Archive for diary
နှစ်ဆယ့်သုံးကမ္ဘာဖြတ်ကျော်ခဲ့ခြင်း…
တစ်နှစ်တစ်နှစ်ကိုဖြတ်သန်းနေရတာတစ်ကမ္ဘာလောက်ကြာတယ်…
အခုတော့နှစ်ဆယ်သုံးကမ္ဘာပြည့်သွားခဲ့ပြီ…
၁၉၈၅ ခုနှစ် ဧပြီ ၂၇ ရက် စနေနေ့
ညနေငါးနာရီလောက်ဗိုက်နာလာတာ …
ဆေးရုံကိုအဘိုးလိုက်ပို့တာလေ …
ဟိုလည်းရောက်ရောဘာမှတောင်မလုပ်ရသေးဘူး…
တခါတည်းမွေးလိုက်တာပဲ ဗိုက်နာချိန်တောင် မရှိခဲ့ဘူး…
မောင်နှမတွေထဲမှာသားငယ်ကိုမွေးရတာအမြန်ဆုံးပဲ …
ဘယ်လောက်တောင်လောကကြီးထဲရောက်ချင်နေလဲမသိဘူး…
နားထဲမှာအခုထိစွဲနေသေးတဲ့….
အမေရဲ့အိပ်ရာဝင်ပုံပြင်တွေထဲကတစ်ခု….
အခုတော့လည်းလွမ်းစရာတွေရယ်ပါ…
သူငယ်ချင်းတွေကတော့ပြောပါတယ်..
မင်းကိုနှစ်ဆယ်ကျော်လိုပြောရင် ..
ဘယ်သူမှယုံမှာမဟုတ်ဘူးတဲ့..
သုံးဆယ်လောက်လို့ပဲထင်ကြမှာတဲ့…
ထားပါတော့လေ…
အခုအသက်နှစ်ဆယ့်သုံးနှစ်…
ဘာမှမဖြစ်သေး၊ ဘာမှမလုပ်ရသေး…
လုပ်စရာတွေတော့အများကြီးရှိနေသေးသည်။
ပြောချင်တာလည်းပြောပြီးသွားပြီဆိုတော့ ဝါးတီးပေါ့ဗျာ..
အားမနာတမ်းသာစားသွားကြပေတော့ .. :)
မုန့်ဟင်းခါးကြိုက်သူတွေအတွက် …
မုန့်ဟင်းခါးမကြိုက်တဲ့သူတွေအတွက်တော့ ရှမ်းခေါက်ဆွဲပေါ့
ထမင်းပါစားချင်တယ်ဆိုလည်း ရသဗျာ ဟင်းကတော့ သိပ်မကောင်းဘူး
လက်ဖက်သုတ်လေးလဲစားသွားပေါ့
ရေနွေးသောက်ချင်သူတွေအတွက်
(လက်ဖက်ခြောက်ကတော့ အစ်မဟန်နီဆီက ယူလာတာ.. :P )
အချိုပွဲလည်း စားလို့ရပါရဲ့
အရာတိုင်းအတွက်စိုးထိတ်နေရဆဲပါ အဖေ…
အဖေရေ
ကျွန်တော်အသက်နှစ်ဆယ့်သုံးနှစ်ပြည့်ခဲ့ပြီအဖေ…
ကျွန်တော့်ကိုမွေးတဲ့အချိန်
ရှေကတန်းထွက်သွားရလို့အမေ့အနားမှာရှိမနေခဲ့တဲ့
အဖေဘယ်လိုနေရှာမလဲ…
သားနှစ်ယောက်လုံးက စနေတွေလေ…
အကြီးကောင်က မနက်ပိုင်း အငယ်ကောင်က ညနေပိုင်းမွေးတာ..
အငယ်ကောင်က အရမ်းလူကြောက်တတ်တယ်..
အိမ်ကိုလာလည်တဲ့ဧည်သည်တိုင်းကို ..
အဖေပြောနေခဲ့တဲ့စကားတွေထဲကတစ်စွန်းတစ…
ငယ်ငယ်တုန်းကတော့အမေ့ကိုအဖေထက်ပိုပြီးခင်တွယ်ခဲ့တယ်…
အမေရှိရင်အရာရာလုံခြုံတယ်….
အမေ့ကိုခင်တွယ်တဲ့သားကအဖေ့ရဲ့အဘိဓမ္မာတွေနဲ့ကြီးပြင်းခဲ့..
ဒုတိယတန်းအောင်စာရင်းထွက်တဲ့နေကတုန်းက ..
အဖေပေးခဲ့တဲ့မုန့်ဖိုးနှစ်ကျပ်…
တစ်ဘဝလုံးအတွက်ငွေကြေးသင်ခန်းစာအမှတ်တစ်…
ကျွန်တော်တို့ဘာကြောင့်ရန်ကုန်ကိုလာခဲ့တာလဲ…
ရှမ်းပြည်မှာနေရင် မင်းတို့တွေ သူပုန်ဖြစ်ရင်ဖြစ်…
သူပုန်မဖြစ်ရင်စစ်သားပဲဖြစ်မှာ …..
သူပုန်ရော၊ စစ်သားပါမဖြစ်စေလိုတဲ့အဖေ့ရဲ့ဆန္ဒ
ရန်ကုန်ဟာ ကျွန်တော်ဆိုအတွက်စစ်မြေပြင်ဖြစ်ခဲ့တယ်….
ရိုးသား ကြိုးစားဆိုတဲ့ အဖေ့ရဲ့အဘိဓမ္မာ…
သားသမီးတွေအတွက်အဖေမက်ခဲ့တဲ့အိပ်မက်တွေ …
ဘယ်လောက်ပြည့်စုံခဲ့ပါသလဲ….
ဆယ်တန်းဖြေပြီးစ အပြင်အလုပ်ထွက်လုပ်မယ်ဆိုတော့ …
အမေက မျက်ရက်တစမ်းစမ်း …
အဖေကတော့ ငွေရှာတတ်မှငွေရဲ့တန်ဖိုးသိရမယ်တဲ့ …
အဖေ့စစ်တဲ့သင်ခန်းစာတွေ စာမေးပွဲတိုင်းကျော်ဖြတ်ခဲ့တယ်…
၂ဝဝ၁ကုန်စနှစ်တွေကနေ အခုနှစ်တွေအထိ…
လူပေါင်းများစွာနဲ့တွေ့ဆုံခဲ့သမျှ ..
အဖေ့ရဲ့အဘိဓမ္မာက…
လက်တွေ့အကျိုးဖြစ်ထွန်းဖို့တော့ခက်တယ်အဖေ….
ဒါပေမယ့် အဖေပြောတဲ့စကား
ကျွန်တော်နားထဲကမထွက်ပါဘူး..
ဘယ်လောက်ပဲဆင်းရဲနေပါစေ …
ရိုးသား ကြိုးစား လူတွေကိုသတိထားပေါင်းပါတဲ့ …
ငယ်ငယ်ကလူကြောက်ခဲ့တဲ့ကျွန်တော်
အခုတော့လည်း လူတွေကြားမှာရုန်းကန်ရင်း…
အဖေမက်ခဲ့တဲ့အိမ်မက်တွေဆက်မက်ဆဲပါအဖေ..
အမေလည်းမျက်စိတွေမှုန်လာပြီ…
အဖေလည်းဆံပင်တွေဖြူလာပြီမဟုတ်လား …
သားသမီးတွေကို ပညာနဲ့အသက်မွေးစေလိုတဲ့အဖေ…
ကြုံရာအလုပ်လုပ်ပြီးပိုက်ဆံရှာရတာထက်
စားပွဲပေါ်ထိုင်ပြီးပိုက်ဆံရှာတာကို ဖြစ်စေချင်တဲ့အဖေ
ပညာနဲ့ရှာဖွေစားသောက်၊ အယူအဆတွေကွဲ သူနဲ့အမြဲခံငြင်း …
စာအုပ်ထဲကစကားလုံးတွေရွတ်ပြတတ်တဲ့…
သူ့သားငယ်ကိုမြင်တိုင်း… သူကျေနပ်နေရောပေါ့…
လကုန်တဲ့ရက်တွေဆို ကျွန်တော်အတွက်အပျော်ဆုံးကမ္ဘာ…
၁၇နှစ်လုံးလုံ အဖေ့ရှာကျွေးတဲ့ထမင်း ဒီအတိုင်းထိုင်စားခဲ့ရတာ..
ဘယ်လောက်များ အားနာစရာကောင်းလိုက်လဲလို့ ….
အခုတော့လည်းအများကြီးပြောင်းလဲခဲ့ပြီအဖေ…
အခုအခြေအနေလောက်နဲ့အဖေကျေနပ်နေပေမယ့်..
လုပ်စရာတွေကအများကြီးရှိနေသေးတယ်အဖေ…
ရှေ့ဆက်ရမယ့်လမ်းတွေအများကြီးကျန်သေးတယ်…
အဲဒီလမ်းတွေအတွက် ကျွန်တော်စိုးထိတ်မိတယ်အဖေ…
ဘယ်အရာမှအာမခံချက်မပေးတဲ့အခြေအနေမှာ …
အတိမ်းအစောင်းတစ်ခုဖြစ်တာနဲ့ ထမင်းငတ်လောက်တယ်အဖေ…
အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲသွားဖို့ အဖေမှာတဲ့စကား..
ကျွန်တော်အတွက် အားဖြစ်စေပေမယ့် …
အခုတော့ အနာဂတ်အတွက်တွေးပူနေရတယ်အဖေ…
ဘဝတစ်ခုလုံးပင်ပန်းတကြီးဖြတ်သန်းခဲ့တဲ့အဖေလည်းသိမှာပေါ့…
ရှေ့ကအမှောင်ထုတွေထဲ ဘယ်လိုတိုးဝင်ရမလဲအဖေ…
ဖြတ်သန်းခဲ့တဲ့နှစ်ဆယ့်သုံးနှစ်မှာ ဘာမှမဖြစ်ခဲ့ပေမယ့်
ရှေ့လာမယ့်နှစ်ဆယ့်သုံးနှစ်ကတော့ လွယ်မယ်မထင်ဘူးအဖေ..
ဘာမှကိုအာမခံချက်မပေးနိုင်သေးတာကြောင့်
အရာရာတိုင်းအတွက် ကျွန်တော်ကတော့ စိုးထိတ်နေဆဲပါပဲအဖေ… .
ကျေနပ်စွာလွမ်းဆွတ်မိသောအချစ်
(၁)
အချစ်အကြောင်းပြောကြရအောင်တဲ့…..
တကယ်အဖြစ်အမှန်တွေပြောတာပိုကောင်းတာပေါ့..
ဖြတ်သန်းခဲ့တဲ့ချစ်ခြင်းတရားတွေအကြောင်း…
မောင်မျိုးကတော့ အချစ်ရှာပုံတော်ဆိုပြီး…
သုံးပိုင်းတောင်ခွဲရေးသွားတယ်…
မုတ်သုန်က ကေဇော်ရဲ့ ကဗျာတစ်ပုဒ်တင်လိုက်တယ်..
ပြီးခဲ့တဲ့လပိုင်းလောက်ကပါ…
အွန်လိုင်းပေါ်မှာတွေ့တုန်းမောင်မျိုးကိုမြှောက်ပေးလိုက်ရာက…
ဒီဇာတ်လမ်းကစတော့တာပဲ…
သူရေးပြီးသွားတောမုတ်သုန်ကိုလည်းလာရေးခိုင်းတယ်..
