Archive for စာပေရေးရာ
မျက်ရည်သစ်ပင်
ချစ်ခြင်းနဲ့ပတ်သက်လို့
အကြောင်းအရာတစ်ခုလောက်ရေးကြည့်ဖို့
မောင်မျိုးကို ချောက်တွန်းလိုက်တော့ တကယ်ရေးတယ်ဗျာ
သူတောင်ရေးသေးတာပဲ
ဘာရမလဲဆိုပြီး ကော်မန့်တောင်ဝင်ပေးပစ်တယ်
အဲဒီကော်မန့်ကိုထောက်ခံတဲ့လူကရှိသေး
နောက်နေ့တွေ့တော့
ဆရာသမားက မင်းလည်းရေးပါလားတဲ့။
အဲဒါမှ ပြဿနာ…. မရေးပြန်လဲမကောင်း… ရေးပြန်တော့လဲမကောင်း
ကြောင်မျိုးကတော့ စိတ်ခုနေမှာအသေအချာ
.ဟိုဟိုဒီဒီခေါင်းရှောင်လို့..ရပေမယ့်
ကိုယ်စရှို့ထားတဲ့အရာဖြစ်နေပြန်… နေပါဦးလေ
ချစ်ခြင်းဆိုလို့ စတုန်းကလည်းမကောင်း
အဆုံးလည်းကောင်းမည်မထင်
ဘယ်တုန်းကမှလည်းကောင်းတာမရှိခဲ့
ဘယ်လိုလုပ်ရမလဲစဉ်းစားရင်း
တရေးနိုးသော်အကြံပေါ်တဲ့… တရေးတော့မနိုးပါဘူး
ညမအိပ်ပဲစာအုပ်ရှာလိုက်တာ
ဖယောင်းတိုင်လေးငါးတိုင်လောက်ကုန်အောင်..မီးထွန်းရှာလိုက်တာ
တွေ့ပါလေရဲ့ဗျာ
စာအုပ်ရှာတာကလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး
သူငယ်ချင်းတစ်ယောက်ကိုပေးလိုက်ချင်လို့
အလာတော့ကောင်းပါရဲ့ အခါနှောင်းဆိုသလို
ပေးချင်တဲ့စာအုပ်က ပေးချင်တဲ့လူဆီ
အကြောင်းအမျိုးမျိုးကြောင့်ရောက်မသွားရှာလေဘူး
နောက်တွေ့တော့ပေးရတာပေါ့
စိတ်ထဲတော့ သိပ်မကောင်းလှဘူး
ဖြစ်တတ်တဲ့သဘာဝမို့…လက်ထဲရှိနေတဲ့စာအုပ်ကိုပဲ
ဟိုဟိုဒီဒီလှန်ကြည့်ရင်း… စာတရွက်လှန်တိုင်း
ရင်ခုန်သံတွေအစိမ်းလိုက်မြည်တယ်
ဟိုးတုန်းကပြောတာပါ
တော်တော်စွဲလန်းခဲ့ရတဲ့စာအုပ်
ကဗျာစာအုပ်ဆိုပေမယ့်
အက်ဆေးတစ်ချို့နဲ့ရောမွှေထားတာ
အဲဒီစာအုပ်ရဲ့ နောက်ဆုံးပိုင်းမှာ
အက်ဆေးလေးတစ်ခုပါတယ်
တကယ်ကောင်းပါတယ်
ရေးတဲ့လူကတော့ရှေ့မှာပြောခဲ့တယ်ဗျ
”ခင် ဟူ၍ရင်တုန်လာသဖြင့်
လက်ကလေးဖြင့်ဖိထားရပါသည် ” တဲ့
တော်တော်ဆိုတဲ့စာပါ
သူရဲ့ခံစားပုံအရဆို တကယ်လည်းဖြစ်နိုင်ပါတယ်
အဲလိုရင်ခုန်သံမျိုး မီးကူးကြည့်ဖို့ကြိုးစားကြည့်သေးတယ်
ကံဆိုးချင်တော့ ဘေးနားမှာ ခင် နဲ့တူတာ
တစ်ယောက်မှ မရှိခဲဘူး
လက်လျော့လိုက်ရလေသတည်းပေါ့
ဆိုတော့ဗျာ
စာအုပ်မှာပါတဲ့ အက်ဆေးလေးကို
ပြန်တင်ပေးမယ်
အတော်များမျာကလည်းကြိုက်ကြမှာပါ
မြွေရေခွံအိတ်တစ်လုံးရဲ့အောက်ဆုံးနားရောက်နေခဲ့သော
မရှိတော့ဘူးလို့ထင်တားတဲ့..စာအုပ်လေးကိုလည်း
အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့
နောက်
အမှတ်ရစရာတွေ ရရှိထားခဲ့တဲ့ ဒီရက်သတ္တပတ်ကို
အလေးထားမိတဲ့အနေနဲ့
သူများပြောတဲ့အချစ်အကြောင်းမှာ
သွားအာချောင်ထားမိခဲ့တဲ့အတွက်ရော
အစစ အရာရာ အတွက်ပါ
သူများရေးထားတဲ့
အက်ဆေးတစ်ပုဒ်ပြန်တင်ပေးပါမယ်
ကိုယ်တိုင်ရေးထားတာမဟုတ်ပေမယ့်
ကိုယ်တိုင်ခံစားးခဲ့ရသလိုပါပဲ
စာအုပ်နာမည်က
” ပြုံးနေတဲ့ သံဆူးကြိုးလေး”
ရေးထားတဲ့လူက ကေဇော်
(မန္တလေးသိန်းဖော်လို့လည်းလူသိကြပါရဲ့)
ထုတ်ခဲ့တဲ့ ခုနှစ်က… ၁၉၈၈ မတ်လ
အက်ဆေးနာမည်က “မျက်ရည်သစ်ပင်”
    မျက်ရည်သစ်ပင်
    ထင်းရှုးလမ်းပဒေသာလမ်းပါတဲ့…
    လမ်းကလေးရဲ့တစ်ဖက်တစ်ချက်မှာတော
့ထင်ရှုးပင်တွေအစီအရီပေါက်နေကြ တယ်။
    တစ်ချို့အပင်တွေကငိုနေသလိုပဲ၊
    သူတို့အသီးကြီးတွေကမျက်ရည်စကြီးတွေနဲ့တူနေတယ်။
    တစ်ချို့အပင်တွေကျတော့လည်းခြေလက်တွေချိုးပြီး
    ကနေ ကြသလိုပဲ။အခက်အလက်တွေကော့ပျံ့နေတယ်။
    တချို့ကျတော့လည်းလူရွှင် တော်တွေလို
    အမြဲရယ်ကြဲကြဲလုပ်နေကြပါတယ်။
    တစ်ချို့ကျတော့လေမကြောက်မိုးမကြောက်၊
    နေမကြောက်၊အမြင့်မားဆုံးပေါက်ရောက်ပြီးခါကြီးတွေ
    ထောက်နေလေရဲ့။….. နောက်ပြီး
    ထင်ရှုးပဒေသာလမ်းနဲ့ ပတ်သက်တဲ့
    ဇာတ်လမ်းကလေးတစ်ခု လည်းရှိတယ်။
    နွေတုန်းကထင်ပါရဲ့ ။
    လေဟာမျက်ရည်သစ်ပင်ကြီးတွေကိုအငိုရှာနေတယ်။
    အဲ့ဒီ အချိန်တုန်းက ကောင်လေးတစ်ယောက်
    လမ်းလျှောက်နေတာတွေ့တယ်။
    ကောင်လေးကိုကြည့်ရတာ
    တစ်စုံတစ်ခုနောက်ဆံတင်းနေသလိုပဲ၊
    (လမ်းဘေးက အုတ်ခုံလေးမှာ
    အင်္ဂတေတွေကွာနေလေရဲ့)
    ဒီလိုနဲ့နေ့ရက်တွေ ကုန်လွန် သွားခဲ့တယ်။
    တစ်နေ့ ထင်းရှုးပဒေသာလမ်းကလေးပေါ်ကို
    ကောင်မလေးတစ်ယောက်ထပ်ရောက်လာတယ်။
    သူကလမ်းကလေးကိုအားနာတယ်။
    ကောင်လေးက တောင်းပန်စရာမလိုဘူးကွယ်။
    လူ့ဘ၀ဆိုတာ အားနာစရာမှမဟုတ်တာလို့ရှင်းပြနေချိန်မှာ
    အခက်အလက်တွေကော့ပျံ့နေအောင်
    ခြေတွေလက်တွေချိုးပြီး ကနေတဲ့
    ထင်းရှုးပင်အုပ်ကလေးပေါ်ကို မိုးရွာချတော့တာပါပဲ။
    နေ ထွက်လိုက် မွန်းတည့်လိုက် နေ၀င်လိုက်နဲ့ ၊
    မကြာခင်မှာပဲ ….
    ကောင်လေးတစ်ယောက်ထပ်ရောက်လာပြန်တယ်
    သစ်ရွက်တွေမကြွေရဘူးတဲ့။
    အသံလာရာမော့ကြည့်လိုက်တဲ့အခါ
    အမြင့်မားဆုံးပေါက်ရောက်ပြီး
    ခါးထောက်နေတဲ့သစ် ပင်ကြီးကိုတွေ့တယ်။
    အဲ့ဒီအချိန်ကစပြီးထင်းရှုဒပဒေသာလမ်းပေါ်မှာ
    သူတို့သုံးယောက် လမ်းလျှောက်နေတာကို
    အားလုံးလိုလို မြင်ဘူးကြတယ်။
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ထင်းရှုးပင်ကြီးတစ်ပင်ကရယ်စရာဆိုတာ
    တို့သစ်ပင်ကြီးတွေကစပြီး တီထွင်ခဲ့တာပါကွာလို့
    ရယ်ကြဲကြဲ လုပ်နေတယ်။
    ထင်းရှုးပဒေသာလမ်းကလေးဟာ
    ပျော်စရာဘယ်လောက် ကောင်းပါသလဲ
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ကမ္ဘာကြီးရယ်…
    ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။
    တစ်ကယ်ဆို ဒီအချိန်မျိုးမှာ…
    လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်သင့်ပါဘူး။
    ခုတော့လျို့ဝှက်စွာတိုက်ခတ် သွားတဲ့ မုန်တိုင်းကြောင့်
    ထင်ရှုးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။
    ထင်ရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း
    မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်..
