header image
 

ကောလဟာလများနဲ့ယပ်ခပ်နေရပါသောရန်ကုန်

ဘာတွေဖြစ်နေလဲ၊ ဘာတွေဖြစ်နေလဲ…
ဘယ်လိုတွေဖြစ်ကုန်ကြပြီလဲ….
(ဘာမှမဖြစ်ဘူးဗျို့……..)
ဒီအပြောတွေနဲ့ပဲ ရန်ကုန်သတင်းတွေ..
စကြပါစို့ရဲ့…
မစလည်း အိမ်ခဲနဲ့ပေါက်ခံရတော့မယ်…
ဟုတ်ကဲ့ ရန်ကုန်မှာဘာမှမဖြစ်ပါဘူး…
ရန်ကုန်မှာဘာတွေဖြစ်နေလဲဆိုတဲ့မေးခွန်းကို…
ရန်ကုန်ပြင်ပကလူတွေရော…
ရန်ကုန်ပြည်ပကလူတွေပါ…
မေးကြလွန်းလို့ မိတ်ဆွေတစ်ယောက်ကတော့..
ဖုန်းကြိုးတောင်ဖြုတ်ပစ်လိုက်တယ်ဆိုပဲ..
ဟုတ်ပါ့ဗျာ… သူ့ခဗျာ သီချင်းရေးဆရာဆိုတော့..
ဘယ်သူများသီချင်းလာဝယ်မလဲလို့….
ဖုန်းလာတိုင်းပြေးကိုင်မိပါတယ်…
ခင်းဗျားတို့ဆီမှာဘာတွေဖြစ်နေပြီလဲ…
မေးခွန်းနဲ့ပဲတိုးနေလို့…
အလွန်စိတ်ပျက်ခဲ့ရပါတယ်တဲ့…
မေးတဲ့လူတွေကလည်းအပြစ်တော့မဆိုတန်ရာ…
လုံခြုံရေးတွေအများကြီးချထားတယ်…
စစ်ကားတွေလည်းလှည့်နေတယ်…
စက်တင်ဘာတုန်းကလိုဖြစ်နေပြီဆိုပြီးတော့…
သတင်းတွေကလည်းပျံ့နေသမို့…
ရန်ကုန်မှာ လုံခြုံရေးတွေတိုးလာတာတော့အမှန်ပါ…
ဘာကြောင့်တိုးသလဲဆိုတာတော့မသိပါဘူး…
သေချာတာကတော့ ပြည်သူဆန္ဒခံယူပွဲနီးလာလို့…
ဖြစ်မယ်ထင်ပါတယ်…
ဆန္ဒခံယူပွဲက ကြားရသလောက်တော့..
မေလတတိယပတ်အတွင်းမှာ…
လုပ်လိမ့်မယ်လို့ သတင်းတွေကထွက်နေတာကြောင့်…
ဒီအတွက်လုံခြုံရေးတိုးတာဖြစ်နိုင်ပါတယ်…
ကျန်တာတွေလည်းရှိကောင်းရှိနိုင်ပါတယ်…
မျက်စိကြီး၊ နားကြီးသူတွေ…
ပိုသိကြမှာပေါ့ဗျာ…
မုတ်သုန်တို့ကတော့..
မျက်စိသေး၊နားသေးလေတော့…
ဘာဘာ ဘာမှမသိဆိုတာလိုပေါ့ဗျာ…
ဘာဘာ ဘာမှမသိဆိုလေတော့..
မင်းသိင်္ခတစ်ယောက် ကွယ်လွန်သွားလေပြီလို့…
ကောလဟာလတွေကလည်းထွက်လာသေးတယ်ဗျ…
သူ့အမျိုးသမီးကတော့ ဒီသတင်းမမှန်ကြောင်း…
ငြင်းပါလေတယ်ဗျာ….
ထပ်ဆိုလေတာကတော့.. ဒီသတင်းဟာ..
ယတြာချေတာလည်းဖြစ်နိုင်ပါတယ်တဲ့…
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ….
ဒီလိုသတင်းတွေထွက်ခဲ့ဖူးပါတယ်…
မရမ်းတလင်းခြံကိုသွားကြသူတွေကလည်း…