မင်းရဲ့ဖြစ်ရပ်မှန်လေးတွေလည်းလုပ်ပါဦးကွာတဲ့..
တစ်ခါရှောင် နှစ်ခါရှောင်နဲ့ အတော့်ကိုအချိန်ကြာသွားတယ်..
ကြာတော့လည်းအကြွေးတင်နေသလိုဖြစ်လာတယ်…
ဒီကြားထဲ တိုက်တွန်းတဲ့လူတစ်ချို့လည်းရှိပါတယ်…
သူများကဗျာတွေနဲ့ပဲလုပ်စားနေတယ်ဆိုတဲ့ အစ်မဟန်နီ…
မင်းရဲ့အဖြစ်မှန်ကိုလည်းသိချင်ပါတယ်ဆိုတဲ့ အစ်မမနုစံ..
လွမ်းသာလွမ်းပါဆိုတဲ့ အစ်မကေသွယ်…
နောက်… ဒီနှစ်သင်္ကြန်မတိုင်ခင်…
ရောသမမွှေဖို့ ကြိုးစားနေသလားဆိုတဲ့သူငယ်ချင်းတွေ..
မင်းမချစ်တတ်သေးပါဘူးလို့ပြောလာကြတဲ့မိတ်ဆွေများ…
သူတို့အားလုံးအတွက် ဒီပိုစ်ကိုရေးပါတယ်…
(၂)
တကယ်ဖြစ်ခဲ့တဲ့အကြောင်းကိုရေးမယ်ဆိုပြန်တော့…
ပါဝင်နေတဲ့လူတွေကို အားနာမိပါတယ်…
လူတစ်ယောက်နဲ့ အဆင်မပြေလို့လမ်းခွဲလိုက်တယ်
(လမ်းခွဲလိုက်တယ်ပဲဆိုကြပါစို့)
လမ်းခွဲတယ်ဆိုကတည်းကအဆင်မပြေလို့ပါ..
အဆင်မပြေတဲ့အကြောင်းတွေပြောရင်…
ကိုယ်သာကောင်းကြောင်းသူများမကောင်းကြောင်းတွေ..
မျာသွားမှာကိုလည်းစိုးရိမ်မိပါတယ်…
အဲဒါကြောင့်လည်းတော်တော်နဲ့မရေးဖြစ်ခဲ့တာပါ..
အခုနေရေးဖို့ပြန်စဉ်းစားကြည့်တော့လွမ်းမိပါတယ်…
ဘာကိုမှလိမ်ညာစရာမလိုတဲ့အမှန်တရားတစ်ခုပါ…
နောက်ပြီး ခုနေပြန်တွေ့ကြရင်သူမ ဘယ်လိုနေမလဲ…
ပြီးခဲ့တဲ့သုံးရက်လောက် သူမ အွန်လိုင်းပေါ်တက်လာတာတွေ့လိုက်ပါတယ်..
နင် အဆင်ပြေလား လို့တစ်ခွန်းပဲမေးလိုက်ပါရဲ့
အွန်လိုင်းပေါ်ကပြန်ဆင်းသွားတာ တစ်ခုပဲ ကျန်ခဲ့ပါတယ်…
ဒီအကြာင်းအရာနဲ့ပဲစကြပါစို့…
(၃)
၂၀၀၄ခုနှစ်ရဲ့..ဆောင်းမနက်ခင်းတစ်ခုမှာပါ
စာမေးပွဲခန်းထဲမ၀င်ခင် စာတွေမမေ့သွားအောင်ကြည့်နေရင်း…
စာတွေအတော်ပိုင်နေပြီပေါ့လေဆိုပြီး…
အနားကိုရောက်လာတဲ့သူငယ်ချင်းတစ်ယောက်..
မော့ကြည့်လိုက်တော့ …
ဒါ ငါ့သူငယ်ချင်းလေဆိုပြီး
သူဘေးနားကကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ပေးဟန်ပြုတယ်..
သွားတက်လေးပေါ်အောင်ပြုံးပြနေတဲ့ကောင်မလေးတစ်ယောက်..
အသားသိပ်မဖြူပေးမယ့်အတော်တော့ချစ်စရာကောင်းသားပဲလို့..
စိတ်ထဲတွေးမိလိုက်ရုံကလွဲပြီးဘာမှမဖြစ်ခဲ့…
သူမ ကိုအဲလိုနဲ့စတွေ့ခဲတာပါ..
နောက်ပိုင်းဆက်ဖြေတဲ့စာမေးပွဲရက်တွေမှာ..
သူမ နဲ့အတူပါလာတတ်တဲ့ကောင်လေးတွေအများကြီးရှိနေတာကိုလည်း..
အဲဒီအချိန်တုန်းကဘယ်လိုမှကောက်ချက်မဆွဲခဲ့သေးပါဘူး..
နောက်တစ်ချိန်မှာ အဲလိုကောင်လေးတွေထဲမှာ..
ကိုယ်လည်းတစ်ယောက်အပါအ၀င်ဖြစ်လာခဲ့လိမ့်မယ်ဆိုတာလည်း…
တွေးမထားခဲ့မိရိုးအမှန်ပါ…
သူမ နဲ့တွေ့ဆုံခဲ့ခြင်းအစပါပဲ…
နောက်ပိုင်း သူငယ်ချင်းသိပ်မရှိလှတဲ့မုတ်သုန်နဲ့သူမဟာ…
သူငယ်ချင်းတွေဖြစ်သွားခဲ့တာကလည်း…
သိပ်မဆန်းကျယ်တဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ…
(၄)
ဆန်းကျယ်တာကစိတ်အနေအထားတွေပါ…
အဲဒီတုန်းက သူမကိုမိတိဆက်ပေးခဲ့တဲ့သူငယ်ချင်းကောင်မလေးက..
မုတ်သုန်နဲ့ သွားအတူ လာအတူအမြဲရှိနေခဲ့တာကြောင့်..
မုတ်သုန်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကတစ်ပုဒ်လို့..
သူမ ဘက်ကကြိုတွေးကောက်ချက်ဆွဲထားခဲ့တယ်ဆိုတာကို..
နောက်ပိုင်းမှ သူမ ပြောခဲ့လို့သိခဲ့ရပါတယ်…
အချိန်တွေကိုဖြတ်သန်းကြရင်း သူမနဲ့ ပိုပြီးရင်းနှီးလာခဲ့တယ်…
သူငယ်ချင်း…
သူမနဲ့သူငယ်ချင်းဆိုတဲ့အနေအထားကလည်းပိုပီပြင်လာခဲ့တယ်..
ဖြစ်ခဲ့သမျှတွေချုံ့ပြီးပြောကြရင်တော့..
အကြောင်းမတိုက်ဆိုင်လို့ မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းနဲ့..
အဆက်အသွယ်တွေပြတ်တောက်သွားခဲ့တဲ့အချိန်မှာတော့..
သူမ နဲ့ပိုပြီးတော့ အနေနီးစပ်လာခဲ့ပြီး
သွားအတူ လာအတူဖြစ်လာခဲ့တယ်..
နင် သူ့ကိုကြိုက်နေတာလားတဲ့ ဖုန်းထဲကနေ…
မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းမလေးကမေးတော့ ….
ဘယ်လိုစကားလုံးတွေနဲ့ပြန်ဖြေခဲ့သလဲဆိုတာ…
ခုချိန်မှာပြန်စဉ်းစားလို့မရတော့ပါဘူး…
အဲဒီအချိန်ထိလည်း သူမနဲ့ကသူငယ်ချင်းတွေ..
အရင်းနှီးဆုံးသောသူငယ်ချင်းတွေ..
သူမ နားမှာရှိနေခဲ့သော ယောကျာင်္လေးတွေထဲကမှ…
ထူးခြားသောလူတစ်ယောက်အဖြစ် ရှိနေခဲ့တုန်းပဲ….
ပိုပြီးပြောရရင် သူမကိုပိုးပန်းနေကြသောယောကျာင်္လေးတွေရဲ့
မျက်စိထဲမှာ မုတ်သုန်ဟာဆူးတစ်ချောင်းဖြစ်လာခဲ့တယ်..
အဲ့ဒီအချိန်ထိ သူမကို ချစ်နေခဲ့ပြီလားဆိုတာ …
ဘာမှမကျိန်းသေခဲ့ပါဘူး…
(၅)
စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားလို့နောက်တနှစ်ကိုရောက်တဲ့အချိန်မှာ.
သူမနဲ့ အတန်းထဲမှာအတူထိုင်တဲ့သူတွေဖြစ်လာခဲ့ပြီးတော့
အချိန်တွေအတော်များများမှာ နှစ်ယောက်အတူရှိနေတတ်ခဲ့တယ်
အတန်းရှိတဲ့နေ့တွေတိုင်း သူမ ကြိုက်တတ်တဲ့မုန့်တွေဝယ်ပြီးမှ
အတန်းထဲ ရောက်လာတတ်ခဲ့တာတွေ…
စာသင်နေတဲ့အချိန်ဘေးနားမှာသူမရှိနေရင်ဘယ်တော့မှအိပ်မငိုက်တတ်တာတွေ…
သူမပြောသမျှစကားလုံးတိုင်းဟာ နားဝင်ချိုနေတတ်တာတွေ..
အတန်းချိန်ပြီးတိုင်း အောက်မှလာစောင့်နေတတ်တဲ့…
သူမပြောတဲ့ သူမချစ်သူဆိုတဲ့လူတစ်ယောက်ကို..
စိတ်ထဲမှာ ရန်သူတစ်ယောက်လိုသဘောထားမိတာတွေ…
အလုပ်ထဲမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အားတဲ့အချိန်တိုင်း…
ခေါင်းထဲမှာ သူမ ရဲ့အကြောင်းတွေကိုချည်းတွေးဖြစ်နေခဲ့တာတွေ…
အဲဒါတွေရဲ့နောက်မှာ
သူမကိုချစ်မိသွားပြီလားဆိုတဲ့မေးခွန်းကို..
ကိုယ့်ကိုကိုယ်မမေးဖြစ်ဖို့ အမြဲရှောင်နေတတ်ပါပြီ…
အတန်းမတက်တဲ့နေတွေအတွက် သူမကိုစိတ်ပူတတ်ခဲ့ပြီ…
ဘယ်သူမှလာမကြိုတဲ့နေ့တွေမှာ ဘတ်စ်ကားမှတ်တိုင်ကို…
ဘယ်သူလိုက်ပို့ပေးမှာလည်းဆိုတာတွေ တွေးတတ်လာခဲ့ပြီ…
အဆိုးဝါးဆုံးလုပ်ရပ်တစ်ခုက…
ကဗျာတွေကို သူမရဲ့ လေ့ကျင်ခန်းစာအုပ်တွေထဲမှာ ရေးပေးတတ်ခဲ့ပြီ..
သူမကို မုတ်သုန် ချစ်မိသွားခဲ့ပါပြီ…
ဒီအတွက် ဘာအကြောင်းပြချက်မှမလိုပါဘူး
ရိုးရိုးကလေးပဲချစ်မိသွားခဲ့တာပါ…
(၆)
ချစ်ခြင်းဟာအရာရာကိုပြောင်းလဲစေခဲ့ပါတယ်..