    ဒါပေမယ့်…
    ထင်ရှုးပဒေသာလမ်းပေါ်မှာ
    ကောင်လေးတစ်ယောက်ဟာ …
    လမ်းလျောက်နေတုန်းပါပဲ၊
    (သူ့ကိုကြည့်ရတာ ဘာကိုမှနောက်ဆံတင်းပုံမပေါ်ဘူး၊)
    လမ်းဘေးအုတ်ခုံလေးမှာတော့ အင်္ဂတေတွေကွာနေရဲ့။ ။
    ကေဇော်
    (၂ စက်တင်ဘာ ၁၉၈၅ )
      လယ်တီဆရာတော်ကြီးရဲ့ထေရုပတ္တိစာအုပ်
      မုတ်သုန်အခုဖတ်နေတဲ့စာအုပ်က
      လယ်တီဆရာတော်ကြီးရဲ့ထေရုပတ္တိစာအုပ် ဗျ..
      ဦးအောင်မွန်(မြတ်စုမွန်)ဆိုတဲ့လူရေးထားတာပေါ့..
      စာမျက်နှာတစ်ထောင်ကျော်လောက်ပါလေရဲ့..
      ပုံတွေကလည်းအများကြီး..
      လယ်တီဆရာတော်ဆိုတာဝိပဿနာကို
      ကျင့်ကြံနိုင်ဖို့နည်းလမ်းပေးတဲ့နေရာမှာ
      မြတ်စွာဘုရားပရိနိဗ္ဗန်ပြုပြီးနောက်ပိုင်း
      ပထမဆုံးနည်းလမ်းပြသပေးနိုင်ခဲ့သူဖြစ်ပြီးတော့
      ကမ္ဘာကိုလည်းပျံ့နှံ့အောင်လုပ်ပေးနိုင်ခဲ့တဲ့ဆရာတော်ပါ။
      သိရသလောက်မှာတော့ လယ်တီနဲ့ပတ်သက်ပြီး..
      ဒီလောက်စုံတဲ့စာအုပ်တော့မတွေ့ဖုးသေးပါဘူး..
      ဟိုတုန်းကတော့ပြောကြဖူးတယ်ဗျ..
      ဦးကြီးမြင့်တို့ရဲ့ မြန်မာပြည်စာအုပ်တိုက်ကနေ..
      ဒီလိုပုံစံမျိုးနဲ့ လယ်တီဆရာတော်ဆိုတဲ့..
      စာအုပ်ကြီးထုတ်မယ်ဆိုပြီး.. ၈၀ပြည့်နှစ်တွေလောက်က..
      တော်တော်ကြေုငာခဲ့ဘူးသဗျ..
      ခုချိန်ထိထွက်မလာတာကတော့စိတ်ဝင်စားစရာပါ..
      ဒိစာအုပ်မှာဦးအောင်မွန်ရဲ့..အစွဲနည်းနည်းပါတာက..
      လွဲလို့ အကုန်ကောင်းပါလေ၏ပေါ့…
      လယ်တီဆရာတော်ဆိုလို့မှတ်မိပါသေးတယ်..
      ဆရာတော်က PTS(Pali Text Society) ဆိုတဲ့
      အဖွဲ့ကြီးကထုတ်တဲ့စာအုပ်တွေမှာ..
      အဘိဓမ္မာနဲ့ပတ်သက်တဲ့အပိုင်းတွေထဲက..
      ခက်တဲ့အပိုင်းတွေကိုကူပြီးဘာသာပြန်ပေးသဗျ..
      ဆရာတော်ဘယ်သူမှမလုပ်နိုင်တဲ့အပိုင်းတွေကို..
      လွယ်လွယ်လေးပဲဘာသာပြန်ပေးခဲ့တယ်လို့..
      PTSအဖွဲ့ကT.W. Rhys Davids ပြောဖူးသဗျ..
      Rhys Davids ဟာ ပါဠိ-အင်္ဂလိပ်အဘိဓာန်ကို
      ရှေးဦးပြုစုခဲ့တဲ့သူတစ်ယောက်ပါ
      စာအုပ်နာမည်က The Pali Text Society’s Pali-English dictionary.
      (1921-1925).ဖြစ်ပါတယ်..
      နောက်ပြီး PTS အဖွဲ့ဟာ ဗုဒ္ဓဘာသာကို ကမ္ဘာအနှံ့ပျံ့အောင်..
      လုပ်တဲ့နေရာမှာ အခုချိန်အထိသြဇာအရှိဆုံးနဲ့..
      အထိရောက်နိုင်ဆုံးလုပ်ခဲ့တဲ့အဖွဲ့ပါ…
      T.W. Rhys Davids ကိုပါဠိတော်လွန်းလို့ ..
      ဆရာတော်က လန်ဒန်ပါဠိဒေ၀ီလို့နာမည်ပေးခဲ့လေရဲ..
      Rhys Davids ဟာခရစ်ယန်ဘာသာဝင်ဖြစ်ခဲ့ပေမယ့်..
ှဗုဒ္ဓဘာသာအတွက်အတော်လေးလုပ်ခဲ့ပါတယ်..
      ဒီနေရာမှာ ကိုမြန်မာတွေအသည်းနာကြတဲ့ အကြောင်းတစ်ခုရှိသဗျ..
      Rhys Davids ကွယ်လွန်ခါနီးတော့ ဘေးနားမှာရှိနေတဲ့..
      အရှင်သေဠိလာ(ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်ကြီး)
      ပြောပြခဲ့ပါသတဲ့…
      ဘုရားက အရာအားလုံးကိုဟောသွားခဲ့တယ်..
      ဟောသွားတဲ့အထဲမှာတော့တစ်ခုကျန်သွားတဲ့..
      အဲဒါကအတ္တအကြောင်းပဲ..
      ဘုရားကအတ္တအကြောင်းလုံးဝဟောမသွားဘူး..
      လို့ပြောခဲ့ပါတယ်တဲ့..
      အဲဒီင်္မှာလူတွေကပေါက်ကွဲတော့တာပါပဲ..
      အဘွားကြီးက တသက်လုံးဗုဒ္ဓဘာသာအတွက်လုပ်သွားပေမယ့်..
      ဘရားရဲ့အကြောင်းကိုသေအောင်သိမသွားဘူးဆိုပြီး..
      အခုထက်ကြမ်းတဲ့ စကားတွေနဲ့ပြောဆိုခဲ့ပါတယ်..
      ဦးအောင်မွန်ကလည်းဒီလူတွေအထဲမှာပါပါတယ်..
      သူကလည်း Rhys Davidsကိုအကောင်းပြောမထားပါဘူး..
      Rhys Davids ပြောတာမှန်သလားလို့..
      ရှေံမီနောက်ပြီလူကြီးတွေမေးကြည့်တော့..
      ငြင်းတဲ့လူကပိုများပါတယ်…
      သေချာပြန်ရှာရင်တွေ့နိုင်ပေမယ့်..
      ပြန်မရှာသေးတော့အတည်ပြုလိုမရသေးတဲ့..
      အချက်တစ်ခုတော့ရထားပါတယ်..
      Rhys Davidsပြောတာဖြစ်နိုင်ပါတယ်
      ဘုရားကအတ္တအကြောင်းမဟောသွားဘူးဆိုတာကဒီလိုပါ..
      အတ္တအကြောင်းဘုရားကိုမေးလျောက်တဲ့သူရှိပါတယ်..
      အရှင်ဘုရား အရှင်ဘုရားမှာ အတ္တရှိပါသလားလို့..
      လျောက်တော့ ဘုရားကဆိတ်ဆိတ်နေပါသတဲ့
      ဆိတ်ဆိတ်နေတဲ့အတွက်မေးတဲ့လူက..
      ပြောင်းမေးပါသတဲ့..
      ဒါဖြင့်ရင်အရှင်ဘုရားမှာ အတ္တမရှိဘူးလားဆိုတော့..
      ပြန်မဖြေပဲ ဆိတ်ဆိတ်ပဲနေပါသတဲ့..
      ဟုတ်ပြီ ဒါဖြင့်ရင်..
      အတ္တရှိတယ်လည်းမဟုတ်ဘူး..
      အတ္တမရှိဘူးလည်းမဟုတ်ဘူး …ပေါ့လို့
      ဆိုပြန်တော့လည်း ဆိတ်ဆိတ်ပဲနေပြန်သတဲ့..
      ရထားတဲ့အချက်တစ်ခုလေးပါ…
      စိတ်ဝင်စားစရာကောင်းမယ်လို့လဲထင်ပါတယ်..
      ဦးအောင်မွန်ကတော့ထည့်မရှင်းထားပါဘူး..
      နောက်လယ်တီဆရာတော်နဲ့ပတ်သက်ရင်..
      ထူးဆန်းတာတစ်ခုရှိနေပါတသးတယ်..
      အဲဒါကဆရာတော်ပျံလွန်တဲ့အချိန်..
      ပျင်းမနားဘက်မှာပါ..
      ဆရာတော်ပျံ့လွန်တော်မူပြီး…
      ခုနှစ်ရက်လောက်ကြာတော့ ..
      ဆရာတော်ဇာတိမုံရွာကအုပ်စုတွေရောက်လာချိန်မှာ
      ဆရာတော်ရဲ့ရုပ်ကလပ်ကို..ဖွင့်ကြည့်ကြရအောင်ဆိုပြီး..
      အခေါင်းဖွင့်လိုက်တော့ ရုပ်ကလပ်ကမရှိတော့ပါဘူး..
      ထူးဆန်းစွာပျောက်သွားခဲ့တာပါ..
      ပျင်းမနားသားတွေခေါင်းမီးတောက်လို့ပေါ့..
      မုံရွာအုပ်စုတွေကလည်း
      သတ်မယ်ဖြတ်မယ်ဖြစ်ကြတော့..
      ဘုန်းကြီးသမားကထပြောပါသတဲ့..
      ဟေ့ ငါမီးရှို့လိုက်တာကွတဲ့..
      ဆရာတော်ကမပျံ့လွန်ခင်မီးရှီု့ဖို့ငါ့ကိုမှာခဲ့တာကွဆိုပြီးတော့..
