပြည်ပကလက်နက်ကိုင်…
ကြေးစားလူသတ်သမားတွေများ…
ရောက်နေသလားလို့တောင်…
ထင်ကြေးပေးပြောနေကြလေရဲ့…
အမှုအတွက်စစ်မေးနေတဲ့လူတွေလည်း..
စစ်မေးနေကြပြီလို့ကြားရပါတယ်…
စစ်မေးခံနေရတဲ့လူတွေထဲမှာ…
ပြည်တွင်းကလူတွေသာဖြစ်ကြပြီး…
တစ်ချို့ဆိုထင်မထားတဲ့လုပ်ငန်းရှင်တွေတောင်…
ဖြစ်လို့နေပါတယ်…
ကြီးကျယ်တဲ့လုပ်ငန်းရှင်တွေဖြစ်တာကြောင့်…
နီးစပ်ရာအသိုင်းအ၀ိုင်းစစ်မေးရမယ်ဆိုရင်လည်း…
ကြီးကျယ်သူတွေပဲဖြစ်ကြမှာမို့..
သိပ်ပြီးဆန်းလှတယ်ရယ်လို့မဟုတ်ပါဘူး..
အများကတော့ လက်သည်ဘယ်သူလဲဆိုတာကို…
စိတ်ဝင်စားလို့နေကြပါရဲ့….
ခုတလောမှာတော့ အင်တာနက်ကွန်နက်ရှင်တွေ..
အလွန်ကျလို့နေပါလေရော…
ဘယ်လိုကြောင့်ဖြစ်နေရသလဲမသိပေမယ့်…
အလုပ်လုပ်တဲ့နေရာမှာ….
ကြန့်ကြာမှုတွေဖြစ်နေသမို့..
အများငြီးငြူတဲ့ကြောင်းတွေထဲမှာ…
ဒီအကြောင်းကလည်းတိပ်ဆုံးကပါနေသပေါ့ဗျာ….
မြို့တွင်းက မြေလွတ်နေရာတွေမှာ.
ယာဉ်ရပ်နားဖို့ကားပါကင်တွေလုပ်ပေးနေတာလည်း…
စိတ်ဝင်စားစရာတစ်ခုပါပဲ…
ယာယီလေလား၊ အမြဲတန်ေးလလား..
မသိရသေးပေမယ့် ဒီလိုလုပ်လိုက်ခြင်းအားဖြင့်တော့..
လမ်းပိတ်ဆို့မှုတွေနည်းသွားစေသပေါ့ဗျာ..
လောလောဆယ်အဲလိုလုပ်ပေးထားတာတော့..
ပန်းဆိုးတန်းနဲ့ကုန်သည်လမ်းထောင့်မှာရှိတဲ့…
ပြီးခဲ့တဲ့ လေးငါးနှစ်လောက်တုန်းကမီးလောင်ခဲ့ပါသော
ယခင်လည်ဆယ်ရုံးချုပ်မြေနေရာမှာပါ…
နောက်ပြီးရန်ကုန်ဘူတာကြီးနောက်ဖက်က…
ဝန်ထမ်းအိမ်ရာတွေနားက မြေလွတ်တွေမှာလည်း..
ကားပါကင်လုပ်ဖို့အစီအစဉ်တွေရှိတယ်လို့ကြားရပါတယ်…
နောက်လေဟာပြင်ဈေးမြေကွက်လပ်မှာလည်း…
ကားပင်ကင်လုပ်မယ်လို့ပြောထားတာကတော့…
အတော့်ကိုကြာနေပါပြီ…
အမှန်တော့မြို့တွင်းအသွားအလာရှုပ်တဲ့နေရာတွေမှာ…
ကားပါကင်တွေလုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်…
မဟုတ်ရင်တော့ ရပ်ထားတဲ့ကားတွေကလည်း..
ရှုပ်ထွေးမှုတွေကိုပိုအခက်တွေ့စေပါတယ်..
ဥပမာ ခြောက်လမ်းသွားယာဉ်မရပ်ရဆိုတဲ့နေရာမှာ…
ဒီလမ်းပေါ်ကိုယ့်အိမ်ရှေ့မှာမှ မရပ်ရင်…
ဘယ်နားသွားရပ်ရလဲဆိုတာပေါ့..
ကားပါကင်ကလည်းမရှိ…
ကိုယ့်မျက်စိရှေ့ရပ်မရလို့…
ကြုံတဲ့နေရာသွားရပ်ရအောင်လည်း..
လုံခြုံမှုကမရှိ…
ကံဆိုးရင်ကားပါခိုးခံရနိုင်သေး….
ဒီလို ဒီလိုအဆင်မပြေတာတွေကြောင့်…
မျက်စိရှေ့ကားရပ်..
အတင်မပြေလို့အဖမ်းခံရတော့လည်း..
မသကာဒဏ်ကြေးသွားဆောင်လိုက်ရုံပေါ့ဆိုတာ….
တစ်ချို့များဆို စည်ပင်ပိုင်တဲ့လမ်း…
ကိုယ့်အိမ်ရှေ့မှာတောင်…
ကားရပ်ဖို့အတွက်ခြံစည်းရိုးလေးကာ…
ခုံကလေးချနဲ့ နေရာလုစစ်ကြေငြာစာတမ်းတွေလည်း…
ချထားလိုက်ပါသေးရဲ့…
တကယ်လို့များ….
လုံခြုံရေးစနစ်ကောင်းတွေနဲ့…
စိတ်ချရတဲ့ ကျယ်ကျယ်ဝန်းဝန်းကားပါကင်တွေများ…
ရှိကြရင်တော့ဖြင့်လေ…