ဒီသတင်းထွက်ပြီးနောက်ပိုင်းအတော်များခဲ့ပါတယ်လို့
မှော်ဘီကလူတွေကတော့ပြောကြပါတယ်…
ကွယ်လွန်ခြင်းနဲ့ပတ်သက်လို့…
သတင်းတစ်ခုလည်း ထပ်ပြီးတော့ ထွက်ခဲ့ပါတယ်…
ဒီသတင်းကလည်း အမှားကြီးပဲဖြစ်နေပါသေးတယ်…
ဒီမတိုင်ခင်အချိန်ကလည်း စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်..
သေသွားရှာလေပြီဆိုပြီး သတင်းတစ်ခု ထွက်ခဲ့ပါတယ်…
သိပ်မကြာပါဘူး… တစ်ကယ်သေသွားခဲ့တာက…
စိုင်းထီးဆိုင်ဖြစ်လို့နေပါတယ်…
စိုင်းထီးဆိုင်ဆိုလို့ စိုင်းထီးဆိုင်ရဲ့နောက်ဆုံးခရီး..
ဘယ်သူတွေတက်ကြသလဲဆိုတာကိုလည်း…
အများကစိတ်ဝင်စားခဲ့ကြပါတယ်…
တကယ်တန်းလာခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာ….
အများကလာမယ်လို့ထင်ထားတဲ့လူတွေ…
တစ်ယောက်မှရောက်မလာခဲ့ပါဘူး..
ပရိသတ်တွေကသာများခဲ့တာပါ…
စိုင်းထီးဆိုင်ရဲ့နောက်ဆုံးခရီးကို….
လိုက်ပို့ခဲ့ကြသူတွေထဲမှာ…
စိုင်းခမ်းလိတ်၊ သုခမိန်လှိုင်၊ ၀င်းမင်းထွေး၊
မောင်သစ်မင်း၊ ခင်မောင်တိုး၊ ကိုရဲလွင်၊
ဗစ်တာခင်ညို၊ ပလေးဘွိုင်သန်းနိုင်၊
ဘိုဘိုဟန်၊တယောဦးတင်ရီ….
မင်းချစ်သူ၊ စိုင်းဆိုင်မောဝ် ၊ဘိုဘို၊ဘိုဖြူ၊
ဆောင်းဦးလှိုင်၊ရင်ဂို၊ ဂျေမောင်မောင်၊
စိုင်းစိုင်းခမ်းလှိုင်၊အက်စစ်အဖွဲ့သားတစ်ချို့၊
ဆုန်သင်းပါ၊ ဇမ်နူး၊ သံသာဝင်း၊…..
နောက် တချို့၊ တစ်ချို့ သော…
အနုပညာရှင်တွေ…
ဒါပါပဲ ဒီလောက်ပဲလာခဲ့ကြတာပါ…
လေးဖြူ ဘယ်ချောင်မှာသွားအိပ်နေသလဲမသိပါ..
နောက်…. ဇော်ဝင်းထွဋ်..
အတော်ကိုအလုပ်များနေပုံပါပဲ…
ပြီးတော့ စိုင်းထီးဆိုင်သီချင်းတွေကို…
ပြန်ဆိုထားကြတဲ့ ပရိသတ်ကကျေးဇူးရှင်ပါဆိုတဲ့စကားကို
ရေလဲသုံးစွဲနေကြသူတွေ
တစ်ယောက်မှရောက်မလာခဲ့ပါဘူး…
သွားလေသူရဲ့နောက်ဆုံးခရီးဟာ…
ပရိသတ်တွေနဲ့ပဲလှပခဲ့တာပါ…
မီးသဂြိလ်စက်ကနေ… အုတ်ဂူတန်း…
ဘယ်လောက်ဝေးစေဦးတော့…
ဂူသွင်းပြီးတဲ့အထိရှိနေခဲ့တာ…ပရိသတ်တွေပါ..။
ဒီလိုဆိုလို့ မလာတဲ့သူတွေက…
ပရိသတ်တွေများမှာစိုးလို့… ဘာလို့ ညာလို့..
ကြိုက်သလောက်ပြောလို့ရပေမယ့်…