      ပြောပြီးထထွက်သွားတာလူတွေက ကြောင်ပြီးကျန်ခဲ့ပါတယ်..
      အဲ့ဒီဘုန်းကြီးနာမည်က ပျဉ်းမနားတစ်မြို့လုံးက
      အရူးလို့သတ်မှတ်ထားတဲ့..
      အရူးဦးနုလို့ခေါ်ကြတဲ့ ဘုန်းကြီးဦးနုပါ…
      ဒီအထိကို ဦးအောင်မွန်ကရှင်းထားပါတယ်..
့ပျဉ်မနားကလူတွေက အရူးလို့..
      သတ်မှတ်ထားတာတော့မပါပါဘူး..
      စိတ်ဝင်စားဖို့ကောင်းတာကနောက်ပိုင်းအရာပါ..
      ဖြစ်တဲ့နေ့တုန်းက ချက်ချင်းထွက်သွားလို့..
      ဘုန်းကြီးသီးနုဘယ်ပျောက်သွားမှန်းမသိရပေမယ့်..
      နှစ်အတော်ကြာတော့ ပခုက္တူဘက်မှာ …
      ဘုန်းကြီးဦးနုပြန်ပေါ်လာပါတယ်..
      ဟောလိုက်တဲ့တရားတွေကလည်း..
      တကယ့်အကောင်းဆုံးဆိုတဲ့တရားတွေပဲတဲ့..
      အဲဒီသတင်းကိုကြားတော့ …
      လယ်တီဦးမောင်ကြီးတို့အုပ်စုက..
      ဘုန်းကြီးဦးနုကိုတရားစစ်ဖို့ချီတက်သွားပါသတဲ့..
      ဟိုရောက်တော့ တရားစစ်မယ်ပေါ့..
      ဘုန်းကြီးဦးနုကပြန်ပြောလိုက်ပါတယ်..
      ဟေ့ မင်းတို့ကြိုက်သလိုတရားစစ်လို့ရတယ်
      ငါပြောတာနားလည်ဖို့ကိုတော့..
      ငါကျင့်သလိုကျင့်မှရတာ..
      မင်းတို့ကအမှောင်ကိုဆင်းသွားတဲ့ကောင်တွေ..
      ငါကအလင်းကိုသွားခဲ့တာကွ..လို့ဆိုပါတယ်..
      (ဦးမောင်ကြီးက လူထွက်ပြီးအိမ်ထောင်ပြုထားတာကိုး)
      အဲ့ဒါနဲ့ပဲဦးမောင်ကြီးတို ခေတ်စကားအရ..
      ကြိုးကျေပြီးပြန်လာခဲ့ရပါတယ်တဲ့..
      ထပ်ပြောလိုက်ပါဦးမယ်..
      အဲ့ဒီဘုန်းကြီးဦးနပျံ့လွန်တော်မူတော့..
ှဓာတ်တော်ကျသတဲ့ဗျာ…
      အောကာင်းတိုက်ဆိုင်လို့ထည့်ပြောရတာပါ..
      စာအုပ်ကတော့ သိမ်းထားနိုင်ရင်အကောင်းဆုံးပါ..
      စထွက်ပြီးတစ်ပတ်အတွင်းမှာလည်း..
      အုပ်ရေနှစ်ထောင်ကုန်သွားပါသတဲ့
      တန်ဖိုးကတော့ တစ်သောင်းနှစ်ထောင်တဲ့
      အရမ်းကိုတန်ပါတယ်လိုညွှန်းလိုက်ပါရစေ။
      ဂျွန်အက်ရှ်ဘရီနိဒါန်း
      စာအုပ်အမည်-ဂျွန်အက်ရှ်ဘရီနိဒါန်း
      စာရေးသူ- ဇေယျာလင်း
      ဖြန့်ချိသည့်တိုက်- နှစ်ကာလများ
      တန်ဖိုး- ၁၁၀၀ ကျပ်
      နှစ်ကာလများစာအုပ်တိုက်ရဲ့ စံနဲ့ပြောရင်
      ဈေးနှုန်းသင့်တဲ့စာအုပ်ဖြစ်ပါတယ်။
      စာအုပ်မှာလည်း Collector’s item လို့ဆိုထားတာကြောင့်
      ကိုမိုးဝေးတစ်ယောက်တော့ အရှုံးခံပြီးထုတ်ထားလေသလားမသိ။
      ရေးသူက ဇေယျာလင်းဖြစ်နေတာကြောင့် ရောင်းရမှာပါ။
      ဒီနေရာမှာ နည်းနည်းလောက်ပြောပြချင်ပါတယ်။
      ပြည်တွင်းမှာက ဘာသာပြန်တွေအားနည်းတာ၊
      ပြန်ဆိုပြီးသားတွေကိုပဲ ဈေးကွက်ဖြစ်ရင်
      စာရေးဆရာအစုံက ထပ်တလဲလဲ၊ ပုံစံအမျိုးမျိုးနဲ့ ပြန်နေကြတာ
      အကြောင်းရင်းက ဈေးကွက်အားနည်းတာကြောင့်ရယ်
      မြန်မာစာရေးဆရာတွေ နိုင်ငံတကာစာအုပ်တွေနဲ့
      အလှမ်းဝေးနေတာတွေကြောင့်ရယ်
      ထင်သလောက် နိုင်ငံတကာခေတ်စားနေတဲ့
      စာပေနဲ့ ပြည်တွင်းမှာ ထိတွေ့ရတဲ့ ဘာသာပြန်စာပေတွေက
      အလှမ်းကွာလေ့ရှိပါတယ်။ နိုင်ငံတကာမှာ ၁၉၆၀၊၇၀ ၀န်းကျင်ကစာတေ
      ပြည်တွင်းမှာ အခုမှပြန်ဆိုနိုင်ပြီး ရေပန်းစားနေတာတွေက
      ထင်ရှားတဲ့ပုံစံကြီးလိုဖြစ်နေပါတယ်။
      တကယ်တော့ အဲ့ဒီစာပေပုံစံတွေက ဟိုမှာတစ်ချို့တဆို
      ပျောက်ကွယ်စပြုနေပါပြီ။
      မြင်သလောက်ပြောကြည့်တာပါ။
      ရသလောက်လေးဖတ်နေရတာပဲ ကျေးဇူးတင်ရတာပေါ့။
      ကျန်တဲ့လိုင်းတွေရဲ့ အနေအထားထက်
      ကဗျာဖက်မှာတော့  ထိုက်သင့်သလောက် နိုင်ငံတကာကဗျာတွေနဲ့
      ထိတွေ့နေရတာကတော့ ကောင်းတဲ့အကြောင်းတစ်ခုလိုမြင်မိပါတယ်။
      နည်းတော့နည်းနေပါသေးတယ်။
      ဥပမာ- မော်ဒန်တို့၊ ပိုစ်မော်ဒန်တို့ဆိုတာ
      နိုင်ငံတကာမှာ ပြောတောင်မပြောကြတော့ပါဘူး။
      ဒီမှာကတော့ ကျယ်လောင်နေဆဲပါပဲ။
      အုပ်စုတွေလည်းအမျိုးမျိုးကွဲနေကြပါတယ်။
      ရှိလှမှ လူလေးတစ်ရာဝန်းကျင်ပေါ့။
      တကယ်လုပ်နေတာက လက်ချိုးရည်လို့ရပါတယ်။
      ခုတလော အများစုက LP ဆိုတာကိုပြောပါတယ်။
      ဇေယျာလင်းတို့ကပဲ စခဲ့တယ်ထင်ပါတယ်။
      နိုင်ငံတကာမှာတော့ ဘယ်လိုအခြေအနေရှိတယ်မသိ။
      ဒီမှာကတော့ အားကောင်းမောင်းသန် ပြောနေကြပါတယ်။
      LP ဆိုတာက Language poetry ပါ။
      ကဗျာရေးသူပေါ်လိုက်ပြီး အဓိပ္ပာလ်အမျိုးမျိုး
      ဖွင့်ဆိုနိုင်တဲ့ ကဗျာအမျိုးအစားပါ။
      နိုင်ငံတကာမှာတော့ ၁၉၆၀၊၇၀ ၀န်းကျင်လောက်မှာ
      အမြားအပြားတွေ့ခဲ့ရပါတယ်။
      နိုင်ငံတကာ ကဗျာတွေနဲ့ ပတ်သက်လာရင် ဇေယျာလင်းရဲ့
      စာအုပ်တွေဟာ ပြည်တွင်းကဗျာအခင်းအကျင်းကို
      ခေတ်ရောင်တောက်စေဖို့ တွန်းအားပေးခဲ့တာတွေ
      အများအပြားရှိနေခဲ့ပါတယ်။
      တနည်းအားဖြင့် လူငယ်တွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။
      ထားပါတော့ ဇေယျာလင်းအကြောင်းမဟုတ်တော့။
      ပြီးခဲ့တဲ အပတ်က ဇေယျာလင်းရေးတဲ့
      ဂျွန်အက်ရှ်ဘရီနိဒါန်းဆိုတဲ့ ကဗျာဆောင်းပါးစာအုပ်
      ထွက်လာခဲ့ပါတယ်။
      ဂျွန်အက်ရှ်ဘရီ ဆိုတာကတော့ အမေရိကန်က
      အထင်ကရ ကဗျာဆရာတစ်ဦးပါ။
      ကဗျာနဲ့ ပတ်သက်လာရင်ဖြတ်သန်းမှု
      အတွေ့အကြုံစုံလှပြီး လက်ရှိအချိန်မှာလည်း
      အမေရိကန်နိုင်ငံ Bard College ရဲ့ Department of
      -Languages and literature မှာ Professor အဖြစ်
      လုပ်ကိုင်နေပါတယ်။
      ဂျွန်အက်ရှ်ဘရီ ပြောခဲ့တဲ့စကားတွေထဲမှာ
      အကြိုက်ဆုံးကတော့…..
      ဘယ်ကဗျာမဆို ရေးလို့မပြီးမချင်း
      ဘာအကြောင်းဖြစ်တယ်ဆိုတာ ကြိုပောလို့မရပါဘူး။
      တစ်ဖက်သူ သိပြီးသားကြုံပြီးသားကိုပေးတဲ့
      အရေးအသားမျိုးဟာ တကယ်ဆက်ဆံဆက်သွယ်တာမျိုးမဟုတ်ဘူး.