သူမကိုချစ်ခဲ့မိပြီလို့ မသိစိတ်က ၀န်ခံလိုက်တဲ့နောက်ပိုင်း..
သူမနဲ့ပတ်သက်သမျှအရာအားလုံးဟာ
ဝမ်းနဲစရာ၊ ၀မ်းသာစရာတွေပြည့်နှက်နေတာပါပဲ….
တခြား တခြားသော ယောကျာ်းလေးတွေနဲ့ တွဲလာတတ်တဲ့သူမကို..
စိတ်ထဲက ဒေါသထွက်တတ်လာပါတယ်…
စိတ်ဆိုးရင် မျက်နှာပါပျက်နေတတ်တာကို
အလွယ်တကူပဲ ရိပ်မိနေတတ်တာလည်း သူမပါပဲ…
အဲလို အချိန်မျိုးးမှာဆိုရင်…သူမက
ဟေ့ရောင် မင်းကဘာဖြစ်နေတတ်တာလည်းလို့ အမြဲမေးတတ်ပါတယ်..
ဒီလိုအသုံးအနှုန်းမျိုးကိုလုံးဝမကြိုက်တဲ့မုတ်သုန်က..
နင်ငါ့ကိုဟေ့ရောင်လို့လည်းမခေါ်နဲ့
မင်းလို့လည်းမပြောနဲ့လိုပြောဖူးပါတယ်.
နင့်ထက်ငါက အသက်တစ်နှစ်ပိုကြီးတာပဲ
ခေါ်တော့ဘာဖြစ်လဲလို့..
သူမကအမြဲပြောတတ်တယ်..
အသက်ကြီးကြီး မကြီးကြီး မင်းလို့မခေါ်နဲ့ ..
မကြိုက်ဘူးလို့ပြောတတ်တာက..
မုတ်သုန်ဖြစ်လို့နေတတ်ပါတယ်…
အေးပါ နောက်ဆိုမခေါ်တော့ပါဘူးလို့…
အမြဲပြောတတ်တာက.. သူမပါ
စိတ်ဆိုးရတဲ့အကြောင်းကလည်း
အဲလိုအခြေအတင်လေးပြောလိုက်တာနဲ့..
ပျောက်ပြက်သွားတတ်ပြီး….နှစ်ယောက်စလုံးအပြုံးမပျက်ပါပဲ..
နင်မကြိုက်ရင် နောက်မခေါ်တော့ဘူးလို့ပြောခဲ့ပေမယ့်လည်း
မုတ်သုန်စိတ်ဆိုးနေတိုင်း သူမကတော့အမြဲခေါ်လျှက်ပါ…
ရင်းနှီးမှုတွေတစ်စ တစ်စ ပိုလာရင်းက…သူမကို ချစ်နေခဲ့တယ်ဆိုတာကို..
သူမက သိနေခဲ့ခြင်းပါပဲ…
ကြည့်စမ်းပါဦး ဘယ်လောက်များတုံးလိုက်တဲ့
ယောင်္ကျားတစ်ယောက်ပါလဲ…လို့..
(အဲလိုစကားလုံးမျိုးကို မင်းခိုက်စိုးစန်ရော
တာရာမင်းဝေရော သုံးထားခဲ့ဖူးပါတယ်)
(၇)
သူမဟာအင်တန်မှကို ပါးနပ်တဲ့မိန်းကလေးတစ်ယောက်ပါ…
သူမကိုချစ်နေတဲ့အကြောင်းတစ်ခွန်းမှမဟဖူးတဲ့မုတ်သုန်နဲ့…
နှစ်ယောက်တည်းအတူရှိနေတဲ့အချိန်တွေမှာဆို…
သူငယ်ချင်းတစ်ယောက်လိုနေပြတတ်ပြီး
အများတကာရှေ့မှာတော့
ချစ်သူတစ်ယောက်လိုနေပြတတ်ပါတယ်…
အပေါင်းအသင်းတွေနဲ့တွေ့တိုင်း …
အမြဲမေးလေ့ရှိတဲ့ သော့ထေ့ထေမေးခွန်းတွေ
အစွန်းမလွတ်တဲ့မေးခွန်းတွေကိုသူမက လှလှပပ ဖြေဆိုတတ်ပြီး..
မချိပြုံးပြုံးနေတတ်ခဲ့တာက မုတ်သုန်ရယ်ပါ….
(အရမ်းကိုလှတဲ့ကောင်မလေးရေ အဲဒါတွေအတွက်လည်း
နင့်ကိုသတိရနေတတ်ပါတယ်)
သူမက အရမ်းကိုလှတဲ့ကောင်မလေးတစ်ယောက်ပါ..
သူမဘယ်လောက်လှသလဲဆိုတာ..
သူများတွေက ပြောလွန်းမကပြောတော့မှသိရတာပါ…
ဒါဆိုရင် သူမကိုလှလို့ချစ်သွားတာလား..
ဟင့်အင်း …. လှလို့ဆိုတာထက်..
ချစ်စရာ ကောင်းလို့ကိုချစ်သွားတာပါ…
တစ်ချို့များဆိုမင်းနဲ့တန်တောင်မတန်ဘူးလို့တောင်…
အားမနာ လျှာမကျိုးပြောတတ်ပါသေးရဲ့..
အခုများတော့ သူတို့လည်းဝမ်းသာနေရောပေါ့..
သူမရှိနေတတ်တဲ့အချိန်တွေဟာ အလွန်သာယာပါတယ်…
သူမနဲ့အတူ ထီးရိပ်တစ်ခုအောက်တည်း…
အတူလမ်းလျှောက်ခဲ့တဲ့နေ့တွေဆို ဘယ်လိုမှပြောမပြတတ်အောင်ပဲ..
နောက်… လမ်းဖြတ်ကူးလို့ လက်မောင်းကိုလှမ်းကိုင်ထားတဲ့..
သူမရဲ့ လက်အစုံဟာ ဘာနဲ့မှအဖိုးမဖြတ်နိုင်တဲ့အရာပါ..
ဒီလိုခံစားမှုတွေကို တစ်ခွန်းမှပြောမပြခဲ့တာလည်းဒီနေ့အထိပါပဲ…
(၈)
သူငယ်ချင်းမက ရည်းစားမကျပုံစံမျိုးနဲ့နေထိုင်လာခဲ့ရင်း..
သူမကို ချစ်တဲ့အကြောင်းပြောဖို့ ကြိုးစားခဲ့တာ..
အကြိမ်ပေါင်းမနည်းခဲ့ပါဘူး..
မိန်းကလေးတစ်ယောက်ကို ချစ်တဲ့အကြောင်းပြောရတာဟာ..
ဘယ်လောက်အထိခက်သလဲဆိုတာ ….
ကိုယ်တိုင်ကြုံမှ သိခဲ့ရတာ…
သူမရဲ့ လေ့ကျင့်ခန်းစာအုပ်တွေထဲမှာရေးပေးခဲ့တဲ့..
ကဗျာတွေထဲက ထည့်ရေးခဲ့ဖူးတာ..
သူမနားမလည်တဲ့စကားလုံးတွေကိုရှင်းပြတတ်တာ…
သူမကိုချစ်တဲ့အကြောင်းတွေ…
ငါ့သူငယ်ချင်းက သိပ်ချစ်ဖို့ကောင်းတာပဲလို့ …
သူမအမြဲတန်းပြောတတ်ပါတယ်…
နင့်ကဗျာတွေက နားလည်ရခက်ပါတယ်လို့လည်း..
ဆိုနေတတ်ပေမယ့် နောက်လည်းရေးပေးဦးလို့အမြဲပြောတတ်တယ်…
သူမ စိတ်ချမ်းသာမယ်ဆို ဘာမဆိုလုပ်ပေးတတ်ခဲ့တယ်..
မုတ်သုန်မကြိုက်တာ တစ်ခကိုတော့ သူမ မလုပ်ပေးနိုင်ခဲ့ဘူး…
အဲဒါက…မုတ်သုန်ရှိနေတဲ့နေရာကို
တခြားယောကျာ်းလေးတွေခေါ်မလာပါနဲ့ဆိုတာ….
၂၀၀၅ ခုနှစ်ရဲ့ မိုးကာလတွေဟာ သူမ နဲ့ပတ်သက်လာရင်…
အထိခိုက်အလွယ်ဆုံးရက်တွေပါပဲ…
မိုးတွေအရမ်းရွာနေခဲ့တဲ့ ဇွန်လထဲက နေ့ရက်တစ်ခုမှာ…
အခါးသီးဆုံးဒဏ်ရာတစ်ခုကို စပြီးတော့ပေးခဲ့တာသူမပေါ့…
အဲ့နေက ငိုနေခဲ့မိသလားတော့မသိပါ..
မိုးတွေအရမ်းရွာနေတဲ့ကြားက ထီးမဆောင်းပဲ..
အိမ်ကိုအရောက်ပြန်ခဲ့တယ်…
နောက် အဲနေ့ညက ကဗျာတစ်ပုဒ်ရေးခဲ့တယ်…
သူမနဲ့ ရင်းရင်းနှီးနှီးရှိနေစဉ်ကာလတစ်လျှောက်….
သူမအတွက်ရေးပေးခဲ့တဲ့ကဗျာတွေထဲကမှ…
လက်ထဲမှကျန်နေရစ်ခဲ့တဲ့ တစ်ပုဒ်ထဲသောကဗျာ…
နောက်တစ်နေ့ပြန်တွေ့ကြတဲ့အချိန်..
အမှတ်မရှိတဲ့မုတ်သုန်က..
အဲဒီကဗျာကို သူမကိုပေးဖတ်မိစေခဲ့တယ်…
သိပ်ကြိုက်လွန်းလို့တဲ့ သူမရဲ့လေ့ကျင့်ခန်းစာအုပ်ထဲကိုတောင်
ကူးထည့်ပေးခဲ့ရပါသေးရဲ့………..။
အဲဒီနေ့က မိုးတွေရွာနေခဲ့တယ်…
မိုးရွာနေတယ်
မိုးရွာနေတယ်
မြို့ပြရဲ့မှိန်ဖျော့မီးရောင်အောက်မှာ
ဖြူဖျော့ဖျော့ ကြောင်တောင်တောင်
မျက်လုံးတစ်စုံနဲ့ အဝေးကိုကြည့်ခဲ့မိတော့
အိမ်ပြန်နောက်ကျခဲ့ပါတယ်။
ပါရီမြို့ရဲ့လမ်းမများမဟုတ်ဘူး
လမ်းဘေးကဖေးဆိုင်တစ်ခုမှ
ဗင်ဂိုးနဲ့တွေ့တော့
သူက အာဆူလာ အကြောင်းပြောတယ်
ကျွန်တော်က..
ခန့်မှန်းရခက်တဲ့ မိန်းမတစ်ယောက်အကြောင်းပြောတယ်။
ပြန်လည်နားလည်မှုမရခဲ့ပုစ္ဆာများရဲ့
အဖြေဟာရှုပ်ထွေးနေဆဲပဲ
လျှပ်စီးတလျှပ်နဲ့အတူ
အရစ္စတိုတယ် ရုတ်တရက်ဝင်လာပြီး
ရူးသွပ်မှုနဲ့ကင်းတဲ့ အကောင်းဆုံးစိတ်ဓာတ်ဆိုတာ
ဒီလောကမှာ မရှိဘူးတဲ့…
ရယ်မောရင်းပြန်ထွက်သွားတယ်။
မောင်ညိုမှိုင်းကတော့..