ကားပိုင်ဆိုင်သူလူကြီးမင်းများရော…
မုတ်သုန်တို့လက်လုပ်လက်စားတွေပါ…
ရတက်အေးရမယ်ထင်ပါရဲ့နော်…
မျှော်လင့်ကြည့်တာပေါ့ဗျာ…
အခုဟာက နောက်ဆက်တွဲဆိုးကျိုးမဆိုနဲ့ဦး..
ကားပိုင်တဲ့လူတွေများ ကားပေါ်ဆွေ့ခနဲရောက်တာနဲ့..
လမ်းပေါ်ကလူကို ထီမထင်သလိုဆက်ဆံကြ…
သူလုပ်စာထိုင်စားနေရသလိုပဲ..
လမ်းပေါ်ကလူကလည်း ကားပေါ်ကလူကို…
မကျေမချမ်းပြန်ကြည့်နဲ့…
ဒီလိုနဲ့ပဲသံသရာလယ်…
တစ်ယောက်နဲ့တစ်ယောက်ပြေပြေလည်လည်…
ဖြစ်ာကရင်ကောင်းသပေါ့ဗျာ…
ပြောရရင်လည်း ကိုယ်သာကားမစီးနိုင်တာ…
ကားတွေကလည်းပိုပိုများလာသဗျ…
အခန်းတွေပများ ၊ကားတွေကများနဲ့….
လူတွေကလည်းပိုများလာတာပေါ့ဗျာ…
ဒီကြားထဲမကြေလည်တာတွေများကြရင်တော့ဖြင့်…
ဘယ်ကောင်းနိုင်ပါ့မလဲနော်…
သည်းခံ သည်းခံ….
ဘုရားဟောအတိုင်းသာနေရရင်…
ကျွတ်တန်းသာဝင်နိုင်လောက်ပါရဲ့ဗျာ….
ကျွတ်တန်းမ၀င်ခင် သံယောဇဉ်လေးတွေ…
တန်းကြည့်ရအောင်လားဗျို့…
ရန်ကုန်မြို့ထဲကလမ်းဘေး…
ဖုန်းလျှောက်လွှာအရောင်းဆိုင်တွေမှာ…
ရေးထားတဲ့စာလေးတွေပြောင်းသွားပြီဗျ…
အရင်ကလို GSM ဖုန်းလျှောက်လွှာမဟုတ်တော့ဘူး…
CDMA ဖုန်းလျှောက်လွှာပါတယ့်ဗျာ…
သို့ ဦးဆောင်ညွှန်ကြားရေးမှူးလို့ဆိုပြီးတော့..
မျှော်လင့်ချက်တွေ အိတ်ထည့်ပေးကြတာပေါ့ဗျာ…
ကြားရသလောက် CDMA ဖုန်းရေ သုံးသောင်းကျော်..
ဆက်တိုက်တပ်ဆင်ပေးသွားမယ်ဆိုပဲ…
တစ်ခါလောက်များကံစမ်းကြည့်အုံးမှပဲဆိုပြီး…
ငွေနှစ်ရာနဲ့ဝယ်ထားပြီး
စာကြည့်စားပွဲအောက်ရောက်နေတဲ့….
ဖုန်တက်နေတဲ့ GSM ဖုန်းလျှောက်လွှာလေးကို…
လွမ်းမိပါရဲ့ဗျာ…
အဲဒီတုန်းကတော့ ကံကောင်းလို့များ
ဖုန်းပေါက်လာခဲ့ရင်..
ဘယ်ကရတဲ့ပိုက်ဆံနဲ့ပိုက်ဆံပေးရမလဲဆိုပြီးတော့ပေါ့..
မိုက်မဲပြီး သွားမလျှောက်တော့တာ..
နောက်မှ သိလိုက်တာက ပေါက်ခဲ့ရင်…
ကိုယ်မှ ပိုက်ဆံပေးစရာမလိုပဲ..
ပွဲစားက သူ့အလိုလိုရောက်လာတာ…
အော် ရောင်းဖို့မှမဟုတ်တာ..
သုံးဖို့အတွက်ဆိုပြီးတော့သာ…
ဖြေတွေးလေးနဲ့နေလိုက်ရတယ်..
ဖုန်းရောဂါက အခုထိမပျောက်သေးဘူး..
တကတည်းဗျာ ဖုန်းလေးတစ်လုံးရဖို့..
ရင်းနှီးရတာတွေကတယ်မလွယ်ပါလား…
တစ်ခါတုန်းကဆို ဟောပြောပွဲတစ်ခုမှာ…
ပရိတ်သတ်တစ်ယောက်ထမေးလေရဲ့..
ဖုန်းလိုချင်လို့ ဘယ်လိုလျှောက်ရင်ရနိုင်သလဲတဲ့ဗျာ…
ဟောတဲ့အကြောင်းအရာကတစ်ခု..
ထမေးတာကတစ်ခုနဲ့ ပြောတဲ့လူလည်း..
ဘာပြန်ဖြေရမလဲမသိ…
ဖြေလိုက်တာကလည်း..
ကျနော်ကိုယ်တိုင် ဖုန်ဘယ်လိုချပေးနေသလဲဆိုတာ..
မသ်သေးပါဘူးတဲ့ဗျာတဲ့။
ဖြေသူရော မေးသူပါကောင်းပါတယ်။
အခြေခံဆက်သွယ်ရေးတစ်ခုဖြစ်တဲ့..
ဖုန်းတွေ ဘယ်လို ဖောဖောသီသီ သုံးရတဲ့အချိန်..
ဘယ်တော့ရောက်မလဲဆိုတာ အိပ်မက်ရင်းနဲ့ပဲ..
နောက်များမှတွေ့ကြစို့ရဲ့…
ဘာရယ်မဟုတ်ပါဘူး..
မုတ်သုန်တို့ရန်ကုန်မှာပါဗျာ။            ။