      ဒီထက်ပြောရရင် အဲသလိုစာဖတ်သူသိပြီးသားကိုပဲ ပေးကမ်းခြင်းဟာ
      စာဖတ်သူကို မလေးစားရာတောင်ကျပါတယ်..လို့ ပြောခဲ့ခြင်းပါ။
      ဂျွန်အက်ရှ်ဘရီကဗျာတစ်ပုဒ်ဖတ်ပြီးရင်
      နောက်တစ်ပုဒ်ဘာဖြစ်မယ်ဆိုတာလည်း
      ခန့်မှန်းရခက်ပါတယ်တဲ့။
      New York Times ကတော့ ဂျွန်အက်ရှ်ဘရီဟာ
      အမျိုးသားရတနာတစ်ပါးလို့
      ဆိုခဲ့ပါတယ်။
      ဖြစ်နိုင်ရင်တော့ ဇေယျာလင်းဘာသာပြန်ထားတဲ
      ဂျွန်အက်ရှ်ဘရီကဗျာတွေ တင်ပေးသွားချင်ပါတယ်။
      လောလောဆယ်အမြည်ပေးလိုတဲ့စာသားကတော့……
      ကဗျာဝေဖန်ရေးဟာ ကျွန်တော့်ကဗျာရေးခြင်းအလုပ်နဲ့
      သိပ်ပတ်သက်မှုမရှိလှပါဘူး။
      တစ်ခါတလေ ကျွန်တော့်ကဗျာတွေကို
      ကျွန်တော်မနာလိုဝန်တိုစိတ်တောင်ဖြစ်မိသေးတယ်။
      ဝေဖန်ရေးဆရာတွေက သူတို့ကိုပဲ
      အာရုံစိုက်ကြတာ။ သူတို့ကိုဖန်တီးလိုက်တဲ့
      ကျွန်တော့်ကိုတော့ အာရုံမစိုက်ကြဘူး။
      …………………………………….
      …………………………………….
      …………………………………….
      ဝေဖန်ရေးဆရာတွေကို ကျွန်တော်အပုပ်ချနေတာ
      မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာရေးခြင်း၊ ဖတ်ခြင်းအလုပ်ကို
      သူတို့ ၀င်မကူပေးနိုင်တာများတယ်။
      ကျွန်တော့်ကဗျာတွေနဲ့ပတ်သက်လို့
      အကောင်အဆိုးနှစ်ဖက်မြင်ပြီး မျှမျှတတရေးတဲ့
      ဝေဖန်ရေးဆရာဟာ ရှားပါတယ်။
      များသောအားဖြင့် အဓိပ္ပာယ်မရှိ
      စိတ်ရူးပေါက်တိုင်း လျှောက်ရေးနေတဲ့
      ပေါတောတောဟာတွေလို့ ရှုတ်ချရင်ရှုတ်ချ၊
      မရှုတ်ချရင် genius (ပါရမီရှင်)တစ်ယောက်ရဲ့
      လက်ရာတွေလိုလွှတ်ချီးမွမ်းခံရတယ်။
      …………………………………..
      …………………………………..
      ကျွန်တော်ကြိုက်နှစ်သက်တဲ့
      စကားတစ်ခွန်းရှိတယ်။
      Criticism is death ။
      ဝေဖန်ခြင်းဟာ သေဆုံးခြင်းပဲတဲ့။
      ကဲ….အဲ့ဒါဘယ်လိုနားလည်မလဲ။
      စာ ၁၄၊၁၅
      ဖော်ပြပါစာပိုဒ်ပြီးတော့ ကဗျာတစ်ပုဒ်
      ဆက်ဖော်ပြထားပါတယ်။
      ကဗျာနာမည်က မငြိမ်မသက်ကဗျာတစ်ပုဒ်ပါ။
      အဲ့ဒီကဗျာ ဖတ်ကြည့်ပြီးရင်တော့
      တစ်ခုခုတော့ရနိုင်ကောင်းပါရဲ့။
      မငြိမ်မသက်ကဗျာတစ်ပုဒ်
      တဖြည်းဖြည်းနဲ့…လူတွေဟာဘ၀မြစ်ကို
      ကောင်းမွန်စွာ
      သဘောပေါက်လာကြတယ်
      မြစ်ဟာ ကျယ်သထက်ကျယ်လာရင်း
      အဓိပ္ပာယ်ကောက် လွဲလာကြတယ်
      မြစ်ရဲ့မြို့ပြတွေ ထွန်းကားလာကြတယ်
      မည်းနက်လာတယ်
      သိပ်သည်းလာတယ်
      အမြဲအလှမ်းဝေးရာ ဝေးရာဆီမှာ
      ဖြစ်ထွန်းလာကြတယ်။
      အဲသလိုအလှမ်းဝေးတဲ့ သိပ်သည်းမှုဟာ
      ကျွန်တော်တို့နဲ့ အဆင်ပြေတာပေါ့
      သိုးကလေးတွေ၊ မြင်းခွာရွက်ပန်းတွေနဲ့
      အဆင်ပြေသလိုမျိုးပေါ့
      ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း
      အော်ဒါမှာလိုက်ရတဲ့အရာဟာ
      ဒါမဟုတ်ခဲ့ရင်ပေါ့။
      ဒါပေမယ့်….. မကြိုးစားပါနဲ့
      သူတို့အချင်းချင်းတောင်
      နားလည်လွဲနေကြတဲ့
      ကျွန်တော့်အစိတ်အပိုင်းတွေကိုပဲ
      ကျွန်တော်နားလည်လို့ ရတာကလွဲလို့
      ကျွန်တော့်ကို ကျွန်တော်လည်း
      ဘယ်လိုမှ
      နားမလည်နိုင်တော့ဘူးဆိုတော့ကာ
      ခင်ဗျားလည်း ကျွန်တော့်ကို
      နားလည်ဖို့မကြိုးစားပါနဲ့
      ကျွန်တော်တို့နှစ်ယောက်စလုံး
      အဲ့ဒါဆန္ဒရှိခဲ့ရင်တောင်
      ခင်ဗျားအတွက် လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ
      အဲဒီမျှော်စင်ကြီးတွေဟာ
      တကယ်ရောရှိကြရဲ့လား
      အဲသလို စဉ်းစားပုံစဉ်းစားနည်းနဲ့ ချဉ်းကပ်
      အဲ့ဒီရှုထောင့်ကနေပဲ ကြိုးစားကြည့်ရမှာပဲ
      အဲတော့မှအတွေးဟာ သူဖာသာသူ
      ငေါက်ခနဲ မတ်ထနိုင်လိမ့်မယ်။
      သူရဲခိုတွေရှိတဲ့
      အထပ်သားမြို့ကြီးတွေလိုပေါ့။
      (A Poem of Unrest)(1995)
      ကိုယ်တိုင်ရေးပုံတူများ
      စာအုပ်အမည်- ကိုယ်တိုင်ရေးပုံတူများ
      စာရေးသူ- ၀င်းမင်းထွေး
      တန်ဖိုး-၅၀၀ကျပ်
      ဖြန်ချိသည့်တိုက်- ကံကော်ဝတ်ရည်
      ဒီစာအုပ်လေး လက်ထဲရောက်နေတာ တော်တော်ကြာပါပြီ။
      အကြောင်းမတိုက်ဆိုင်လို့ မပြောဖြစ်ပေမယ့် သုခမိန်လှိုင်ရဲ့
      ကဗျာတင်ပြီးတော့ သူရဲ့စာအုပ်လေးတွေကိုပါ သတိရသွားတာပါ။
      နောက်ပြီး ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က
      ဒီစာအုပ်လေးကို မြန်မာပြည်ပြန်သွားတဲ့သူတစ်ယောက်နဲ့
      မှာလိုက်တယ်လို့ ပြောဖူးတာကြောင့် သူအတွက်ပါ
      အမှတ်တရအနေနဲ့ ညွှန်းပးချင်တာပါ။
      ဆိုရရင်တော့ သုမိန်လှိုင်ဟာ ၀င်းမင်းထွေးထက် စီနီဟာကျနိုင်ကောင်းပေမယ့်
      ခေတ်ပြိုင်တွေလို့ပြောရင်ရနိုင်မှာပါ။
      အရေးအသားတွေ ဖန်တီးပြနိုင်တဲ့သူတစ်ဦးပါ။
      သုခမိန်လှိုင်က သူဘ၀ရဲ့ ဖြတ်သန်းမှုထဲက တော်တော်များများကို
      သားပြန်လာပြီအမေဆိုတဲ့ ကဗျာထဲမှာပြောခဲ့သလို
      ဟန်သစ်မဂဇင်းမှာ ဖော်ပြခဲ့ပြီး ဒီဖက်ပိုင်းရောက်တော့
      ရုပ်ရုင်တေးကဗျာမှာ ထပ်ဖော်ပြခဲ့သလို
      အသစ်ရေးထားတဲ့ ပုံတူတွေကိုလည်း တွေ့ခဲ့ရပါတယ်။
      ဒီနှစ်ပိုင်းပြန်ထွက်လာတဲ့ ပိတောင်ပွင့်သစ် စာပေမဂဇင်းမှာလည်း
      သူရဲ့ ဖြတ်သန်းမှုဆောင်းပါးတွေ တွေ့နေရပါတယ်။
      အခုတော့ ရေးထားပြီးဖြစ်တဲ့ ကိုယ်တိုင်ရေးပုံတူတွေစုပြီး
      သီးသန့်စာအုပ်အနေနဲ့ထွက်လာတာပါ။
      ၁၉၈၄ ကနေ ၂၀၀၃ ကြား ရေးခဲ့တဲ့စာတွေပါ။
      စာအုပ်မှာ ပုံနှိပ်ဖော်ပြမှုအင်မတန်နည်းလှသောဝင်းမင်းထွေးရေးခဲ့တဲ့
      ကဗျာတွေထဲက တစ်ပုဒ်ကိုလည်းထည့်သွင်းထားပါတယ်။
      အဲ့ဒီကဗျာကို ၁၉၉၁ မှာရေးခဲ့တာဖြစ်ပြီး