ကုသပျောက်ကင်းခြင်းမည်တိုင်း
ကယ်တင်ခြင်းမည်ပါရဲ့လားတဲ့…. မေးတယ်။
နားလည်ပါတယ်
နားလည်ပါတယ်
နားလည်ပါတယ်
နားလည်ပါတယ် အကြိမ်တစ်ထောင်ရွတ်ရင်း
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
မိုးစက်တွေက ကျဆဲပဲ။
မိုးရွာနေတယ်။
မိုးရွာနေတယ်
မြို့ပြရဲ့ နီကြင်ကြင်မီးရောင်အောက်မှာ
ခြောက်ကပ်ကပ် ပင့်သက်ရှိုက်ရင်း
အဝေးကိုကြည့်မိတော့
အိမ်ပြန်နောက်ကျခဲ့ပါရဲ့…
အဲဒီနေ့က မိုး သည်းသည်းမည်းမည်းရွာနေတယ်။
၂၆ .၆ .၂၀၀၅
၁၂း ၅၅ (AM)
(၉)
အက်ကွဲကြောင်းတစ်ခုရဲ့အစဟာ…
နောက်ပိုင်းမှာပိုပြီးတော့ကြီးထွားလာပါတယ်….
သူမစပေးခဲ့တဲ့ ဒဏ်ရာကိုအမြဲရင်းနေအောင်လုပ်ခဲ့တာကိုတော့..
ဒီနေ့အထိလုံးဝနားမလည်ခဲ့ပါဘူး…
ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့ ဖြစ်လာခဲ့တဲ့ဆက်ဆံရေးတွေအပေါ်..
သူမဘက်ကတော့ မသိဘူး..
မုတ်သုန်ဘက်ကတော့ ဘယ်လိုမှကိုးခံနိုင်ရည်မရှိခဲ့တာ..
စိတ်ဆိုးလို့စကားမပြောကြေး မခေါ်ကြေးဆိုပေမယ့်လည်း…
နောက်ပိုင်း ပြန်ခေါ်ရတာက မုတ်သုန်ပဲဖြစ်နေတယ်…
နောက်ဆုံးတော့ နင်ငါ့ကိုပြန်ခေါ်ရတာပဲမဟုတ်လားလို့..
အမြဲတန်းအနိုင်စကားဆိုခဲ့တာသူမပါ..
ဒီအချိန်အထိ နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးက..
သူငယ်ချင်းမက ရည်စားမကျဖြစ်နေတုန်းပါပဲ..
ပတ်ဝန်းကျင်ရဲ့အမြင်အားလုံးကတော့…
နှစ်ယောက်စလုံးရဲ့ ရင်းနှီးမှုပုံစံက ချစ်သူတွေ….။
မနေနိုင်လွန်းလို့ ဖွင့်ပြောတတ်တဲ့လူတွေမေးလာရင်လည်း..
ဟုတ်တာပေါ့ သမီးတိုနှစ်ယောက်ကကြိုက်နေကြတာလို့…
အပြုံးမပြတ်ဖြေတတ်တာသူမပါ…
ဒီစကားကြားလိုက်တဲ့အချိန်တိုင်း
ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတတ်တာ မုတ်သုန်။
သူကတော့ ပြုံးလို့….။
အဲဒီအပြုံးဟာ သိပ်ကြောက်စရာကောင်းမှန်း…
နောက်ပိုင်းမှသိခဲ့ရတာ။
၂၀၀၆ ခုနှစ်ရဲ့ နှစ်လည်ပိုင်းတွေဟာ..
နှစ်ယောက်စလုံးရဲ့ ဆက်ဆံရေးတွေကိုပြောင်းပစ်ဖို့…
စိတ်ခွန်အားတွေက စိန်ခေါ်လာခဲ့ပါတယ်…
သူမကို ချစ်နေတဲ့အကြောင်းပြောဖို့…
မဖြစ်မနေပြောဖို့ လိုအပ်လာခဲ့ပါပြီ။
သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးတံတိုင်းကြီးကို ..
ဖြိုဖျက်ပစ်ဖို့ ခံတပ်တွေဆောက်ရင်း စစ်ကြေငြာဖို့ ကြိုးစားခဲ့ပါပြီ…။
တကယ်တန်းပြောမယ်လည်းဆိုရော..
ပြုံးကြည့်နေရင်း ဘာပြောမှာလဲလို့မေးနေတဲ့..
သူမကိုကြည့်ရင်း ဇောချွေးတွေပြန်နေလားမသိ…
ကိုယ့်ကိုကိုယ်အားတင်းရင်း ပြောလိုက်တာ…
စကားသာဆုံးသွားတယ် သူကတော့အပြုံးမပျက်ပဲ…
စကားတောင်ထောက်ပေးနေသေးတယ်..
အဲ့ဒီတော့ဘာဖြစ်လဲတဲ့ (သေရော…..)
ဘာမှကိုဆက်မပြောနိုင်တော့တာ…
ဘာဆက်ပြောရမလဲဆိုတော့….
နင့်အပေါ်မှာသူငယ်ချင်းတစ်ယောက်လိုသဘောမထားနိုင်တော့ဘူးလို့…
အဲဒါတွေနောက်မှပြောတာပေါ့တဲ့..
သူမကပြောရင်း …..ထပြန်ခဲ့ကြတယ်
နောက်နေ့တွေတွေ့တော့လည်း ဒီအတိုင်ပါးပဲ..
မေးလိုက်တိုင်းပြုံးပြီးကြည့်နေတယ်..
မေးလွန်းမကမေးတော့မှပြန်ဖြေတယ်…
ငါတို့နှစ်ယောက်သူငယ်ချင်းတွေလိုပဲနေကြရအောင်တဲ့…
တကယ်ပါ ကမ္ဘာကြီးတစ်ခုလုံးချာချာလည်သွားတာပါပဲ..
ဘယ်လိုမှကိုထင်မှတ်မထားခဲ့တဲ့စကားတစ်ခုပါ…
အချိန်တွေအကြာကြီးရင်းနှီးလာခဲ့ကြတဲ့နှစ်ယောက်စလုံးရဲ့…
ဆက်ဆံရေးလမ်းကြောင်းပျောက်ဆုံးဖို့အကြောင်းဖန်လာခြင်းအစပါ။
(၁၀)
သဘောတရားတွေဟာအင်မတန်ကိုရှုပ်ထွေးပါတယ်..
ချစ်တာကိုချစ်တဲ့အကြောင်းဘယ်လိုမှရှင်းပြလို့မရသလို..
မချစ်တဲ့လူကို ဘာကြောင့်မချစ်တာလဲဆိုတာပြောရခက်ပါတယ်…
သူငယ်ချင်းလိုပဲနေကြရအောင်လို့ပြောတဲ့သူမကို…..
ဘယ်လိုနည်းနဲ့မှ အပြစ်တင်စကားဆိုလို့မဖြစ်ပါဘူး..
လူတစ်ယောက်ဟာလွတ်လပ်သောရွေးချယ်ခွင့်ရှိရပါမယ်..
အဲဒီရွေးချယ်ခွင့်ကို အပြည့်အ၀အသုံးချသွားခဲ့တာကသူမပါ
နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကတော့ဘာမှတော့ပြောင်းမသွားသေးပါဘူး..
သူဆံပင်ကောက်လိုက်ရာကဖြောင့်လိုက်တဲ့အကြောင်းလည်းခေါ်ပြောစမြဲ..
အဖေကနင့်ကိုတွေ့ချင်လို့ဆိုပြီး အိမ်ခေါ်တွေ့မြဲ..
မုန်လိုက်ဝယ်ကျွေးပါလားဆိုပြီး ပူဆာစမြဲ….
လိုချင်တာရှိရင်ဝယ်ပေးပါလားလို့ပြောစမြဲ…
သူမဖက်ကတော့ဘယ်အရာမှမပြောင်းလဲခဲ့ပါဘူး…
မပြတ်မသားဖြစ်ပြီး မျှော်တရေးရေးဖြစ်နေခဲ့တာကမုတ်သုန်…။
ချစ်ခြင်းဟာ လူကိုရူးသွပ်စေခဲ့ပါတယ်။
ရူးသွပ်နေခဲ့တဲ့ချစ်ခြင်းသွက်သွက်ခါသွားခဲ့တာကတော့..
တစ်ခါမှမမြင်ဖူးတဲ့ယောက်ျားတစ်ယောက်ကို..
မုတ်သုန်ရှေ့ကိုခေါ်လာခဲ့တဲ့အချိန်ပါ။
ငါဘာကောင်လဲဆိုတဲ့မေးခွန်းကို မေးတတ်တဲ့အချိန်….
ရူးသွပ်ခဲ့တဲ့ချစ်ခြင်း သွက်သွက်ခါတဲ့အချိန်ပေါ့။
သူမနဲ့သဘောတူထားခဲ့တဲ့ ခပ်ပါးပါးစည်းလေးတစ်ခုကို..
သူမဖက်ကပဲ စတင်ချိုးဖြတ်ခဲ့ပါတယ်..
ဒီအတွက် သူကိုအပြစ်ပြောခြင်းမဟုတ်ပါ…
အပြန်အလှန်စောင့်ထိန်းရမယ့် ကျင့်ဝတ်ကိုသူမလျစ်လျူရှု့ခဲ့လို့ပါ…
၂၀၀၇ခုနှစ်ရဲ့ နွေဦးရာသီဟာ အလွန်တရာပူပြင်းခဲ့ပါတယ်..။
(၁၁)
အရာအားလုံးကိုအဆုံးသတ်ဖိုဖန်လာခဲ့ပါတယ်..
သူမဖက်က ဘယ်အရာမှပြောင်းလဲမယ့်ဟန်မတွေ့ရတဲ့အချိန်မှာ..
ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်ဖို့ကြိုးစားတာဟာ…
မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တာလားဆိုတာ..
ဒီနေ့အထိ မဝေခွဲတတ်သေးပါဘူး။
အဲ့ဒီနေ့တုန်းက ကော်ဖီမကြိုက်တဲ့သူမဟာ..
မုတ်သုန်နဲ့အတူ ကော်ဖီဆိုင်ထိုင်ရင်း….
ပြောသမျှစကားတွေအသေအချာနားထောင်နေခဲ့ပါတယ်..
သူမ ပြုံးမနေပါဘူး…
သူနားလည်တယ်ဆိုတဲ့အကြောင်း ပြောနေတယ်
သူ့စကားသံမှာ ငိုသံပါနေသလားတော့ သေချာပါဘူး..
သူမကိုပြောခဲ့တာတွေထဲမှာ မှတ်မိနေတဲ့စကားတစ်ခုက..
ချစ်သူတစ်ယောက်လို့ပဲသဘောထားချင်တဲ့ငါ့အတွက်..
သူငယ်ချင်းအဖြစ်ပဲရှိနေမယ်ဆို…
ငါတို့မတွေ့ကြရုံတော့ပဲရှိတော့တယ်လို့…။
သူမနဲ့ပတ်သက်လို့နောက်ဆုံးစကားတစ်ခွန်းပါ။
သူမကိုနောက်ဆုံးပေးခဲ့တဲ့လက်ဆောင်က..