ကမ်းဆဲလက်ရဲ့လေတိုးသံ

ကမ်းဆဲလက်ရဲ့လေတိုးသံ

(၁)
ပျော်စေလို၊ ပျက်စေလို
ရှင်းမရတဲ့အကွဲအရှတွေကြား
မလိုအပ်တဲ့
အရာတိုင်းလွှင့်ပစ်ရအောင်
မင်းဘ၀ကကျဉ်းခဲ့တာလား
မှိန်ဖျော့အရောင်တွေ
စိမ့်ဝင်မလာခင်အထိတော့
ပျက်သုဉ်းခြင်းကိုမထားခဲ့လေနဲ့
ခပ်ကြမ်းကြမ်းဝင်လာတဲ့
ပုံရိပ်ဟောင်းတွေ ဘယ်လိုထိန်းရပါ့မလဲ…

(၂)
စကားလုံးတွေကျဲတောက်လို့…
နေသားတစ်ကျဖြစ်သွားမတဲ့..
ချပစ်လိုက်ရတဲ့ခံစားချက်တွေ
တစ်စချင်းဖဲ့ခြွေနေတာတောင်
ခေါ်သံတွေကရပ်တန့်မသွားဘူး
ငါအော်ခေါ်နေတာလေ..
(ဒီမှာ………….)
အသားကျရင်အရိုးကျန်သတဲ့
အရိုးတွေပုံထပ်လို့
မြည်တွန်နေတဲ့အရိုးတွေကို..
ခါးခါးသီးသီးငြင်းပစ်လိုက်မှာလား…

(၃)
ယဉ်ယဉ်ရူးက ရူးကြောင်ကြောင်
အက်ကြောင်းထမတတ်စိတ်အော်သံတွေ
အရင်းလွန်လို့စိန်းဖန့်နေတာ
စကားစိမ်းတွေရိုက်ခတ်ဖို့မဟုတ်ဘူး..
အလင်းမပျောက်ခင်တစ်ခဏကို
ဘာနဲ့ရင်းရပါ့မလဲ…..