      စာဖတ်ပရိတ်သတ်တွေကို အထူးဖတ်စေချင်တဲ့အတွက်
      ထည်သွင်းဖော်ပြတာလို့ ၀င်းမင်းထွေးက ဆိုပါတယ်။
      ကဗျာကို အများဖတ်လို့ရအောင်သီးသန့် တင်ပေးပါမယ်။
      လောလောဆယ်ညွှန်းချင်တဲ့စာကတော့……
      လူငယ်တွေရဲဘ၀ဟာ
      လှပတဲ့စိတ်ကူးအိပ်မက်တွေနဲ့
      တက်ကြွနေကြတယ်။
      ဒီလိုတက်ကြွနေကြတာဟာလည်း
      သဘာဝကျလှပါတယ်။
      လောကကြီးမှာ
      အမှန်နဲ့အမှား
      အလင်းနဲ့အမှောင်ကို
      တံဆိပ်ကပ်ပြီး
      အုပ်စုခွဲပြထားတာမဟုတ်ဘူး။
      ကိုယ့်စာကိုယ်သင်ကြရလိမ့်မယ်။
      ရိုးသားမှုဆိုတဲ့
      မျက်နှာဖုံးတပ်ထားတဲ့
      ကောက်ကျစ်မှုနဲ့
      တစ်ချိန်ချိန်မှာ
      မလွဲမသွေ တွေ့ကြဖို့ရှိတယ်။
      အဲ့ဒီ့အချိန်မှာ
      ခံနိုင်ရည်ရှိကြပါစေ။
      အဲ့ဒီပွဲဟာ
      လူငယ်တစ်ယောက်အတွက်
      အရေးအကြီးဆုံး
      သင်ခန်းစာတစ်ခုကိုပေးမယ့်
      ကွေ့ချိုးကြီးတစ်ခုဖြစ်လာလိမ့်မယ်။
      မမျှော်လင်တဲ့ အန္တာရယ်ကို
      ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ
      သွေးအေးအေးနဲ့
      ဖြတ်သန်းကျော်နင်း သွားနိုင်ကြပါစေ။
      စာ-၂၈
      ကိုယ်တိုင်ရေးပုံတူ ၃ မှ
      ရဲဘုန်းခေါင်ဝထ္တုတိုများ
      စာအုပ်အမည်- ဝထ္တုတိုများ - ၁
      စာရေးသူ- ရဲဘုန်းခေါင်
      ဖြန်ချိသည့်တိုက် - ကျော်မွှေးစာပေ
      တန်ဖိုး- ၁၅၀၀ ကျပ်
      သုတစာအုပ်တွေ ညွှန်းစရာရှိပေမယ့် ရသစာအုပတစ်အုပ်ကို ထပ်ညွှန်းလိုက်ပါရစေ။
      ရဲဘုန်းခေါင်ကို သိတဲ့လူတော့ သိပ်မရှိနိုင်ဘူးထင်ပါတယ်။ အရင်တုန်းက……
      အရင်တုန်းကဆိုတာ မဂဇင်းတွေရော၊ ရသဝထ္တုတိုတွေရဲ့ ရွှေခေတ်ကာလကတည်းက
      သူရဲ့ဝထ္တုတိုတွေ မပြတ်တွေ့ခဲ့ကြပါတယ်။ စာအုပ်အနေနဲ့ သီးသန့်ဆိုတာထက်
      ပြန့်ကျဲနေတဲ့ ဝထ္တုတိုတွေကတစ်ဆင့် ရင်းနှီးခဲ့ရတာပါ။ ရသအရေးကောင်းသူတစ်ဦးဖြစ်ပြီးတော့
      အရေးအသားနောက်မှာ သိပ်သည်းတဲ့ ခံစားချက်တစ်ခုခု ထည့်ပေးနိုင်တာကြောင့်
      နှစ်သက်မိတာပါ။ သူ့လုံးချင်းစာအုပ်တွေဖြစ်တဲ့ မာရ်နတ်နင်းရဲ့ ရယ်မောသံများ (၂၀၀၅)
      နောက် ဂျပန်ဝထ္တုတွေကိုမှီးထားတဲ့ ပိုးအကျိင်္ခရမ်းပြာနဲ့လရောင်နဲ့လင်းတဲ့အရိပ်တွေ (၂၀၀၆)
      စာအုပ်တွေဟာတော်တော်လေးကောင်းခဲ့ပါတယ်။ အခုတော့ အရင်ရေးထားတဲ့ ဝထ္တုတိုတွေစုပြီး
      ဝထ္တုတိုများဆိုပြီးပြန်ထွက်လာတော့ ရဲဘုန်းခေါင်ပရိတ်သတ်တွေအတွက်တော့
      တော်တော်လေးအဆင်ပြေသွားပါတယ်။ ပြန့်ကျဲနေတဲ့ ဝထ္တုတိုတွေ စုစည်းထားတော့
      ပိုကောင်းတာပေါ့။
      သူ့စာအုပ်ရဲ့အမှာမှာ ရဲဘန်းခေါင်က…………
      ကျွန်တော့်ရဲ့ဘ၀အတွက် ကျွန်တော်ရေးခဲ့သမျှစာတွေအတွက်
      ရဲဘုန်းခေါင်တိုတဲ့ မင်တံတစ်ချောင်းအတွက်
      ကျွန်တော်ပြောချင်ပါတယ်။
      စာဖတ်ပရိတ်သတ်အနည်းငယ်ရှိခဲ့မှာပါ။
      စာဖတ်ပရိတ်သတ်အနည်းငယ်ဟာ ကျွန်တော့အတွက်
      အသေအချာရှိခဲ့မှာပါ။
      ဒါဟာ ကျွန်တော့်အတွက်တော့ လုံးဝ လုံလောက်ပါတယ်။
      ဒီအနည်းငယ်ဟာ ကျွန်တော့်အတွက် စစ်မှန်သောအနည်းငယ်
      အမှန်အကန်အနည်းငယ်၊ ခိုင်မာသောအနည်းငယ်ပါ။
      ကျွန်တော့်နှလုံးသားထဲကအနည်းငယ်ပါ။
      အမြင်တူ စိတ်တူ ခံစားမှုတူ သဘောချင်းမျှတူနိုင်တဲ့
      (ကျွန်တော့အတွက်) အကန့်အသတ်မဲ့ (ကျွန်တော့အတွက်)
ှဧရာမ အနည်းငယ်ပါ။ ကျွန်တောါ့စာအုပ်တွေကို
      ကျွန်တောါ့ရဲ့အနည်းငယ်တွေအတွက်
      တည့်တည့် အထူးရည်စူးပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။
      လေးစားစွာဖြင့်
      ရဲဘုန်းခေါင်
      ပေးဖတ်ချင်တဲ့ စာညွှန်းတွေကတော့…….
      မကြာခင်ဆိုညရောက်တော့မယ်လေ။
      ဘယ့်နှယ့်လဲ…….။
      ခင်ဗျားတိုအားလုံး အဲဒါကိုသတိမရကြဘူးမဟုတ်လား။
      မကြာခင်ညကိုရောက်လာတော့မှာ။
      အဲ့ဒီတော့မှ စိတ်ပုတီးဆွဲတဲ့လူကဆွဲ။
      ဘုရားရိပ်ခိုတဲ့လူကခို။
      တရားရေသောက်တဲ့လူကသောက်။
      နေ့တာ တနေ့လုံး ဘယ်လိုကုန်ဆုံးသွားခဲ့မှန်တောင်
      မသိလိုက်ရပါကလား…….။
      အဲသလိုမျိုး ယောင်ယောင်ဝါးဝါး ညည်းညူမိကြပေရော့မယ်။
      အမှောင်ကျပုံကလည်း ကြောက်စရာကောင်းလောက်အောင်
      မြန်ဆန်လှချည်ကလား……..။
      အဲသလိုမျိုး မချိတင်ကဲ ပြောဆိုမိကြပေရော့မယ်။
      ဒါပေမယ့် ညကတော့ ဆိုက်ရောက်လာလိမ့်မယ်။
      အမှောင်ထဲမှာ ကျွန်တော်တို့အားလုံးဟာ
      တစ်စုံတစ်ခုကိုချန်ထားခဲသလိုမျိုး…….။
      အဲ့ဒီအမှောင်ထုထဲကို ကျွန်တော်တို့အားလုံး
      ပြန်သွားကြရပေလိမ့်မယ်။
      မကြာခင်ဆို ညဟာ ဆိုက်ရောက်လာခဲ့ပေတော့မယ်။
      အဲဒီ တစ်စုံတစ်ရာ ဘာလဲဆိုတာ…
      ကျွန်တော်သိသလိုလို ထင်မိရပေမယ့်
      တစ်ကယ်တန်းမှာတော့ လိမ့်ပတ်လည်အောင် ရှင်းလင်းပြောဆိုဖို့ရာ
      ဘယ်လိုမှ မတတ်နိုင်ပဲရှိခဲ့၏ ။
      ဒါပေမယ့် ကျွန်တော် ပြောချင်တာတစ်ခုတော့ရှိပါသည်။
      အမှောင်ကျလာတာကို ကျွန်တော်တို့ စောင့်ကြည့်ကြရအောင။
      အလွမ်းဇာတ်တစ်ခုရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းလေးကို
      ကျွန်တော်တို့စောင့်ကြည့်ကြရအောင်။
      မြင်ပြီမဟုတ်လား။
      ညဟာ အရာအားလုံးကို ကိုက်ဖြတ်ချေမွပစ်တော့တာပဲ။
      ညဟာ အရာရာအားလုံးကို အဆုံးသတ်ပစ်လိုက်တော့တာပဲ။
      ညဟာ အရာအားလုံးကို စုတ်မြိုချပစ်တော့တာပဲ။
      မြင်ပြီမဟုတ်လား။
      ခင်ဗျား လုပ်နေ ကိုင်နေသမျှ အရာရာ..အရာရာတိုင်းဟာလည်း
      အမှောင်မကျခင် လင်းတဲ့နေခြည်ထဲမှာလွင့်ကာ တုန်ယင်နေတဲ့
      အရိပ်မျှသာ။ အငွေ့မျှသာ။
      ဌက်ကလေးရေ။ ဌက်ကလေးရေ။
      ဌက်ကလေးရေ။
      ဖြုန်းဆို………….
