Archive for memories

Thanks !!!

နှစ်ဆယ့်သုံးကမ္ဘာဖြတ်ကျော်ခဲ့ခြင်းနေ့ရက်အတွက်
ဆုမွန်ကောင်းပိုသခဲ့သူအားလုံးကို
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း…

ခင်မင်စွာဖြင့်
မုတ်သုန်လေ

နှစ်ဆယ့်သုံးကမ္ဘာဖြတ်ကျော်ခဲ့ခြင်း…

တစ်နှစ်တစ်နှစ်ကိုဖြတ်သန်းနေရတာတစ်ကမ္ဘာလောက်ကြာတယ်…
အခုတော့နှစ်ဆယ်သုံးကမ္ဘာပြည့်သွားခဲ့ပြီ…

၁၉၈၅ ခုနှစ် ဧပြီ ၂၇ ရက် စနေနေ့

ညနေငါးနာရီလောက်ဗိုက်နာလာတာ …
ဆေးရုံကိုအဘိုးလိုက်ပို့တာလေ …
ဟိုလည်းရောက်ရောဘာမှတောင်မလုပ်ရသေးဘူး…
တခါတည်းမွေးလိုက်တာပဲ ဗိုက်နာချိန်တောင် မရှိခဲ့ဘူး…
မောင်နှမတွေထဲမှာသားငယ်ကိုမွေးရတာအမြန်ဆုံးပဲ …
ဘယ်လောက်တောင်လောကကြီးထဲရောက်ချင်နေလဲမသိဘူး…
နားထဲမှာအခုထိစွဲနေသေးတဲ့….
အမေရဲ့အိပ်ရာဝင်ပုံပြင်တွေထဲကတစ်ခု….
အခုတော့လည်းလွမ်းစရာတွေရယ်ပါ…
သူငယ်ချင်းတွေကတော့ပြောပါတယ်..
မင်းကိုနှစ်ဆယ်ကျော်လိုပြောရင် ..
ဘယ်သူမှယုံမှာမဟုတ်ဘူးတဲ့..
သုံးဆယ်လောက်လို့ပဲထင်ကြမှာတဲ့…
ထားပါတော့လေ…
အခုအသက်နှစ်ဆယ့်သုံးနှစ်…
ဘာမှမဖြစ်သေး၊ ဘာမှမလုပ်ရသေး…
လုပ်စရာတွေတော့အများကြီးရှိနေသေးသည်။
ပြောချင်တာလည်းပြောပြီးသွားပြီဆိုတော့ ဝါးတီးပေါ့ဗျာ..
အားမနာတမ်းသာစားသွားကြပေတော့ .. :)

မုန့်ဟင်းခါးကြိုက်သူတွေအတွက် …

မုန့်ဟင်းခါးမကြိုက်တဲ့သူတွေအတွက်တော့ ရှမ်းခေါက်ဆွဲပေါ့

ထမင်းပါစားချင်တယ်ဆိုလည်း ရသဗျာ ဟင်းကတော့ သိပ်မကောင်းဘူး

လက်ဖက်သုတ်လေးလဲစားသွားပေါ့

ရေနွေးသောက်ချင်သူတွေအတွက်
(လက်ဖက်ခြောက်ကတော့ အစ်မဟန်နီဆီက ယူလာတာ.. :P )

အချိုပွဲလည်း စားလို့ရပါရဲ့

ပျဉ်းမပွင့်တို့ဝေလေသောအခါ…..

ပျဉ်းမ…. ပျဉ်းမ….
ဒီရက်ပိုင်း ခေါင်းထဲအတော်စွဲနေတဲ့ပန်းပါ…
ခေါင်းထဲစွဲနေတော့လည်း …
မြင်သမျှပျဉ်းမချည်းဖြစ်နေတော့တာပေါ့ဗျာ….
ငယ်ငယ်တုန်းကတော့ ရုပ်ရုင်တစ်ကားကြည့်ဖူးတယ်..
ပျဉ်းမငုတ်တို ဆိုတဲ့ဇာတ်ကားပေါ့..
နောက်ပိုင်း ရန်ကုန်ရောက်တော့…
ကျောင်းကပြန်လာတဲ့လမ်းတလျှောက်မှာ..
ပျဉ်းမပင်တွေအများကြီးရှိနေခဲ့တာ..
အခုပြန်အမှတ်ရနေမိတယ်…
ခုနေခါ သေချာကြည့်တော့လည်း…
ပျဉ်းမပွင့်တွေက အတော်လှသားဗျ…
ဒီရက်ပိုင်း ခေါင်းထဲကိုဝင်နေတာ ပန်းသုံးမျိုးရှိတယ်..
ပိတောက်၊ ငု ၊ နဲ့ ပျဉ်းမပါ…
သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်…
မင်းအခုတလော ပျဉ်းမအကြောင်းသိပ်ပြောလွန်းအားကြီးတယ်
ခုလည်းမနေနိုင်လို့ တွေ့ရာပျဉ်းမပွင့်တွေ ဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်…