ဒိုင်ယာရီထဲံက သူမအတွက်ရေးထားတဲ့ စာမျက်နှာတွေပါ…။
နောက်ပိုင်း မျက်နှာချင်းဆိုင်တစ်ခါမှ မတွေ့ဖြစ်တော့ပါဘူး။
ရံဖန်ရံခါအွန်လိုင်းမှာတွေ့တိုင်း..
အကြောင်းပြချက်တစ်ခုရှာတိုင်း တွေ့ကြဖို့အတွက်..
သူမ ဖက်ကစကားခေါ်ခဲ့တဲ့တိုင် အမြဲငြင်းဆိုတတ်ခဲ့ပါပြီ။
အက်ကြောင်းတွေအများကြီးပေါ်ခဲ့ပြီးမှရွေးချယ်ခဲ့တဲ့လမ်းဟာ..
ဘယ်လောက်ထိမှန်သလဲဆိုတာတော့ မကျိန်းသေလှပါဘူး….။
အဲဒီနောက်ပိုင်း ၂၀၀၇ ရဲ့ဆောင်းရက်တွေဟာ
အဆိုးဝါးဆုံးဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေပါပဲ။
(၁၂)
ဖြစ်ခဲ့တာတွေအားလုံးအတွက် သူမမှာတာဝန်မရှိပါဘူး..
ပေါင်းစပ်မရာတဲ့အရာဟာ ဘယ်လိုနည်းနဲ့မှကို..
ပေါင်းစပ်လို့ရမှာမဟုတ်ပါဘူး…
သူမအတွက် အားကိုးအားထောက်ပြုလောက်တဲ့..
ယုံကြည်ကိုးစားနိုင်လောက်တဲ့ …
သူမရွေးချယ်တဲ့စံနဲ့မကိုက်ညီလို့..
အတူလက်တွဲကြဖို့မရွေးချယ်ခဲ့တာဆိုရင်လည်း..
သူမဖက်ကမှန်နေပါလိမ့်မယ်…
သူမနဲ့အတူရှိနေခဲ့တဲ့ရက်တွေအတွက်…
သူမကိုကျေးဇူးတင်နေဆဲပါ..
ပေးသလောက်မရခဲ့ဘူးဆိုရင်လည်း မရခဲ့တဲ့အတိုင်း..
နားလည်မှုမရှိခဲ့ဘူးဆိုရင်လည်း မရှိခဲ့တဲ့အတိုင်း…
သူရော မုတ်သုန်ရော..ရွေးချယ်မှုအတွက်
ဘယ်သူမှ မမှားယွင်းခဲ့ကြပါဘူး။
ချစ်ခြင်းကတော့အမြဲ လှပနေခဲ့ပါတယ်။
ချစ်ခြင်းကို အရောင်ဆိုးကြတဲ့လူသားတွေကတော့
ပြောင်းလဲနေတတ်ကြပါတယ်။
မုတ်သုန်လည်း ချစ်ခဲ့ဖူးပါတယ်……။
မျက်ရည်သစ်ပင်
ချစ်ခြင်းနဲ့ပတ်သက်လို့
အကြောင်းအရာတစ်ခုလောက်ရေးကြည့်ဖို့
မောင်မျိုးကို ချောက်တွန်းလိုက်တော့ တကယ်ရေးတယ်ဗျာ
သူတောင်ရေးသေးတာပဲ
ဘာရမလဲဆိုပြီး ကော်မန့်တောင်ဝင်ပေးပစ်တယ်
အဲဒီကော်မန့်ကိုထောက်ခံတဲ့လူကရှိသေး
နောက်နေ့တွေ့တော့
ဆရာသမားက မင်းလည်းရေးပါလားတဲ့။
အဲဒါမှ ပြဿနာ…. မရေးပြန်လဲမကောင်း… ရေးပြန်တော့လဲမကောင်း
ကြောင်မျိုးကတော့ စိတ်ခုနေမှာအသေအချာ
.ဟိုဟိုဒီဒီခေါင်းရှောင်လို့..ရပေမယ့်
ကိုယ်စရှို့ထားတဲ့အရာဖြစ်နေပြန်… နေပါဦးလေ
ချစ်ခြင်းဆိုလို့ စတုန်းကလည်းမကောင်း
အဆုံးလည်းကောင်းမည်မထင်
ဘယ်တုန်းကမှလည်းကောင်းတာမရှိခဲ့
ဘယ်လိုလုပ်ရမလဲစဉ်းစားရင်း
တရေးနိုးသော်အကြံပေါ်တဲ့… တရေးတော့မနိုးပါဘူး
ညမအိပ်ပဲစာအုပ်ရှာလိုက်တာ
ဖယောင်းတိုင်လေးငါးတိုင်လောက်ကုန်အောင်..မီးထွန်းရှာလိုက်တာ
တွေ့ပါလေရဲ့ဗျာ
စာအုပ်ရှာတာကလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး
သူငယ်ချင်းတစ်ယောက်ကိုပေးလိုက်ချင်လို့
အလာတော့ကောင်းပါရဲ့ အခါနှောင်းဆိုသလို
ပေးချင်တဲ့စာအုပ်က ပေးချင်တဲ့လူဆီ
အကြောင်းအမျိုးမျိုးကြောင့်ရောက်မသွားရှာလေဘူး
နောက်တွေ့တော့ပေးရတာပေါ့
စိတ်ထဲတော့ သိပ်မကောင်းလှဘူး
ဖြစ်တတ်တဲ့သဘာဝမို့…လက်ထဲရှိနေတဲ့စာအုပ်ကိုပဲ
ဟိုဟိုဒီဒီလှန်ကြည့်ရင်း… စာတရွက်လှန်တိုင်း
ရင်ခုန်သံတွေအစိမ်းလိုက်မြည်တယ်
ဟိုးတုန်းကပြောတာပါ
တော်တော်စွဲလန်းခဲ့ရတဲ့စာအုပ်
ကဗျာစာအုပ်ဆိုပေမယ့်
အက်ဆေးတစ်ချို့နဲ့ရောမွှေထားတာ
အဲဒီစာအုပ်ရဲ့ နောက်ဆုံးပိုင်းမှာ
အက်ဆေးလေးတစ်ခုပါတယ်
တကယ်ကောင်းပါတယ်
ရေးတဲ့လူကတော့ရှေ့မှာပြောခဲ့တယ်ဗျ
”ခင် ဟူ၍ရင်တုန်လာသဖြင့်
လက်ကလေးဖြင့်ဖိထားရပါသည် ” တဲ့
တော်တော်ဆိုတဲ့စာပါ
သူရဲ့ခံစားပုံအရဆို တကယ်လည်းဖြစ်နိုင်ပါတယ်
အဲလိုရင်ခုန်သံမျိုး မီးကူးကြည့်ဖို့ကြိုးစားကြည့်သေးတယ်
ကံဆိုးချင်တော့ ဘေးနားမှာ ခင် နဲ့တူတာ
တစ်ယောက်မှ မရှိခဲဘူး
လက်လျော့လိုက်ရလေသတည်းပေါ့
ဆိုတော့ဗျာ
စာအုပ်မှာပါတဲ့ အက်ဆေးလေးကို
ပြန်တင်ပေးမယ်
အတော်များမျာကလည်းကြိုက်ကြမှာပါ
မြွေရေခွံအိတ်တစ်လုံးရဲ့အောက်ဆုံးနားရောက်နေခဲ့သော
မရှိတော့ဘူးလို့ထင်တားတဲ့..စာအုပ်လေးကိုလည်း
အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့
နောက်
အမှတ်ရစရာတွေ ရရှိထားခဲ့တဲ့ ဒီရက်သတ္တပတ်ကို
အလေးထားမိတဲ့အနေနဲ့
သူများပြောတဲ့အချစ်အကြောင်းမှာ
သွားအာချောင်ထားမိခဲ့တဲ့အတွက်ရော
အစစ အရာရာ အတွက်ပါ
သူများရေးထားတဲ့
အက်ဆေးတစ်ပုဒ်ပြန်တင်ပေးပါမယ်
ကိုယ်တိုင်ရေးထားတာမဟုတ်ပေမယ့်
ကိုယ်တိုင်ခံစားးခဲ့ရသလိုပါပဲ
စာအုပ်နာမည်က
” ပြုံးနေတဲ့ သံဆူးကြိုးလေး”
ရေးထားတဲ့လူက ကေဇော်
(မန္တလေးသိန်းဖော်လို့လည်းလူသိကြပါရဲ့)
ထုတ်ခဲ့တဲ့ ခုနှစ်က… ၁၉၈၈ မတ်လ
အက်ဆေးနာမည်က “မျက်ရည်သစ်ပင်”
    မျက်ရည်သစ်ပင်
    ထင်းရှုးလမ်းပဒေသာလမ်းပါတဲ့…
    လမ်းကလေးရဲ့တစ်ဖက်တစ်ချက်မှာတော
့ထင်ရှုးပင်တွေအစီအရီပေါက်နေကြ တယ်။
    တစ်ချို့အပင်တွေကငိုနေသလိုပဲ၊
    သူတို့အသီးကြီးတွေကမျက်ရည်စကြီးတွေနဲ့တူနေတယ်။
    တစ်ချို့အပင်တွေကျတော့လည်းခြေလက်တွေချိုးပြီး
    ကနေ ကြသလိုပဲ။အခက်အလက်တွေကော့ပျံ့နေတယ်။
    တချို့ကျတော့လည်းလူရွှင် တော်တွေလို
    အမြဲရယ်ကြဲကြဲလုပ်နေကြပါတယ်။
    တစ်ချို့ကျတော့လေမကြောက်မိုးမကြောက်၊
    နေမကြောက်၊အမြင့်မားဆုံးပေါက်ရောက်ပြီးခါကြီးတွေ
    ထောက်နေလေရဲ့။….. နောက်ပြီး
    ထင်ရှုးပဒေသာလမ်းနဲ့ ပတ်သက်တဲ့
    ဇာတ်လမ်းကလေးတစ်ခု လည်းရှိတယ်။
    နွေတုန်းကထင်ပါရဲ့ ။
    လေဟာမျက်ရည်သစ်ပင်ကြီးတွေကိုအငိုရှာနေတယ်။
    အဲ့ဒီ အချိန်တုန်းက ကောင်လေးတစ်ယောက်
    လမ်းလျှောက်နေတာတွေ့တယ်။
    ကောင်လေးကိုကြည့်ရတာ
    တစ်စုံတစ်ခုနောက်ဆံတင်းနေသလိုပဲ၊
    (လမ်းဘေးက အုတ်ခုံလေးမှာ
    အင်္ဂတေတွေကွာနေလေရဲ့)
    ဒီလိုနဲ့နေ့ရက်တွေ ကုန်လွန် သွားခဲ့တယ်။
    တစ်နေ့ ထင်းရှုးပဒေသာလမ်းကလေးပေါ်ကို
    ကောင်မလေးတစ်ယောက်ထပ်ရောက်လာတယ်။
    သူကလမ်းကလေးကိုအားနာတယ်။
    ကောင်လေးက တောင်းပန်စရာမလိုဘူးကွယ်။
    လူ့ဘ၀ဆိုတာ အားနာစရာမှမဟုတ်တာလို့ရှင်းပြနေချိန်မှာ
    အခက်အလက်တွေကော့ပျံ့နေအောင်
    ခြေတွေလက်တွေချိုးပြီး ကနေတဲ့
    ထင်းရှုးပင်အုပ်ကလေးပေါ်ကို မိုးရွာချတော့တာပါပဲ။
    နေ ထွက်လိုက် မွန်းတည့်လိုက် နေ၀င်လိုက်နဲ့ ၊
    မကြာခင်မှာပဲ ….