      စာ-၅၈
      ဌက်ကလေးရေ ဝထ္တုတိုမှ
      ချစ်သူရေ…။ မလွမ်းဘူးလားဟင်။
      နင့်ကိုလည်း သတိရ..ရနေတာပဲ။
      ငါတို့ အဲ့ဒီမနက်ခင်းတွေ မျှားကြမယ်လေ။
      ပြောခဲ့ကြဖူးတယ်မဟုတ်လား။
      ငါတို့ အဲ့ဒီမနက်ခင်းတွေ မျှားကြမယ်လေ။
      ဒါပေမယ့် မရနိုင်ခဲ့ကြဖူးနော်။
      လွဲခဲ့ကြတယ်။
      မှားခဲ့ကြတယ်။
      ငါတို့ တပ်ဆင်ခဲ့တဲ့ ငါးစာကိုကပဲ
      လုံးဝ လွဲမှားနေခဲ့လို့ ထင်ပါရဲ့။
      အေးလေ…ငါတို့ရဲ့
      အတ္တတွေကိုပဲ ငါတို့က
      ငါးစာလုပ်ပြီးမျှားခဲ့မိကြတာကိုး။
      စာ-၇၈
      ရွှေလည်တိုင် ဝထ္တုတိုမှ
      အချစ်ကိုမလေးနက်နဲ့လေ၊
      အပင်မှာ အရွက်ထွက်သလိုမျိုးပါပဲတဲ့။
      မပြီးသေးဘူး။ထပ်ဆိုလိုက်ပြန်ပါသေးရဲ့။
      ဘ၀ ကို လေးနက်မနေနဲ့လေ ၊
      တာရိုးပေါ်ကမြက်ပေါက်သလိုမျိုးပါပဲတဲ့။
      မှားသွားပြီဆိုမှ ……
      ပြန်လှည့်ရ ခက်ခဲတတ်တာပဲမဟုတ်လား။
      အနာကိုတစ်ချိန်လုံးဆွနေမည်ဆိုလျှင်
      ထိုအနာ မြန်မြန်ကျက်လိမ့်မည်မဟုတ်ပါ။
      အနာဒဏ်ရာရအောင်လုပ်သူက တစ်ဦးဖြစ်ပြီး၊
      အနာဒဏ်ရာသက်သာအောင်၊ ပျောက်ကင်းအောင်
      ပြုစုပေးသူက တစ်ဦးဖြစ်ချင်ဖြစ်နေလိမ့်မည်။
      ကံကြမ္မာသည် လျှပ်စီးပြက်သကဲ့သို့
      လက်ခနဲ လင်းခနဲ ရုတ်ခြည်းဖြစ်ပေါ်
      ပြောင်းလဲသွားတတ်သည့် သဘောရှိသည်ဆိုသည်မှာ
      မှန်ပါသည်။ အကယ်၍သာ
      ဟိုး…တစ်နေ့တုန်းဆီက
      တံခါးဝမှ ခပ်ပြတ်ပြတ် ခပ်တင်းတင်း
      ပြန်လှည့်မကြည့်စတမ်း လှည့်ထွက်သွားခဲ့မိမည်ဆိုပါက
      ယခုအချန်အခါတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေပေလိမ့်မည်ဆိုတာကို
      မည်သူတစ်ဦးတစ်ယောက်ကမျှ အသေအချာမပြောနိုင်ပါ။
      စာ ၁၂၃
      သင့်အားတားမြစ်တော်မူသည် ဝထ္တုတိုမှ
      လှပါတယ်မသီတာ
      စာအုပ်အမည် - လှပါတယ်မသီတာ
      စာရေးသူ - မောင်ဝဏ္ဏ
      ပုံနှိပ်မှတ်တမ်း- ပုဂံစာအုပ်တိုက်မှ ဒုတိယအကြိမ်ထုတ်ဝေပြီး
      ပထမ အကြိမ်ကို ၁၉၈၄ ခုနှစ်က ထုတ်ဝေခဲ့။
      ရောင်းဈေး-ကျပ် ၁၅၀၀
      သာမန်ရိုးကျဇာတ်လမ်းသဘောတစ်ခုက ခွဲထွက်လာတဲ့
      ဆိုထားပါတယ်။ ပထမအကြိမ်ထုတ်ကို မဖတ်ခဲ့ရတော့ ဒုတိယအကြိမ်ထုတ်
      မှာအမှတ်တမဲ့နဲ့ပဲဖတ်ဖြစ်သွားတာပါ။
      ပန်းတွေနဲ့ဝေလောက်တော့ ကောင်းမှာပဲဆိုပြီးဝယ်လိုက်တာ
      တော်တော်လေးကြိုက်မိသွားပါတယ်။ ဇာတ်လမ်းကတော့ရိုးရိုးလေးပါ။
      ဆေးကျောင်းသားနှစ်ယောက် ချစ်သူတွေဖြစ်သွားကြရာက
      ကောင်မလေးက ကောင်လေးကို သမားတော်အထိဖြစ်စေချင်တယ်။
      ကောင်လေးက အိမ်ကအဆင်မပြေတော့ သမားတော်အထိမလုပ်တော့ပဲ
      ရိုးရိုးဂျီပီလုပ်ပြီး ဘ၀ကိုရုန်းကန်ချင်တယ်။ နောက်ငြှိမရကြပဲ လမ်းခွဲခဲ့ကြတယ်။
      ကိုယ့်ဘ၀လမ်းကိုယ်လျောက်ကြရင်း တစ်ယောက် နဲ့တစ်ယောက်
      သံယောဇဉ်ကတော့ မကုန်ခဲ့ကြပါဘူး။ အမှတ်တမဲ့ ပြန်တွေ့ချိန်
      ပြုံးပြရုံနှုတ်ဆက်တာထက်လည်း မပိုခဲ့ပြန်ဘူး။
      နောက်ကောင်မလေးကို အိမ်က အိမ်ထောင်ချပေးမယ်လုပ်တော့
      ကောင်မလေးက ကောင်လေးရှိတဲ့ တောရွာလေးဆီ နှစ်ယာက်အတူ
      လက်တွဲကြဖို့ တိုင်ပင်ရအောင်ဆိုပြီး သွားခဲ့ပါသေးတယ်။
      ဒါပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာ ပျော်ရွှင်စရာဇတ်သိမ်းမဟုတ်
      ပေမယ့် အရေးအသားတွေကတော့ နောက်တစ်ခေါက်ပြန်ဖတ်ချင်အောင်
      ဆွဲဆောင်နေသလိုပါပဲ။
      မလိခ အညွန်းမှာတော့…………
      စာရေးဆရာသည် တက်သစ်စ ဆရာဝန်လူငယ်တို့၏
      စိတ်စေတနာကိုဖော်ပြရင်း ကျေးလက်ကျန်းမာေ၇းအခြေအနေမျ၊
      လူမှုစီးပွားအခြေအနေတို့ကိုလည်းဖော်ပြပါသည်။
      လူငယ်ဆရာဝန်တွေထဲက အားနည်းပျော့ညံ့သော ဆရာဝန်တစ်ချို့၏
      စရိုက်ကိုလည်းဖော်ပြပါသည်။ တစ်ချိန်တည်းမှာပင်
      လူငယ်ဆရာသန်အလုပ်လက်မဲ့များသည် မိမိတို့ဘ၀ရပ်တည်ရေးအတွက်
      ကျေးလက်ပိုင်းသို့ အနှံအပြားရောက်သွားခြင်းအားဖြင့်
      ပညာတတ်တို့နှင့် ကျေးလက်ပြည်သူတို့ တွေ့ထိရင်းနှီးလာခြင်းသည်ကား
      ကောင်းသောအလားအလာကို ဦးတည်သည်ဟုဆိုရပါမည်။
      ချစ်၊ ကြိုက်၊ ကွဲ၊ လွမ်း၊ ညား ပုံသေနည်းလည်းမဟုတ်ပါ။
      ဇာတ်လမ်းအဖွဲ့ဝထ္တုမျိုးလည်းမဟုတ်ပါ။
      ဇာတ်လမ်းအဖွဲ့ဆန်းပြားရသည်မှာလည်း စရိုက်ကွဲဇာတ်ဆောင်
      အများအပြားကို သုံးစွဲထား၍ဖြစ်သည်ဟုလည်းဆိုရပေမည်။
      လို့လည်းဆိုထားပါတယ်။
      အမြည်းပေးချင်တဲ့စာသားတစ်ချို့ကတော့……….
      တစ်မြန်နေ့လောက်က သူမေမေကပြောသည်။
      အိမ်ထောင်ပြုဖို့စဥင်္းစားရင်ကောင်းမယ်တဲ့။
      အသက်အရွယ်ရလာမှ ပြဲမယ်ဆိုရင် အိမ်ထောင်ရေးဟာ
      ထင်သလောက်အဆင်ပြေမှာမဟုတ်ဖူးတဲ့။
      ဆိုလိုတာကတော့ မသီတာဘာသာကြိုက်ရာရွေးမလား။
      ဒါမှမဟုတ် သူတို့လူကြီးတွေ စီစဉ်ပေးရမလားဆိုတာပါပဲ။
      ဒီတော့ အောင်သော့် ကို နောက်ဆုံးကြိုးစားကြည့်ခြင်းအနေနဲ့
      တွေ့ဆုံဆွေးနွေးလိုသေးသည်။
      အချစ်ရယ်…….
