ဂျိုကာများတဲ့ဖဲထုတ်
ဂျိုကာများတဲ့ဖဲထုတ်
အခြေအနေက အဆင်မပြေဘူး
နေပူတော့လည်းပူလို့…. မိုးရွာတော့လည်း မိုးရွာလို့
ငါတို့… ဘာကိုအလိုမကျဖြစ်နေသလဲ
လောကနဲ့ လိုက်လျောညီထွေလည်း နေတတ်တယ်။
ဇဝနဥာဏ်ဖျတ်ဖျတ်လတ်လတ်နဲ့လည်း ဟာသလုပ်ပစ်တတ်တယ်။
အတတ်ပညာ…. နည်းပညာပေါင်းစုံနဲ့လည်း…
ကိုယ့်ကိုကိုယ် သက်တောင့်သက်သာရှိအောင်နေတတ်တယ်။
အရှက်ပြေလည်း ချော်လဲရောထိုင်လုပ်တတ်တယ်။
လုပ်သလိုမဖြစ်လည်း ဖြစ်သလိုလုပ်တတ်တယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ … တရားလည်းရှိတယ်…
ပျော်ပျော်နေသေခဲ.. ရေလိုက်ငါးလိုက်လည်းနေတတ်တယ်။
ငါးမရလည်းရေချိုးပြန်တယ်။
သစ်မရှိခင်စပ်ကြားမှာလည်း ဝါးဘောင်ကွပ်တတ်တယ်။
ကြာကြာဝါးမယ့်သွား
ဘာစားစား အရိုးလည်းကြည့်ရှောင်တတ်တယ်။
မိုးခါးရေ တကယ်မသောက်ပဲနဲ့လည်း
ရူးချင်ယောင် ဟန်ဆောင်တတ်သေးတယ်..။
တစ်ခါသေဖူး… ပျဉ်ဖိုးလည်းနားလည်တယ်။
ပြန်မပြောနားမထောင်
ဆင်ဝှေ့ရန်ရှောင်လည်း နေတတ်တယ်။
ပျော်ရာမှာမနေရရင်
တော်ရာမှာလည်း ပျော်ရာပျော်ကြောင်းရှာတတ်တယ်။
ဟိုကွေ့ရောက်တော့ဟိုတက်
ဒီကွေ့ရောက်တော့လည်း ဒီတက်နဲ့လှော်တတ်တယ်။
ရှိပူရသေး ကုန်မှနားအေး
ဟိုဟာချေးများ …. ဒီဟာချေးများနဲ့
ရောက်လေရာမှာအကြွေးချန်ထားတတ်တယ်။
အကြွေးသာရမယ်ဆိုရင်…ဆင်လည်းသက်စေ့ဝယ်တယ်။
အလာကားသာရမယ်ဆိုရင်… ရေလည်းအဝသောက်တယ်။
နေမပူရင်ပြီးရော … ကျောအပူလည်းခံနိုင်တယ်။
မရှိ … ရှိတာနဲ့ လှအောင်ဝတ်တယ်။
မရ … ရတာနဲ့ ဝအောင်စားတယ်။
ဘုရားလည်းဖူးရင်း … လိပ်ဥလည်းတူးရင်း.
ဘုရားမကြိုက်တာ ဘာမှမလုပ်ပါဘူး။
ကိုယ်ကြိုက်တာလေးပဲ ကိုယ်လုပ်တာပါဆိုပြီး
ဆင်ခြေဆင်လက်တွေလည်း အများကြီးပေးတတ်ကြသေးတယ်။
ဒါနဲ့များ..
ဘာကိုအဆင်မပြေ ဘာကိုအလိုမကျဖြစ်နေတာလဲ…
ဘဝဆိုတာတိုက်ပွဲ
လူတိုင်း
ကိုယ့်အသက်ကိုယ်တော့ ရှည်အောင်မွေးမြူနေကြတာပါပဲ။
ငြိမ်းမောင်
၂ဝဝ၈ ဧပြီ ပိတောက်ပွင့်သစ်… မှ

ဒီကဗျာလေးတော့ သဘောကျတယ် မုတ်သုန်ရေ.. လူတွေအားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေနေနိုင်အောင် ကြိုးစားနေရတာပါပဲ…
ကဗျာကို အလကား ဖတ်ပြီးပြီ ငါလည်းး
အလာကားသာရမယ်ဆိုရင်… ရေလည်းအဝသောက်တယ်ကွ
ကျေးဇူး။ ဖြစ်နေတာတွေကို တည့်တည့်ရေးပြလိုက်သလိုပဲ
Now I know deeply that poetry is demostration in words.
ထူးခြားတယ်ဗျို့..

ကဗျာတွေသိပ်မကြိုက်တဲ့အစ်မနုစံက သဘောကျတယ်တဲ့..
အစ်မကေသွယ်ဆို ပြန်တောင်ညွှန်းလိုက်သေး…
ပိုထူးခြားတာက ဒီလထုတ် ပိတောက်ပွင့်သစ် တစ်အုပ်လုံးက..
ပစ်ရက်စရာမရှိအောင်အတော်ကောင်းနေတယ်…