    ကောင်လေးတစ်ယောက်ထပ်ရောက်လာပြန်တယ်
    သစ်ရွက်တွေမကြွေရဘူးတဲ့။
    အသံလာရာမော့ကြည့်လိုက်တဲ့အခါ
    အမြင့်မားဆုံးပေါက်ရောက်ပြီး
    ခါးထောက်နေတဲ့သစ် ပင်ကြီးကိုတွေ့တယ်။
    အဲ့ဒီအချိန်ကစပြီးထင်းရှုဒပဒေသာလမ်းပေါ်မှာ
    သူတို့သုံးယောက် လမ်းလျှောက်နေတာကို
    အားလုံးလိုလို မြင်ဘူးကြတယ်။
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ထင်းရှုးပင်ကြီးတစ်ပင်ကရယ်စရာဆိုတာ
    တို့သစ်ပင်ကြီးတွေကစပြီး တီထွင်ခဲ့တာပါကွာလို့
    ရယ်ကြဲကြဲ လုပ်နေတယ်။
    ထင်းရှုးပဒေသာလမ်းကလေးဟာ
    ပျော်စရာဘယ်လောက် ကောင်းပါသလဲ
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ကမ္ဘာကြီးရယ်…
    ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။
    တစ်ကယ်ဆို ဒီအချိန်မျိုးမှာ…
    လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်သင့်ပါဘူး။
    ခုတော့လျို့ဝှက်စွာတိုက်ခတ် သွားတဲ့ မုန်တိုင်းကြောင့်
    ထင်ရှုးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။
    ထင်ရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း
    မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်..
    ဒါပေမယ့်…
    ထင်ရှုးပဒေသာလမ်းပေါ်မှာ
    ကောင်လေးတစ်ယောက်ဟာ …
    လမ်းလျောက်နေတုန်းပါပဲ၊
    (သူ့ကိုကြည့်ရတာ ဘာကိုမှနောက်ဆံတင်းပုံမပေါ်ဘူး၊)
    လမ်းဘေးအုတ်ခုံလေးမှာတော့ အင်္ဂတေတွေကွာနေရဲ့။ ။
    ကေဇော်
    (၂ စက်တင်ဘာ ၁၉၈၅ )
      ကြွေနေတဲ့သစ်ပင်
      ခုတလောတော့ စိတ်တွေက ဟိုလွင့်လွင့်ပါပဲ..
      ရေးစရာတွေရှိပေမယ့် ရေးချင်စိတ်ကမရှိဖြစ်နေတာကြောင့်..
      ဒီအတိုင်းပဲနေ နေလိုက်တော့တယ်…
      စာကြည့်တိုက်ထဲသွားရင်း မဂွဇင်းတစ်အုပ်ကိုကောင်လှန်လိုက်တော့..
      မဟောင်းသေးတဲ့အနာကို အရင်းခံနေသေးတဲ့ ..
      လူတစ်ယောက်ကိုတွေ့လိုက်ရတယ်..
      ကြာခဲ့တာလည်းကြာပြီဆိုတော့..
      မေ့ပြီထင်နေတာ …..
      သူမမေ့သေးတာကို အလန့်တကြားတွေ့ရတယ်…
      ခပ်ဝေးဝေးက လာနေတဲ့ အရိပ်တွေက
      တည့်တည့်တိုးဝင်လာသလိုပဲ..
      ရုတ်တရက်အငိုက်မိသွားချိန်…
      တယ်လီဖုန်းနံပါတ်ကောက်နှိပ်တယ်…
      လူကြီးမင်းနဲ့တိုးပြီးတဲ့နောက်..အသိတရားရှိစွာနဲ့ပဲ…
      ပြန်ချထားလိုက်တယ်….
      ကဗျာကိုပြန်ဖတ်ကြည့်တယ်..သူအခုထိမမေ့သေးဘူး..
      သူမမေ့သလိုမျိုး…ကိုယ်လည်းမမေ့နိုင်ခဲ့ရင်…
      အရှေ့ဖက်မှာ အရောင်လွင့်နေတဲ့တိမ်တွေ..
      လွင့်မျောလာသလိုပါပဲ…
      ဟောင်းသွားပြီဆိုပေမယ့်….
      မနေ့ကအတိုင်းပဲ….
      ရနံတွေက ပျောက်မသွားသေးဘူး…..
      ကြွေနေတဲ့သစ်ပင်
      ရောက်လေရာအရပ်မှာ
      မိုးတွေများ ရွာချပြီဆိုရင်ဖြင့်
      နေရာလပ်မကျန်အောင်
      ဘယ်ပြန်ညာပြန် လွမ်းမိပါရဲ့
      ဟိုး ရှေးရှေးတုန်းက မျက်မှန်လေးရေ
      ရေကြည်ရာမြက်နုရာ ရှာဖွေကြရင်း
      မင်းလည်းအဝေးရောက်
      ငါလည်းဘေးရောက်ခဲ့ပေမယ့်
      နားလည်မှုကို ရုပ်ဖျက်ပြီးပေးတတ်တဲ့
      နှုတ်ခမ်းလေးကို
      ဘယ်လိုလုပ်ပြီးမေ့လို့ရမှာလဲ
      မင်းမဟုတ်တဲ့အခြားတစ်ယောက်ကို
      ရင်းနှီးခဲ့ရတာ
      မင်းရွေးချယ်တဲ့ အလုပ်ကိုမှ
      လက်ရှောင်ခဲ့တာ
      သံယောဇဉ်ခေါင်းပါးခဲ့လို့မှမဟုတ်ပဲ
      မိသားစုကျောက်တုံးပိနေတဲ့ ယောက်ျားတစ်ယောက်
      အချစ်သမိုင်းမှာ သွေးပေခဲ့ရပါပြီ
      ဆွေမျိုးသားချင်းဆီကတောင် မရဖူးတဲ့
      အမေ့လို မေတ္တာတရား
      မင်း င့ါကိုပေးခဲ့တယ်
      နံရံတစ်ချပ်တည်းခြားပြီး
      ပျောက်ဆုံးနေတဲ့ အမှန်တရားကိုတော့
      မင်းရှာလို့မတွ့ခဲ့ဖူးနော်
      နာမည်ရှေ့မှာ ကို တပ်တပ်ပြီးခေါ်ခဲ့တဲ့
      တယ်လိဖုန်းကြိုးလေး ကြိုးပြတ်သွားပြီ
      အမှောင်ထဲမှာ တိတ်တိတ်စိုက်ပျိုးခဲ့တဲ့
      မျှော်လင့်ခြင်းသစ်ပင်ဟာ မီးသင့်လို့
      အမှတ်တရတွေ
      စုန်းမီူးလိုတောက်စားနေတဲ့ ငါ့ဝိညာဉ်ထဲ
      မင်းအမည်နာမလေး
      ကမ္ဘာကုန်ကျယ်သရွေ့ ထိုးစိုက်နေတော့မှာ။
      ကျော်သက်လွင်
      ဇန်န၀ါရီ ၂၀၀၈
      Fashion Image
      လွဲတာတော့ လွဲနေတုန်းပါပဲ
      တစ်ခုခု ကို မလုပ်ရဖူးနော်လို့သတ်မှတ်လိုက်ရင်
      လုပ်မိတတ်ကြတာမျိုး မကြာခဏကြုံနေရတယ်။
      မကြည့်နဲ့ဆိုရင်ကြည့်ချင်တယ်။
      မလုပ်နဲ့ဆိုရင်လုပ်မိပြန်ရော။
      ကြာတော့ သတ်မှတ်ချက်တွေကိုတကယ်ရော
      လိုက်နာမိလို့လားလို တွေးမိရဲ့။
      မလုပ်နဲ့ဆိုတဲ့အရာကို ဘာကြောင့်လုပ်ချင်ရတာလဲတော့
      မသိပေမယ် လုပ်လို့ဖြစ်လာတဲ့ အကျိုးဆက်တော့
      ကောင်းကောင်းခံရပြန်တယ်။
      ခုတလောတော့ လုပ်မယ်လို့စဉ်းစားထားတဲ့အရာတွေ
      မလုပ်ဖြစ်ပဲ မလုပ်ရင်ရသေးတဲ့ အရာတွေသွားလုပ်မိနေတယ်။
      ခက်တာက စိတ်ထဲပေါ်လာပြီဆိုရင်
      မလုပ်ဘဲကလည်း မနေနိုင်ပြန်တော့
      လိုရင်းကမရောက်တော့ဘူး။
      လုပ်ရမယ့်အလုပ်တွေပြီးရမယ့်အချိန်မပြီး…
      မပြီးတော့ စိတ်ပျက်..
      စိတ်ပျက်တော့ ဆက်မလုပ်ချင်..ဆက်မလုပ်ချင်တော့..
      မပြီးနဲ့ သံသရာကို လည်နေတာပါပဲ။
      ဒါတောင် အွန်လိုင်းပေါ်ရောက်ရောက်ချင်း..
      ကြောင်ဆရာလေးမောင်မျိုးက တခြားသူတွေ
      လိုက်နှုတ်ဆက်လိုက်ဦးလို့သြ၀ါဒခြွေမှ လိုက်နှုတ်ဆက်မိတယ်။
      လူမှုရေးကလည်းမကောင်း…..
      လူကြည့်ရင်လည်း အလုပ်ချိန်ကလွဲလို့
      တွေတွေဝေေ၀(အလုပ်မှာစိတ်မထည့်ရင်
      ထမင်းငတ်သွားနိုင်တယ်လေ) ဆိုတော့
      မုတ်သုန်မှာ ရွယ်တူပေါင်းနိုင်လောက်တဲ့
      သူငယ်ချင်တွေ အတော်နည်းတာ မဆန်းဘူးထင်ပါရဲ့။
      ဒီကြားထဲ ကိုယ်ကသူ့နားမလည်…သူက ကိုယ့်နားမလည်နဲ့
      တစ်ရောက်တစ်လမ်းလျှောက်သွားနေရတာတွေကလည်းရှိသေးရဲ့။
      ဒါတောင် ဘလောဂ်ရေးတာစွဲလာတော့ အတော်အတန်
      သိကျွမ်းခင်မင်ရတဲ့သူတွေရှိလာရတယ်။
      သူတို့ဆီက အားတွေကလည်း တော်တော်အကျိုးရှိပါတယ်။
      ဒါပေမယ့်….ခုထိတော့ လွဲကောင်းနေတုန်ပါပဲ။
      အလွဲတွေလုပ်မိနေတုန်ပါပဲ။
      အချိန်တွေဖြုန်းနေမိတုန်းပါပဲ။
      မလုပ်သင်တဲ့အလုပ်တွေ….
      လုပ်မိနေတုန်းပါပဲ။
      လူတွေကိုလည်း နားလည်နိုင်ဖို့
      ကြိုးစားနေရတုန်းပါပဲ။
      ကောင်းနေတာလေးက
      မှားနေရင် မှန်အောင်ပို့ပေးတတ်တဲ့
      မိတ်ဆွေတစ်ချို့ရှိနေသေးလို့…
      ခုထိတော့…..