      လူခန္ဓာကိုယ်ကို အင်ဂျင်တစ်ခုပြင်ဆင်သလို ကုသပေးနေတဲ့
      ဆရာဝန်မှာလည်း အချစ်ဆိုတာရှိပါသေးတယ်။
      တကယ်တော့ ဆေးပညာဟာ စက်အင်ဂျင်ပြင်ပုံမျိုးမဟုတ်ပါဘူး။
      ဆေးပညာမှာ အရေးကြီးဆုံးလိုအပ်ချက်ဟာ စိတ်ထား၊
      နှလုံးသားနဲ့ဆိုင်တဲ့ မေတ္တာ ၊စေတနာ၊ ကရုဏာ၊ မုဒီတာ၊
      ဥပေက္ခာ စတာတွေမဟုတ်လား။
      အဲ့ဒီအထဲမှာ အချစ်လည်း ပါမှာပေါ့ကွယ်။
      စာ -၂၃၃
      နောက်ဆုံးမှာဇာတ်သိမ်းပိုင်းမှာတော့………
      မသီတာ၏မျက်ရည်စကလေးကို မမြင့်တမြင် မြင်ရ၏ ။
      အောင်သော်ခေါင်းညိတ်၏ ။
      အားလုံးကိုနားလည်လိုက်တယ်ထင်၏ ။
      မသီတာ အောင်သော့် ကိုချစ်နေမှာပါ။
      ဒါပေမယ့် လက်ထပ်ဖို့တော့ မဖြစ်နိုင်ဘူး။
      စဉ်းစာဆင်ခြင်နိုင်ကြပြီဖြစ်၍ မဖြစ်နိုင်တာတွေကို
      သူတို့မစီစဉ်ချင်တော့ပါ။
      နှစ်ယောက်စလုံး မျက်ရည်ဝိုင်းမိကြပါသည်။
      မသီတာ၏စကားများကို ပြန်ကြားယောင်၏ ။
      တို့ဘ၀ကို လူနာတွေက ပိုင်နေကြပြီ သော်။ တဲ့
      ကားထွက်ပြီ။ မသီတာလက်ပြ၏ ။
      အောင်သော်လက်ပြ၏ ။
      ဆေးခန်းရှေ့မှာ ဦးကျော်ငွေကြီး ကြက်ဥတွေကို
      ကျွတ်ကျွတ်အိပ်နဲ့ထည့်ပြီး စောင့်နေသည်။
      အောင်သော် မသီတာ၏ အသံကို ကြားယောင်နေ၏ ။
      သော့် ကို မသီတာချစ်နေမှာပါတဲ့။
      မောင်ဝဏ္ဏ
      စာ-၂၆၂
      မှတ်ချက်
      စာအုပ်ဖတ်ချင်သူတွေအတွက်အညွန်းသဘောမျိုး
      ရေးပေးသွားပါမယ်။ ပြည်တွင်းကသူတွေအတွက်ရော
      နိုင်ငံရပ်ြခားရောက်နေတဲ့ သူတွေအတွက်ပါ
      မြန်မာစာအုပ်တွေနဲ့ပတ်သက်ပြီး
      ဘာတွေထွက်နေလဲ သိချင်လို့ပဲဖြစ်ဖြစ်
      စဉ်းစားလို့ရအောင် ရည်ရွယ်တာပါ။
      ထွက်သမျှစာအုပ်အားလုံးမညွန်းနိုင်ပေမယ့်
      တစ်ပတ်မှာ အနည်းဆုံးတစ်အုပ်လောက်တော့
      ပြောပြပေးနိုင်မယ်ထင်ပါတယ်။
      သိပ်တော့ မကျိန်းသေပါဘူး။
      လောလောဆယ်မှာတော့ တစ်ပတ်ကို
      စာအုပ်အသစ် (ပြန်ထွက်တာလည်းပါတာပေါ့နော်)
      သုံးအုပ်လောက်တော့ ပုံမှန်ဖတ်ဖြစ်နေပါတယ်။
      အဲ့ဒီအားကိုယူပြီး တစ်ချို့ကို ဘလောဂ်ပေါ်တင်ပေးပါမယ်။
      ရေးသားမှုအပိုင်းမှာ Reviews ဆိုတာထက်
      ပြောပြချင်တာကိုပဲ ဦးစားပေးမှာပါ။
      အကြောင်းအရာအစုံပါပါမယ်။
      အားလုံးအဆင်ပြေကြပါစေ။
      မုတ်သုန်
      အဓိပ္ပယ်မဲ့ပြဇာတ်
      ကုန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက အောင်ခင်မြင့်ရဲ့ စာအုပ်တစ်အုပ်ကို
      ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်နာမည်က အဓိပ္ပယ်မဲ့ပြဇာတ်ဖြစ်ပြီးတော့၂၀ ရာစုရဲ့ အနုပညာတွေအကြောင်းကို ဆောင်းပါးတိုလေးတွေရေးထားတာပါ။စာအုပ်မှာပါတဲ့ အကြောင်းအရာတွေထဲကမှ ပတမဆုံးအဖွင့်ဆောင်းပါးဖြစ်တဲ့
      အဓိပ္ပယ်မဲ့ပြဇာတ် ကို အနှစ်သက်ဆုံးပါပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းပေါ်
      လာတဲ့ပြဇာတ်တွေထဲမှာ သာမန်ပြဇာတ်လမ်းကြောင်းကနေခွဲထွက်လာတဲ့
      ပြဇာတ်တွေကို အဓိပ္ပယ်မဲ့ပြဇာတ် (Theatre Of The Abusurd ) တွေ လို့ ပြောထားတာပါ။ဝေဖန်ရေးဆရာ မာတင်အက်စလင်(Martin Esslin) ကဒီနာမည်ပေးခဲ့တာဖြစ်ပါတယ်။ဒီစကားလုံးကို အဲဘတ်ကမူးရဲ့(Albert Camus) အက်ဆေးတစ်ပုဒ်ကနေယူသုံးစွဲခဲ့တာပါ။
      အဓိပ္ပယ်မဲ့ပြဇာတ် ဖန်တီးကြတဲ့အထဲမှာ အထင်ရှားဆုံး နဲ့
      အရေးပါဆုံးလူတွေကတော့ ဆင်မြုရယ်ဘက်ကက်(Samuel Beckett)၊
      ဟာရိုးပင်တာ(Harold Pinter)၊နဲ့ ယူဂျင်းအိုင်အိုနက်စကို (Eugene Ionesco)တိုံ
      ဖြစ်တယ်လို့ ဆိုပါတယ်။အခြားထင်ရှားတဲ့လူတွေကတော့
      ဖာနန်ဒိုအရာဘော(Fernando Arrabal)၊
      အာသာအဒါမော့(arthur Adamov)၊ အက်ဒွပ်အယ်လီးဘလီး(Edward Albee) နဲ့အာသာကိုးပစ်(Authur Adamov)တို့ဖြစ်ကြပါတယ်
      ပြဇာတ်ရေးသားဟန်တွေကွဲပေမယ့်လည်း
      တူညီသောအမြင်တွေရှိကြတယ်လို့ဆိုပါတယ်။
      သူတို့ပြောကြတာကတော့ ဘ၀မှာဖြစ်ပျက်နေသော အရာတွေဟာ
      အကျိုးသင့် အကြောင်းသင့်ရှင်းပြလို့မရ၊ ဘ၀သည်
      ရယ်စရာလည်းကောင်းသလို အဓိပ္ပယ်လည်းကင်းမဲ့လှတယ်။
      လူသားဟာ သူနဲ့အဆင်မပြေတဲ့လောကကြီးမှာနေထိုင်ရင်း
      အမြဲတစေ စိတ်ရှုပ်ထွေး ၊ပြဿနာတက်နေပြီးတော့
      မသိမသာခြိမ်းခြောက်ခံနေရသောအနေအထားတွင်ရှိနေတယ်လို့
      ဆိုထားပါတယ်။သူတို့တင်ဆက်ကြတဲ့ပြဇာတ်တွေဟာ ပရိတ်သတ်တွေကို
      အာရုံနောက်စေခဲ့တယ်။ ပြဇာတ်ခုံပေါ်မှ အဓိပ္ပယ်မဲ့ဖြစ်ပျက်မှုတွေက
      အရင်ရှိထားတဲ့ ပြဇာတ်အစဉ်အလာတွေကို ရိုက်ချိုးပစ်တယ်။
      ပြဇာတ်တွေဟာအချိန်နဲ့နာရီတွေကိုတိတိကျကျရှင်းပြမထားပါဘူး။
      ဇာတ်ကောင်တွေရဲ့ သဘာဝကလည်း အဖြစ်အပျက်တွေရဲ့
      အလယ်လောက်မှာပြောင်းချင်ပြောင်းသွာတတ်တယ်။
      ဖြစ်နိုင်ချေနိယာမများ၊ ရူပဗေဒဥပဒေအားလုံးနဲ့လည်း သွေဖယ်နေတယ်။
      ပြဇာတ်တကွက်ထဲမှာပဲ ခံစားမှုပြင်းထန်သော အိပ်မက်ဆန်ဆန်အဖြစ်အပျက်တွေက
      ဟာသဆန်ဆန်ပြောင်းချင်ပြောင်းသွားမယ်။စကားပြောတွေကလည်း
      ရောက်ချင်ရာရောက်နေပြီးတော့ တခါလေမှာ စကားလုံးတွေကို
      တစ်သီတတန်းကြီး ရွတ်ချင်ရွတ်ပြနေပါသေးတယ်။
      ရူးနှမ်းနှမ်းကမ္ဘာလောကမှာ လူစိမ်းနှစ်ယောက် တွေ့ဆုံကြလို့
      စကားတွေအကြာကြီးပြောပြီးကာမှာ သူတို့တွေဟာ
      တစ်လမ်းထဲ၊ တစ်အိမ်ထဲ၊ တစ်ခန်းထဲ၊ တစ်ခုတင်တည်းအတူရှိနေသော
      လင်မယာများဖြစ်သည်ဟု သိသွားရသည့်အဖြစ်တွေလည်းရှိနေခဲ့တယ်။
      နောက်ဆုံးတော့ အရာရာဟာ ဖြစ်ချင်သလိုဖြစ်နေကြတယ်။
      ကိုးစားလို့မရတောတဲ့ အရူးကံကြမ္မာရဲ့ စေစားရာအတိုင်း