(၄)
အဝေးကေ၀၀ါးခြင်းတွေကြား၊
သွယ်ယှက်မှုအလင်းစက်တွေကြား၊
တင်းမာတဲ့စကားလုံးတွေ
တစ်ခဏထိလိုက်တာနဲ့
ပြတ်တောက်သွားတော့မလို
ဘယ်လောက်ထိနက်ဖို့ပြင်သလဲ…. အမှောင်

(၅)
လေစိမ်းတွေတိုက်လို့
ညတွေမှောင်မိုက်ခဲ့မယ်ဆိုရင်တောင်
နေ့သစ်တွေရောက်တိုင်း
သစ်လိုက်တဲ့မျက်နှာ လင်းပွင့်လို့
မျက်နှာဖုံးအထပ်ထပ်နဲ့
ကွာကျခြင်းရဲ့ ခွာချခြင်းများ
တဆစ်ဆစ်နာနေမယ်ဆိုလည်း
အစစ်ထဲကအစစ်တစ်ခုတော့လိုချင်ပါရဲ့….

(၆)
အေးစက်မှောင်မိုက်ခြင်းတို့
ကြီးစိုးသွားတဲ့အထိ
(ခဏလောက်မနေနိုင်တောင်….. )
အမြန်ကြီးထွက်မသွားနဲ့။ ။

မဟန်နီ ရဲ့ တိုက်တွန်းမှုကြောင်
့ရေးဖြစ်သွားတဲ့ကဗျာလေးပါ…
ဒီရက်ပိုင်း ဖတ်နေရတဲ့စာတွေက
ကောင်းနေတာကြောင့်..
စာရေးဖို့ပျင်းရိလွန်းနေတဲ့အချိန်….
ရေးဖြစ်ခဲ့တဲ့ ကဗျာလို့လည်း
ဆိုနိုင်ကောင်းပါရဲ့…
ပိုပြီးတော့ပြောရရင်
အလုပ်တွေမအားဘူးလို့..
ဆိုပြန်ရင်လည်း အလုပ်အားတဲ့အချိန်
ဘယ်အချိန်ဆိုတာတောင်..
မမှတ်မိတော့လို့ busy ဆိုတာပြောကိုလည်း
မသင့်တော်တော့ပါဘူး….
ဘယ်လိုပဲဖြစ်ဖြစ် busy နေတဲ့ကြားကပဲ
ရေးခဲ့သမျှထဲအကြိုက်ဆုံးလို့မဆိုနိုင်တောင်..
အကောင်းဆုံးထဲမှာပါနိုင်တဲ့…
ကဗျာတစ်ပုဒ်ရေးဖြစ်အောင်…
တိုက်တွန်းပေးခဲ့တဲ့အစ်မဟန်နီရေ ကျေးဇူးပါဗျ…
ကဗျာအဆုံးမှာတော့..
ခပ်မြန်မြန်ကြီးထွက်မသွားနဲ့လို့ဆိုခဲ့ပါတယ်…
ပြောရရင်တော့…
ခပ်မြန်မြန်ကြီးထွက်သွားတဲ့ လူတစ်ယောက်အကြာင်း..
စဉ်းစားရင်းရေးခဲ့တာပါ..
ပြီးခဲ့တဲ့အရာတစ်ခုကို ပြန်စဉ်းစားရင်းရေးခဲ့တာ..
အတော်ခံရခက်ပါတယ်…
မကျက်အနာဟောင်းတုတ်နဲ့ဆွတယ်လို့..
ဆိုခဲ့တဲ့သီချင်းထဲကအတိုင်းလိုပေါ့ဗျာ…
ဆိုချင်တာက စကားလုံးတစ်ချို့ကို…
မဟန်နီဆီက ယူသုံးစွဲခဲ့ပါတယ်…
ကျန်တဲ့စကားလုံးတွေကိုတော့….
ရင်းနှီးခဲ့တဲ့ အချိန်တွေထဲက..
ပြန်တူးဖော်ခဲ့ပါတယ်လို့………။

အစစ အရာရာ အဆင်ပြေကြပါစေဗျာ….
မုတ်သုန်