ဒီခရီးဟာလူတစ်ယောက်ရဲ့နောက်ဆုံးခရီးပါ…
ပိုပြီးပြောရရင် ကိယ်ပိုင်သံစဉ်ခေတ်ကိုထူတောင်ပေးခဲ့တဲ့..
ဂီတသမားရဲ့နောက်ဆုံးခရီးပါ…
ပြန်ပြောရင် စိုင်းထီးဆိုင်တို့ဖြတ်ခဲ့ရတဲ့ ခေတ်ဦး…
အလွန်ကြမ်းခဲ့ပါတယ်…
ဖြတ်သန်းဖူးသူတိုင်းလည်းသိကြပါတယ်..
အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း …ဘာညာဆိုပြီး..
ဆူညံ့နေတဲ့အသံတွေကြားက..
ရိုးစင်းတဲ့စကားလုံးသံစဉ်အဖွဲ့တွေနဲ့…
ကိုယ်ပိုင်သံစဉ်တေးသွားတွေ…
မနည်းကိုထိုးဖောက်ခဲ့ရတာပါ…
လွယ်လွယ်လေးပြောရရင်..
ခေတ်ဦးဂီတသမားတစ်ယေက်ရဲ့..
နောက်ဆုံးခရီးကို ဂီတသမားတွေဘာကြောင့်…
မုဒိတာထားလို့၊ အငြိုးတွေဘေးဖယ်ပြီး…
ဘာကြောင့်မလာနိုင်ကြရတာလဲ…
စိုင်းထီးဆိုင်မိုက်ရိုင်းခဲ့၏..
စိုင်းထီးဆိုင် ဆိုးသွမ်းခဲ့၏…
သူဘာတွေပဲလုပ်ခဲ့လုပ်ခဲ့..
သူ့အနုပညာစစ်ခဲ့ပါတယ်…
ပြောရရင် ထူးအိမ်သင်တောင်သူ့လောက်…
အနုပညာမစစ်ခဲ့ပါဘူး..
(နာလိုသူတွေနာကြပါစေလေ….
အဟောင်းကိုအသစ်လုပ်လို့ထပ်ပြီးတော့…
စာဖွဲ့မနေချင်တော့ပါဘူး….)
ဒီလူကြီးကဘာညာ ပြောလို့ရပါတယ်…
တကယ်တန်းပြောရရင်…
အကုန်လုံးက သေလမ်းသွားမယ်သူတွေပါပဲ…
ကိုယ့်အလှည့်ရောက်တော့မနွဲ့စတမ်းပေါ့လေ…။
ထားပါတော့လေ….
စိုင်းထီးဆိုင်ရဲ့နောက်ဆုံးခရီးကို..
စိုင်းခမ်းလိတ်နဲ့ ပရိသတ်တွေလိုက်ပို့ခဲ့တာပဲ…
အလွန်ကိုလှပသွားခဲ့ပါပြီ…..။
စိုင်းထီးဆိုင်နောက်ဆုံးခရီးနဲ့ဆက်စပ်လို့..
ရေဝေးမှာလုပ်ခဲ့တဲ့အသုဘပွဲတစ်ခုအကြောင်း..
ပြောပြချင်ပါသေးရဲ့….။
ငါးလောင်းပြိုင်အမှုမှာသေဆုံးခဲ့တဲသူတွေကို…
သဂြိုလ်ခဲ့တာပါ…
စပ်စုလိုသူတွေသာများခဲ့တဲ့…
ဒီအသုဘမှာ ရဲတွေလုပ်သွားပုံက ပြုံးစရာပါပဲ…
ကားတံခါးဖွင့် အလောင်းတွေရှေ့လာ…
နာမည်တွေလိုက်ရွတ်လို့
တရားခံတွေကို ကိုယ်တိုင်ဖမ်းပေးပါ…
အမိန့်စာချပြီး ပြန်ထွက်သွား…
ဘေးနာကလူတွေက ငိုရခက်၊ ရီရခက်။
တတ်နိုင်သလောက်လုပ်တာလေပဲပေါ့ဗျာ…
ဂျာနယ်တစ်စောင်မှာရေးထားပုံများဆို…
အသုဘအခမ်းအနားသာပြီးသွားခဲ့တယ်…