      ဖြစ်နေကြတယ်။ ဒီပြဇာတ်တွေကို ပရိတ်သတ်တွေ အားပေးခဲ့၊
      လေးစားခဲ့ကြတယ်။ ပြဇာတ်တွေဟာ ခေတ်ရဲ့ ဒုက္ဓ ၊ ပြဿနာ
      လူသားတွေရဲ့အခြေအနေ ၊ ဘ၀အဓိပ္ပယ်တွေကို ရှာဖွေပေးခဲ့လို့
      ကြိုက်ခဲ့ကြတာလို့ ဆိုကြပါတယ်။ ပြဇာတ်ဆရာကြီးသုံးဦးရဲ့
      ဘ၀တွေကလည်း ကိုယ်ပိုင်အဓိပ္ပယ်မဲ့မှုတွေ ရှိနေပါတယ်။
      ဘက်ကက်ရဲ့လောက က ကြေကွဲဖွယ် ၊မှိုင်းမှိုင်းမှုန် လောကဖြစ်တယ်။
      မွေးကတည်းက အချည်းအနှီးဖြစ်လာခဲ့သောဘ၀ ၊ တဖြည်းဖြည်းနှင့်
      ပျက်သုဉ်းခြင်းဆီသို့ ဦးတည်နေသာ ဘ၀၊ လူအဖြစ်ရဲ့ မျော်လင်ချက်ကင်းမဲမှု
      စတာတွေ ရှိနေတယ်။ ဘတ်ကက်ရဲ့  အရေးပါသောဇာတ်က (Waiting for Godot) ဖြစ်ပါတယ်။
      ဒီပြဇာတ်ဟာ အဓိပ္ပယ်မဲ့ပြဇာတ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။
      (Waiting for Godot) မှာပါတဲ့ ဇာတ်ကောင်နှစ်ယောက်ဟာ ပြဇာတ်တစ်ခုလုံး
      ရှိမရှိမသေချာသော အရာကိုစောင့်ဆိုင်းခြင်းနဲ့ အချိန်တွေကုန်ခဲ့ပါတယ်။
      ပြဇာတ်ဆုံးသွားတဲ့တိုင် ဘယ်အရာမှ ရောက်မလာခဲ့ပါဘူး။
      ယူဂျင်းအိုင်အိုနက်စကို ရဲ့ပြဇာတ်တွေထဲမှာတော့(The Bald Soprano ) ပြဇာတ်မှာ
      လူသားတွေရဲ ကြိုးစားမှုတေ့အချည်းအနှီးဖြစ်ရပုံတွေနဲ့
      ရည်ရွဟ်ချက်ကင်းမဲ့မှုတွေ လူသားအချင်းချင်းဆက်သွယ်လို့
      မရနိုင်တာတွေကို ဖော်ပြသွားခဲ့ပါတယ်။ (The Chairs ) မှာတော့
      အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက်က
      သူတို့ ဘ၀အပေါ်မြင်တဲ့ အမှန်တရားတွေကို
      လူမရှိတဲ့ခုံလွတ်တွေကို ပြောပြနေခဲ့တာပါ။ လူမလွတ်တဲ့ ခုံတွေဟာ
      ရောက်မလာတော့ မယ်ဧည့်သည်တွေကိုရည်ညွန်းတာပါတဲ့။
      ဘယ်သူမှရောက်မလာလို့ သူတို့မြင်တဲ့အမှန်တရားတွေကို
      လူတစ်ယောက်ကိုပြောပြခဲ့ပြီးတော့ လက်ဆင့်ကမ်းပြေပြဖို့မှာကြားရင်း
      သုတို့ကိုဟ်သုတို့ အဆုံးစီရင်သွားကြတဲ့ အကြောင်းကို တင်ပြထားတာပါ။
      ဒီပြဇာတ်ဟာ ဘာမှမရှိမှု(nothingnesses) ကိုရည်ညွှန်းတာလို ပြဇာတ်ရေးဆရာကဆိုပါတယ်။
      ဟာရိုးပင်တာရဲ့ ဇာတ်ကောင်တွေကတော့ အမှောင်ခန်းထဲမှာပဲ ငြိမ်သက်နေကြပါတယ်။
      တယ်လီဖုန်းသံကိုတောင်ကြောက်ကြပါတယ်။
      အပြင်ထွက်ရမှာကိုကြောက်တယ်။ ပြင်ပကမမြင်ရတဲ့ အရာတွေကိုကြောက်ကြတာပါ။
      နောက်ဆုံးမှာဇာတ်ကောင်တွေဟာ
      ပြင်ပ ပယောဂ တစ်ခုခုဝင်လာပြီး တည်ငြိမ်တဲ့အခြေအနေမှာ
      ပြိုကွဲသွားတတ်ကြပါတယ်။ အဓိပ္ပယ်မဲ့ပြဇာတ်တွေရဲ့ ရင်မြစ်က
      အဲဖရက်ဂျယ်လီ(Alfred Jerry) ဖြစ်ပြီး
      သူရဲ့ပထမဆုံးပြဇာတ် (Ubu Roi) ကို ပဲရစ်မှာ
      ၁၉၈၆ ၊ဒီဇင်ဘာမှာ ပြခဲ့ပါတယ်။ အဓိပ္ပာလ်မဲ့ပြဇာတ်တွေရဲ့ ရှေ့ပြေးကတော့
      အန်တိုနဲ့ အားတောက်(Antonina Artaud )တို့ ရဲ့
      ရက်စက်မှုဇာတ်ခုံ (Theartre of Cruelty)ပြဇာတ်ဖြစ်ပြီးတော့
      အားတောက်လည်း ပြဇာတ်တွေရဲ့မအောင်မြင်မှု့ကြောင့် နောက်ဆုံးမှာ
      စိတ်ဓာတ်ကျပြီး ရှုသွပ်သွားခဲ့ပါတယ်။အဓိပ္ပယ်မဲ့ပြဇာတ် အပေါ်မှာ
      နှစ်ဆယ်ရာစုတစ်ခုလုံး ထိုးထားခဲ့တဲ့ အရိပ်မည်းတစ်ခုကတော့
      ဖရန့်စ်ကဖ်ဖကာ(Franz Kafka ) ဖြစ်ပြီးတော့
      ဂျိမ်းဂျွိုက်စ်(James Joyce ) ဟာလည်းချန်လှပ်ထားလို့
      မရဘူးလိုဆိုပါတယ်။အဓိပ္ပယ်မဲ့ပြဇာတ်တွေနဲ့ပတ်သက်လို့ အောင်ခင်မြင့်က အခုလို
      အဆုံးသတ်ပြခဲ့ပါတယ်။
      အဓိပ္ပယ်မဲ့ပြဇာတ်သည် အပေါ်ယံအားဖြင့် ရယ်ဖွယ်ကောင်းသော၊
      ရည်ရွယ်ချက်မဲ့သော၊ ဇာတ်ကောင်များနှင့် အဓိပ္ပာလ်မဲ့သော စကားများဖြင့်
      ဖွဲ့စည်းထားသော်လည်း ယင်း၏နောက်ကွယ်၌ ငုပ်လျှိုးနေသော
      လေးနက်မှုနှင့် နက်နဲသောအဓိပ္ပာလ်များကိန်းအောင်းနေပေသည်။
      ထိုပြဇာတ်များမှ စကားများသည် အဓိပ္ပယ် မရှိဟုဆိုပါလျင် ကျနော်တို့၏
      နေ့တဓူဝစကားများ၊ ကလီရှေးများသည်လည်း ဘယ်လောက်တောင်
      ဟောင်းနွမ်းစုတ်ပြတ် ထပ်ပြန်တလဲလဲဖြစ်ပြီး အဓိပ္ပယ် ကင်းမဲ့နေသလဲဆိုတာ
      စဉ်းစားဖို့ကောင်းသည်။ တိုပြဇာတ်တွေထဲမှ ဇာတ်ကောင်များသည်
      သူတို့၏စရိုက်လက္ခဏာကို ပြောင်းလဲတတ်သည်ဟုဆိုလျင်
      ကျနော်တို့ တကယ့်ဘ၀မှာ ဆုံရသောလူမျာ၏ စရိုက်လက္ခဏာများသည်လည်း
      တစ်သတ်မတ်တည်းဟုတ်ရဲ့လားဟုတွေးကြည့်သင့်သည်။
      ယင်းပြဇာတ်ထဲ၌ လူသားများသည်ကိုယ်ပိုင်ဆန္ဖမပါသော
      လူသားရုပ်သေးရုပ်များ ဖြစ်နေခဲ့လျင် ကျနော်တို့
      ကိုယ်နှိုက်ကရော ကျနော်တို့ရဲ့ ကံကြမ္မာကို စေစားနိုင်တဲ့ အစွမ်းရှိပါသလား။
      ကျတော်တို့ကရော မမြင်ရတဲ့ ကံတရားရဲ့အဓိပ္ပယ်မဲ့အခြေအနေဆိုးတွေ
      ထဲကနေ ရုန်းထွက်လွတ်မြောက်နိုင်ရဲ့လား ဆင်ခြင်ကြည့်ရပါမည်။
      တကယ်တော့ အဓိပ္ပယ်မဲ့ ပြဇာတ်ကို ကြည့်နေသူများသည် ကိုရိုးကားရား
      ဖြစ်နေသော သူတို့၏ အခြေအနေကို ဇာတ်ခုံပေါ်၌ သူတို့ကိုယ်တိုင်
      ပြန်မြင်နေရခြင်းပင်ဖြစ်၏။ ကျနော်တို့သည် အထီးကျန်နေသော
      ကျနော်တို့၏ ကိုယ်ပွားတစ္ဆေများ၊ အဓိပ္ပယ်ကင်းမဲ့သော
      ကျနော်တို့၏ဘ၀ဇာတ်လမ်းများ၊ ရည်ရွယ်ချက်မဲ့သောကျနော်တို့၏ဖြစ်တည်မှု ၊
      လျှိုဝှက်ပြီးနားလည်ရခက်သော စကြ၀ဠာကြီး နှင့် ရှောင်ပြေး၍
      မလွတ်နိုင်သော သေခြင်းတရား စသည်တို့ကို
      ဇာတ်ခုံပေါ်၌ အတိုင်းသားမြင်နေရသည်။
      သို့ဆိုပါလျှင် အဓိပ္ပယ်မဲ့ပြဇာတ် သည်ပင် ကျနော်တို့
      ခေတ်၏ အစစ်မှန်ဆုံး ပြဇာတ်ဟု ဆိုရမည်မဟုတ်ပါလား။
      သုံးစွဲထားသောအဓိကစကားလုံးအားလုံး
      ဆောင်းပါးမှတိုက်ရိုက်ကူးယူရေးသားခြင်းဖြစ်ပါသည်။