      အရမ်းကြီးတဲ့ လွဲချော်မှုတွေ မကြုံရသေးပါဘူး။
      မုတ်သုန်= ၂၀၀၇= review
      အားလုံးပဲနေကောင်းပါရဲ့နော်။ မုတ်သုန်တစ်ယောက်တော့
      နှစ်ကုန် review တွေလုပ်နေရင်းက ခုမှပဲ
      သတင်းစာ၊ ဂျာနယ်ပုံတွေကြားထဲက
      ခေါင်းထွက်နိုင်ပါတော့တယ်။
      အရှိန်ကမသေးသေးတော့ ကိုယ့်ကိုယ်ကို
      ဆက်ပြီး review လုပ်ကြည့်ပါအုန်းမယ်။
      ပြန်စဉ်းစားကြည့်တော့လည်း
      ၂၀၀၇ မှာလုပ်ခဲ့တာတွေက
      သိပ်ပြီးမှတော့ ပြောလောက်စရာမရှိခဲ့ပါဘူး။
      ထူးခြားတာ ဆိုလို့ မျှော်လင့်ချက်တစ်ခုအတွက်
      အရင်နှစ်ကထက် လမ်းတွေပိုလျှောက်ခဲ့တယ်။
      (ဖိနပ်တောင်တော်တော်ပါးတယ်)
      အရင်နှစ်တွေတုန်းကလိုပဲ
      လူအမြင်ကတ်တဲ့ ဆူးပေါသောအလုပ်တွေလုပ်ပြီး
      ဆူးပေါတဲ့လမ်းတွေလျှောက်ခဲ့တာပါပဲ။
      ရလဒ်တွေက အကောင်းဆုံးမဟုတ်ခဲ့တောင်
      အဆင်ပြေတဲ့အနေအထားတော့ ရှိခဲ့ပါတယ်။
      အော်……ပြီးတော့ နွားခြေရာခွက်ထဲက ဖားသူငယ်မဖြစ်အောင်
      အိမ်နီးချင်နိုင်ငံတစ်နိုင်ဆီကိုလေ့လာရေးခရီးတွေ
      ဘာတွေသွားခဲ့ရသေးတယ်။
      (ရုံးစရိတ်နဲ့လေ…….)
      အလုပ်ကတော့ အလုပ်စလုပ်တယ်ဆိုတဲ့
      ခြောက်နှစ်တာကာလအတွင်းမှာ
      အမြင့်ဆုံးနေရာတစ်နေရာကိုရောက်ခဲ့တာပေါ့။
      အလုပ်နဲ့ပတ်သက်လို့ရှိရင်လည်း
      လုပ်သင့်တာတွေ အကုန်လုံး လုပ်ဖြစ်ခဲ့တယ်လို့
      ဆိုရမှာပါ။ ဟိုးတုန်းကလို စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ
      အရောင်းစာရေးလေးဘ၀ကနေ
      ခုနေခါများတော့ မတူတော့ဘူးပေါ့လေ။
      သူများတွေကတော့ပြောကြပါတယ်။
      မခေါ်နိုင်မပြောနိုင်လောက်အောင်ဖြစ်နေတယ်တဲ့။
      နည်းနည်းတော့ လွဲနေပါတယ်။
      ၂၀၀၇ မှာ လက်မလည်အောင်ကို အလုပ်တွေရှုပ်ခဲ့တယ်။
      ရှုပ်လွန်းလို့ ခုဖြေရင် ခုရပါတယ်လို့
      ကြွေးကြော်ထားတဲ့ စာမေးပွဲတောင် စာကျက်ချိန်
      သိပ်နီးသွားလို့ မအောင်ခဲ့ဘူးလေ။ ဆုံးရှုံးမှုတစ်ခုပါပဲ။
      သွားပြန်ပြီတစ်နှစ်ပေါ့။
      လူမှုဆက်ဆံရေးကတော့ အများပြောသလိုပါပဲ။
      ၂၀၀၇ ထဲမှာ တော်တော့်ကိုကျဲခဲ့ရတယ်။
      နာရေးကလွဲလို သာရေးတွေ
      တော်တော် များများမသွားဖြစ်ခဲ့ပါဘူး။ (စဉ်းစားကြည့်လေ
      မင်္ဂလာဆောင်လိုဟာမျိုး လကုန်ရက်လာဖိတ်တော့ ဘယ်သွားဖြစ်ပါ့မလဲ)
      ပြောရရင်တော့ လုချင်းမတွေဖူးတဲ့ အသိတွေများလာသလောက်
      အပြင်က ရင်းရင်းနှီးနှီးရှိလှတဲ့လူတွေနဲ့ ပိုဝေးလာသလိုပါပဲ။
      ဒေးကာနက်ဂျီအဆိုအရတော့ ပတ်ဝန်းကျင်ပျောက်ဆုံးလာခြင်းလား။
      အကြောင်းတော့ မရှိပါဘူးလေ။ ခံယူချက်တွေ ပြောင်းလာတော့
      လူတွေအမြင်မှာ ဇောက်ထိုးဖြစ်လာပြီး အမြင်ကတ်ကြမပေါ့။
      ဆူးတွေလာမစိုက်ကြတဲ့အတွက် ခင်မင်သူမိတ်ဆွေအားလုံးကို
      ကျေးဇူးတင်ရမည်ပ။ လူတစ်ယောက်ကပြေဖူးပါတယ်။
      ခင်ဗျားအမြင်မှာ ကျနော်ဟာ ဆူးတွေနဲ့ ဆက်ဆံတတ်တဲ့ လူတစ်ယောက်လို့
      မြင်ခဲ့မယ်ဆိုရင် အဲဒီဆူးတွေကို လောကဓံက စိုက်ပေးခဲ့တာပါတဲ့။
      မုတ်သုန်တော့ လာသမျှဆူးအားလုံးနှုတ်ပစ်နိုင်ခဲ့တယ်လို့
      ထင်ပါတယ်။ ၀င်ငွေကတော့ ၀င်မလောက်ပါပဲ။
      ထီထိုးတာလည်း ခုထိကိုမပေါက်သေးပါဘူး။
      ဒါကလည်းအသားကျနေပြပါပြီ။
      ကျလွန်းလို့ အရိုးပဲကျန်ပါတော့တယ်။
      ၂၀၀၆ ထက်စာရင်တော့ ၂၀၀၇ က ကံအတော်ကောင်းခဲ့ပါတယ်။
      အစစအရာရာ အဆင်ပြေခဲ့တယ်လိုတော့ ဆိုရမှာပေါ့။
      စိတ်ပိုင်းဆိုင်ရာတော့ ၂၀၀၆ နဲ့ထူးမခြားနားပါပဲ။
      ရုပ်ပိုင်းဆိုင်ရာ အနည်းငယ်တိုးတက်ခဲ့ပေမယ့်
      စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာခဲတာ
      ဘာကြောင့်လဲတော့မသိပါဘူး။ စိတ်ဓာတ်ကျတဲ့
      နေ့တွေ ၂၀၀၆ လောက်တော့မများခဲ့ပါဘူး။
      ၂၀၀၇ နှစ်ကုန်ပိုင်း ဒီဇင်ဘာက တော့
      စိတ်အတက်အကျဖြစ်စရာတွေနဲ့
      စိတ်ပျက်လောက်အောင်ကို
      မွှေနှောက်သွားခဲ့တာတော့မှတ်မိနေမှာပါ။
      ၂၀၀၈။ အင်း ၂၀၀၈ ကိုတော့ ဆက်သွားမြဲအတိုင်း
      ဆက်သွားမှာပါ။ နောက်ပြီး ၂၀၀၇ မှာမပြီးပြတ်ခဲ့တဲ့
      အလုပ်တွေ ၂၀၀၇ မှ မဖြစ်ခဲ့တဲ့ မျှော်လင့်ချက်တွေ
      ဒါတွေကိုဆက်လုပဖြစ်မယ်ထင်ပါတယ်။
      ထူးထူးခြားခြားတွေ လုပ်ဖိုတော့မရှိပါဘူး။
      New Year ညလား။
      အိမ်မှာ စောင်ခြုံပြီးအိပ်နေမှာပါ။
      နောက်နေ့ မနက် ရုံးကိုရောက်တာနဲ့
      ၂၀၀၈ တော့ ရောက်လာပြီပေါ့နော်ဆိုပြီး
      ရက်စွဲတစ်ခု မှန်အောင်ရေးလိုက်ပါမယ်။ ။
      ကျေနပ်ပါတော့ဒီဇင်ဘာ
      ဒီဇင်ဘာ။ ဒီဇင်ဘာဟာငါ့အဖို့ ကြောက်စရာအကောင်းဆုံးလဖြစ်လို့နေတာ
      နှစ်တွေလည်းကြာခဲ့ပါပြီ။
      နှစ်တိုင်းရဲ့ ဒီဇင်ဘာကိုရောက်တိုင်း
      တန်ဖိုးထားတတ်တဲ့အရာတွေ ဆုံးရှုံးခဲ့ရတာလည်း
      တိုက်ဆိုင်တာပါလို့ ငြင်းချက်ထုတ်မရအောင်ကို
      သေချာလွန်းနေတာဘာကြောင့်ပါလဲ။
      လှပတဲ့ ဒီဇင်ဘာက ငါ့ကို ဘာ့ကြောင်အငြိုးကြီးနေရတာလဲ။
      ခက်တော့နေပြီဒီဇင်ဘာ။ ဒီနှစ်လည်း ဒီဇင်ဘာက
      ဘာတွေများအခက်တွေ့အောင်လုပ်ဦးမလဲလို့
      တထိတ်ထိတ်နဲ့ စောင့်နေခဲ့တာတကယ်ဖြစ်ခဲ့ပြန်ပြီပေါ့။
      ဘာမှ မဖြစ်ခင်တုန်းကတော့
      သူငယ်ချင်းတွေက ပြောပါသေးတယ် မင်းစိတ်ထင်နေတာပါကွာတဲ့။
      ခုတော့ ဘယ်လိုပြောရမလဲ ဒီဇင်ဘာ။
      မင်းကတော့ ဘာမှမဖြစ်သလိုပါပဲလား။
      မနက်က ရုံးကိုရောက်ပြီးမကြာခင် ဖုန်းဝင်လာတော့
      ဒီအချိန်လာတဲ့ ဖုန်းဘယ်သူဆက်သလဲဆိုတာငါသိတော့
      ပျော်သွားမိတာအမှန်ပါ။
      ဖုန်းဆက်သူဟာ ငါထင်တဲ့ သူဖြစ်ပေမယ့်
      ငါ့အတွက်တော့ပျော်စရာကောင်းမယ့်စကားတော့မဟုတ်ခဲ့ဘူး ဒီဇင်ဘာ။
      ကြားရတဲ့ စကားတွေက င့ါနားတောင် ငါမယုံခဲ့ရပါဘူး။
      တစ်နေ့နေ့တော့ ဒီလိုဖြစ်လာလိမ့်မယ်လို့
      တွေးထားပေမယ့် ဒီလောက်မြန်မြန် ဆန်ဆန်ကြီးတော့
့ဖြစ်လာလိမ့်မယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပါ။
      ခေတ်ကလည်း ၁၉ရာစုမဟုတ်လေတော့
      အဖြစ်တွေကလည်း အဟောင်းဖြစ်စရာမလိုဘူးလို့တော့
      ကိုယ့်ကိုကိုယ်ထင်ခဲ့မိတာ ငါမှားခဲ့သလား ဒီဇင်ဘာ။
      အကြားနဲ့ မယုံနိုင်လို့ လူချင်းသွားတွေ့ရအောင်ကလည်း
      မိုင်ပေါင်းရာချီနေတဲ့နေရာတခုကို ဘယ်လိုအမြန်သွားရပ့ါမလဲ။
      ရောက်သွားရင်ကော ဘယ်လိုစကားလုံးတွေနဲ့
      ပြန်သီဖွဲ့လို့ ရနိုင်မလဲ။
      အရာရာကို နားလည်ထားခဲ့ပါတယ် ဒီဇင်ဘာ။
      တောင်းပန်ဆိုတဲ့ စကားတခုကို
      ဘာကြောင့်ပြောရတာလဲ။
      တောင်းပန်စရာ မလိုအောင် ခွင့်လွှတ်ပေးထားခဲ့တာပဲလေ။
      ခုတော့ ဒီဇင်ဘာရယ်……..