မျှော်သူကားရောက်မလာခဲ့တဲ့။
ဂျာနယ်တွေလည်းအတော်ရောင်းရဆိုပဲ…။
လူတွေကတော့ ဒီသတင်းအတော်စိတ်ဝင်စားကြပါတယ်။
ဒီအကြောင်းနဲ့ဆက်စပ်လို့…
ချမ်းသာကြလေသူများ အိမ်လုံခြုံရေးပိုဂရုစိုက်လာကြပြီ…
ဆိုတာတွေကလည်း ပြုံးစရာတော့အကောင်းသားပေါ့ဗျာ…
ဆိုရေးရှိက ဆိုပါရစေလား…..
ထပ်ပြီးပြောချင်တာက မီးအကြောင်းပါပဲ…
အခြေခံပညာအထက်တန်းတွေ စာမေးပွဲဖြေချိန်မို့..
အရင်နှစ်တွေက မီးမှန်တတ်လေတော့…
မီးကတော့ လာချိန်မလာ၊ မလာချိန်မလာပါပဲ…
ပိုတောင်ဆိုးလာသလိုပါပဲ….
စာမေးပွဲအကြောင်းပြောတော့…
မန္တလေးကအဖြစ်ကလည်း သနားစရာပါ…
စာမေးပွဲဖြေနေတုန်း ကျောင်းဘေးမှာ….
မီးလောင်တော့ ကျောင်းသားတွေခဗျာ…
အလန့်တကြားဖြစ်ရပြီး….
အဖြေလွှာတွေကိုင်လို့ထွက်ပြေးကြတာ..
ဆရာတွေရော၊ ကျောင်းသားတွေပါ..
ကစဥ့်ကလျားအတော်ဖြစ်ခဲ့ရပါတယ်တဲ့…
မုတ်သုန်ခန့်မှန်းလို့အရဆို…
အဲဒီမှာဖြေတဲ့ကျောင်းသားတွေအကုန်…
စာမေးပွဲအောင်ကြလိမ့်မယ်ထင်ပါရဲ့..
မီးကတစ်ကယ်လောင်ခဲ့တာကိုး…
ကျောင်းကိုတော့ မီးမကူးခဲ့ပါဘူး…
ရန်ကုန်မှာတော့ မီးကမလာ၊
ရာသီဥတုကပူလေတော့…
အာလုံးကိုယ်စီ ယပ်တဖျပ်ဖျပ်နဲ့ပါပဲ..
ယပ်တောင်တွေရောင်းအားတက်တာပေါ့ဗျာ…
အိတ်စပို့မလုပ်ရင်တော့..
ယပ်တောင်ဈေးတွေမတက်လောက်ဘူးထင်ပါရဲ့..ဒီလောက်နဲ့ပဲ ရပ်ကြပါစို့လားဗျာ…
လာတဲ့လူတွေက တော့ပြောကြပါလေရဲ့ဗျ..
မင်းဟာတွေဖတ်ရတာမောတယ်တဲ့..
နောက်နေ့ကျရင် ရေချမ်းစင်ဆောက်ပေးထားပါမယ်လို့..
တစ်ချို့များကြတော့လည်း.. အဝေးကလာရတော့…
ရာသီဥတုပူတော မောလေမပေါ့ဗျာ…
သေချာတာကတော့ ကောင်းတာတွေကို..
သိပ်ပြောစရာမလိုပါဘူး..
ကောင်းတဲ့သတင်းဆိုလူတိုင်းသိနေမှာပေါ့ဗျာ…
မုတ်သုန်ကတော့ ခုတလော…
ဒဂုန်တာရာရဲ့ မေ၀တ္ထုထဲက..
အပိတ်စာသားကိုပဲ ရေရွတ်မိနေပါရောလား…
ဘာတဲ့ဗျာ…
အကောင်းကိုရှာ၏
အကောင်းကမရှိတော့ပြီ…..
ဆိုတာမျိုးပေါ့….
လူချစ်လူခင်လည်းအတော်ပေါလာပါတယ်…
ဘာရယ်မဟုတ်ပါဘူး..
မုတ်သုန်တို့ရန်ကုန်မှာပါဗျာ……..။