      ဖြစ်မလာဘူးလို့တော့ တွေးခဲ့တာတွေလည်း ဖြစ်လာပြီလေ။
      ဘယ်သူ့ကိုမှ အပြစ်မပြောလိုတော့ပေမယ့်
      ကိုယ့်ကိုကိုယ် အပြစ်မြင်မိတာတော့ မမှားလောက်ပါဘူးနော်။
      ဘယ်သူ့ကိုမှ မထိခိုက်အောင် လုပ်နိုင်ကောင်းပေမယ့်
      လွင့်ထွက်သွားတဲ့ စိတ်ကိုတော့ မထိန်းနိုင်ခဲ့ဘူး ဒီဇင်ဘာ.။
      အရာရာဟာ ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာ
      ငါသဘောပေါက်ထားပါတယ်။
      သဘောတရားတွေ သိထားသလို
      ဒီလိုမျိုးဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်နိုင်လိမ့်မယ်လို့
      ငယ်ငယ်တုန်းက တွေးခဲ့တာက လက်တွေ့မှာတော့
      မလွယ်ခဲ့ပါဘူး ဒီဇင်ဘာ။
      အလုပ်တွေမအားလို့
      လာမယ့်လ မွေးနေ့ရောက် ရင်
      လာဖြစ်အောင်လာခဲ့မှာလို ပြောထားခဲ့ဖူးတယ်လေ။
      အဲ့ဒီအချိန်ထိအောင်ဘာကြောင့်မစောင့်နိုင်ခဲ့ရတာလဲ။
      ခုဆို နေခင်းဘက်မှာလာတတ်တဲ့ ဖုန်းခေါ်သံတွေ
      ယောင်မှားနှိပ်မိနေတဲ့ ဖုန်းနံပါတ်တွေ
      miss call တွေအများကြီးတွေ့ထားတယ်လို့
      ပြောမယ့် စကားသံတွေ၊
      ဟိုအကြောင်း ဒီအကြောင်း ပြောကြအုန်းမယ့်
      အကြောင်းအရာတွေ
      အကုန်ပျောက်ရှ ရတော့မှာလား ဒီဇင်ဘာ။
      ဒီနေ့ဘာဖြစ်နေတာလဲလို့ မေးတဲ့ အပေါင်းအဖော်တွေကိုရော
      ငါဘယ်လိုပြန်ဖြေရမလဲ။
      အလုပ်ထဲမှာ အသံအမြဲကျယ်တဲ့
      ငါတစ်ယောက် ဒီနေ့မှာအသံတိတ်နေတာကို
      သူတို့ဘယ်လိုပြောကြမလဲ။
      ငါတန်ဖိုးထားတဲ့ အရာတွေထဲက
      တန်ဖိုးအရှိဆုံးအရာတွေထဲမှာပါတဲ့
      အရာတစ်ခု ဆုံးရှုံးသွားခဲ့ရတာပါ။
      ရိုးရိုးလေးနဲ့ ချစ်ခဲ့ပါတယ် ဒီဇင်ဘာ။
      ရင်ဆိုင်ရတာမလွယ်မှန်းသိပေမယ့်
      ဒီနေ့တော့ခြေဦးတည့် ရာငါလျှောက်သွားခဲ့တယ် ဒီဇင်ဘာ။
      လောကကြီးတခုလုံး ဇောက်ထိုးမိုးမျှော်ပါပဲ။
      ပြန်မရနိုင်တော့မယ့် အရာတခုအတွက်
      မျှော်လင့်ရင်း ငါစောင့်နေဦးမလားမသိဘူးဒီဖင်ဘာ။
      လုပ်စရာတွေအများကြီး ရှိသေးတယ်။
      ငါခေါင်းမော့ထားပါတယ်။
      ဒါပေမယ့်
      ကျေနပ်ပါတော့ ဒီဇင်ဘာ။
      ပျက်စီးခြင်းမှာ ကျိုးကျသွားတဲ့အသံ
      မပွင့်ခဲ့လေသော ချစ်ခြင်းမေတ္တာနဲ့
      ဝေးကွာခြင်းတို့ စုံလုံးကန်းခဲ့ပြီ
      ငါ့လေချွန်သံတွေ ဖြည်းညှင်းပျောက်ကွယ်သွားပြီးနောက်
      မျှော်လင့်ခြင်းသစ်ကိုင်းကျိုးပဲကသံတွေက နေ့ရက်အဆက်ဆက်
      ဆုံဆည်းခြင်းကို ထက်ပိုင်းခွဲချလိုက်တဲ့အသံတွေက
      ပုဆိန်တစ်လက်လို
      ငါ့တောအုပ်ထဲ
      ကဆုန်ပေါက်ပြေးဝင်လာတဲ့ ကွေကွင်းခြင်းမီးလျံတွေပဲ။
      အချစ်ကို တခမ်းတနားဖွဲ့နွဲ့ဖို့ သံယောဇဉ်ဖုန်းကြိုးကလေး
      ပြုတ်ကျပျက်စီးသွားတဲ့နောက်မှာ
      ပျော်ရွှင်ခြင်းကို ဘယ်ဝါယာနဲ့ ဆက်သွယ်ရမလဲ။
      မီးလောင်နေတဲ့ ရင်ဘတ်နဲ့
      သုံးကြိမ်သုံးခါ လောင်ကျွမ်းခဲ့တဲ့ ငါ့တောင်ကြားလမ်း
      ဒီတခါပြာအတိကျပြီအချစ်ရေ
      အဝေးက မီးခိုးတအူအူ ငါ့ဖျားနာခြင်းကို
      မင်းနားမလည်တော့ဘူး။
      င့ါမှာ
      ရေစီးအားသန်တဲ့ မြစ်တစ်စင်းအပေါ် မင်းနာမည်နဲ့ ရွက်လွှင့်လို့
      ချစ်မက်မြတ်နိုးမှုတွေနဲ့ အမှောင်မှာအရည်ပျော်လို့
      အဝေးကွင်းမှာမင်းနာမည်နဲ့ လွတ်လပ်ခွင့်တွေ အနီကတ်ထိလို့
      မင်းစိတ်ဆင်းရဲခြင်းကို ဆေးထိုးမမှားရအောင် ကုစားလို့။
      သီချင်းတစ်ဝက်မှာ မင်းထိုးစိုက်လိုက်တဲ့ဓားကတော့
      တစ်ဖက်သတ်လက်ကိုင်ရိုးနဲ့ နောက်ကျောမှာတဆတ်ဆတ်
      အဝေးက ငါ့သေဆုံးခြင်းကို
      မင်းကြားတဲ့သီချင်းနဲ့ မီးရှိုလိုက်ပြီးတဲ့နောက်
      ရေအိုးကွဲသလို ကွဲကွာခြင်းဟာ
      ပြန်စပ်ဆက်လို့ ရတော့မှာမဟုတ်ဘူး။
      ပျော့ပျောင်းသူဟာ အယုံလွယ်စမြဲမဟုတ်လား
      ဝေးကွာခြင်းမှာ မီးထွန်းမခံတဲ့ အချစ်ပျက်သူကို
      မျက်ရည်စက်လက် စွန့်လွတ်လိုက်ပါတယ်
      ဥတ္တရာအောင်
      ရောက်မလာတော့မယ့်ချစ်ခြင်းကိုစောင့်နေတဲ့ချစ်ခြင်း
      (၁)
      မသေဆုံးတဲ့ ပင်လယ်မှာ
      အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
      မသေဆုံးသေးတဲ့ လူတွေမှာလည်း
      အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။
      (၂)
      ဖြူစင်တဲ့ ချစ်ခြင်းတရား
      ရှင်းသန့်တဲ့ ချစ်ခြင်းတရား
      လှပတဲ့ ချစ်ခြင်းတရား
      ရိုးသားတဲ့ ချစ်ခြင်းတရား
      ချစ်ခြင်းတရားတွေ အဖြေရှာ
      အားလုံး သေဆုံးသွားတောင်
      ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
      အမြဲလှပ နေမှာလား။
      (၃)
      ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
      ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
      နေသားအကျ မရှိခဲ့ခြင်းများ
      အလွမ်းရောင် ထင်ဟပ်
      ပြည့်စုံခဲ့ပါသလား ……ချစ်ခြင်း။
      (၄)
      ရင့်နေတဲ့ အလွမ်းတွေနဲ့
      မဆုံးနိုင်သော အချစ်တွေနောက်က
      မရပ်တန့်သော အတွေးစက်ဝန်းများ
      အဆွေးရောင်တို့လွန်ခဲ့ပြီ။
      (၅)
      တစ်ရံတခါ
      မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
      ဘယ်လိုကြုံတွေ့ကြပါစေ
      ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
      အလွမ်းတွေနောက်ပြန်လှည့်
      ချစ်ခြင်းပြန်လာမယ်။
      (၆)
      မွတ်သိပ်ဆန္ဒတွေ
      မွန်းကျပ် စိတ်အနေတွေနဲ့
      လွဲချော် ဆုံမှတ်တို့အတွက်
      မဆုံးသေးတဲ့ ချစ်ခြင်းတရား
      တစ်နေ့ ပြန်လာခဲ့မယ်တဲ့…….။
      ရောက်မလာသေးတဲ့ အချစ်အတွက်
      မျှော်စောင့်နေရင်း
      ခါးသီးနေ့ရက်တွေဆန်တက်
      အပြန်ခရီးအလှည့်မှာ
      ကမ်းလင့်နေမယ့် အချစ်များ
      တလက်လက်တောက်ပလို့။ ။
      မုတ်သုန်လေ
      25.Oct,2007
      မုတ်သုန် အဖို့ တော့ ဒီနေ့ဟာ ၀မ်းနည်းဖို့ ကောင်းတဲ့
      နေ့ရက်တစ်ရက်ပါ။ ဒီရက်မှာလာလည်ကြတဲ့ လူတွေ
      စိတ်ပျက်သွားခဲ့ရင်တော့ နားလည်ပေးကြပါရန်
      တောင်းပန်အပ်ပါသည်။
      နောက်နေ့များမှာ အရိပ်ဆိုးတခုအောက်က
      လွတ်မြောက်သွားမယ်လို့
ုံကြည်နေပါတယ်။
      d.jpg