~ by မုတ်သုန်လေ on March 16,08.

8 Responses to “ကောလဟာလများနဲ့ယပ်ခပ်နေရပါသောရန်ကုန်”

  1. ဝှူး—- ရင်မောတယ်။ ရေတိုက်ပါ။ ယပ်တောင်တော့ ကိုယ့်ဘာသာယူလာမယ်။

  2. စိတ်မချမ်းသာဘူး မုတ်သုန်…. စိတ်မချမ်းသာဘူး
    မကြားရတော့ စိတ်ပူတယ် ကြားရပြန်တော့ စိတ်ဆင်းရဲတယ်
    ကိုယ်ချင်းစာတယ်… သနားတယ်… ယူကြုံးမရဖြစ်တယ် … နောက် ၁နှစ် ၂နှစ် မပြောနဲ့ ရှေ့၁လ ၂လတောင် ဘာဖြစ်မယ်မသိရဘူး
    ဟူး ….

  3. ရန်ကုန်အကြောင်းတွေလာဖတ်သွားတယ်..
    မုတ်သုန်ရေ.. နွေဘက်ရောက်လာပြန်ပြီဆိုတော့ မီးဘေးက ကြောက်ရပြန်ပါရော.. :(
    ကလေးတွေ ၁၀ တန်းဖြေပြီးလောက်ပြီပေါ့လို့စိတ်က တွေးနေမိသေးတယ်။ သတင်းတွေအစုံသိရလို့ ကျေးဇူးပါ။

  4. မုတ်သုန်ရေ့ မင်းပို့ စ်ဖတ်ရတာမမောပါဘူးကွာ ငါတော့ကြိုက်တယ် သတင်းစာဖတ်ရရင်တောင် အာပလာသတင်းတွေကြီးပဲဖတ်နေ၇တယ် ဒီမှာကတော့ ဂွတယ်ကွ….။ ကျေးဇူးဗျာ ဒါနဲ့  ဒီနှစ်က မီးတော်တော်ဒုက္ခပေးနေပါလားကွာ စိတ်ညစ်လိုက်တာ ။

  5. ဖတ်ရတာ နည်းနည်းတော့ မောသွားတယ် ရန်ကုန်ရေ … အဲ … မုတ်သုန်ရေ :D

  6. ဖတ်ရတာ မောပါ့ ဒါပေမယ့် ကျေးဇူးတင်တယ်
    ဒီလို update မျိုးလေး တပတ်တခါ မဟုတ်တောင် တလတခါလောက်တော့ ရေးစေချင်ပါတယ် မုတ်သုံရေ
    မီးတွေကလည်း လောင်ပဲလောင် လောင်နိုင်လွန်း…

  7. တစ်ပတ်အတွင်း သတင်းပေါင်းချုပ်ကြီးပေါ့ဗျာ။ ကြိုက်တယ်။

  8. ရန်ကုန်ပြန်ရောက်သွားသလိုခံစားရပါတယ်။
    အရေးအသားကို နှစ်သက်မိပါတယ်။

Leave a Reply