ကျေနပ်စွာလွမ်းဆွတ်မိသောအချစ်

(၁)
အချစ်အကြောင်းပြောကြရအောင်တဲ့…..
တကယ်အဖြစ်အမှန်တွေပြောတာပိုကောင်းတာပေါ့..
ဖြတ်သန်းခဲ့တဲ့ချစ်ခြင်းတရားတွေအကြောင်း…
မောင်မျိုးကတော့ အချစ်ရှာပုံတော်ဆိုပြီး…
သုံးပိုင်းတောင်ခွဲရေးသွားတယ်…
မုတ်သုန်က ကေဇော်ရဲ့ ကဗျာတစ်ပုဒ်တင်လိုက်တယ်..
ပြီးခဲ့တဲ့လပိုင်းလောက်ကပါ…
အွန်လိုင်းပေါ်မှာတွေ့တုန်းမောင်မျိုးကိုမြှောက်ပေးလိုက်ရာက…
ဒီဇာတ်လမ်းကစတော့တာပဲ…
သူရေးပြီးသွားတောမုတ်သုန်ကိုလည်းလာရေးခိုင်းတယ်..
မင်းရဲ့ဖြစ်ရပ်မှန်လေးတွေလည်းလုပ်ပါဦးကွာတဲ့..
တစ်ခါရှောင် နှစ်ခါရှောင်နဲ့ အတော့်ကိုအချိန်ကြာသွားတယ်..
ကြာတော့လည်းအကြွေးတင်နေသလိုဖြစ်လာတယ်…
ဒီကြားထဲ တိုက်တွန်းတဲ့လူတစ်ချို့လည်းရှိပါတယ်…
သူများကဗျာတွေနဲ့ပဲလုပ်စားနေတယ်ဆိုတဲ့ အစ်မဟန်နီ…
မင်းရဲ့အဖြစ်မှန်ကိုလည်းသိချင်ပါတယ်ဆိုတဲ့ အစ်မမနုစံ..
လွမ်းသာလွမ်းပါဆိုတဲ့ အစ်မကေသွယ်…
နောက်… ဒီနှစ်သင်္ကြန်မတိုင်ခင်…
ရောသမမွှေဖို့ ကြိုးစားနေသလားဆိုတဲ့သူငယ်ချင်းတွေ..
မင်းမချစ်တတ်သေးပါဘူးလို့ပြောလာကြတဲ့မိတ်ဆွေများ…
သူတို့အားလုံးအတွက် ဒီပိုစ်ကိုရေးပါတယ်…

(၂)
တကယ်ဖြစ်ခဲ့တဲ့အကြောင်းကိုရေးမယ်ဆိုပြန်တော့…
ပါဝင်နေတဲ့လူတွေကို အားနာမိပါတယ်…
လူတစ်ယောက်နဲ့ အဆင်မပြေလို့လမ်းခွဲလိုက်တယ်
(လမ်းခွဲလိုက်တယ်ပဲဆိုကြပါစို့)
လမ်းခွဲတယ်ဆိုကတည်းကအဆင်မပြေလို့ပါ..
အဆင်မပြေတဲ့အကြောင်းတွေပြောရင်…
ကိုယ်သာကောင်းကြောင်းသူများမကောင်းကြောင်းတွေ..
မျာသွားမှာကိုလည်းစိုးရိမ်မိပါတယ်…
အဲဒါကြောင့်လည်းတော်တော်နဲ့မရေးဖြစ်ခဲ့တာပါ..
အခုနေရေးဖို့ပြန်စဉ်းစားကြည့်တော့လွမ်းမိပါတယ်…
ဘာကိုမှလိမ်ညာစရာမလိုတဲ့အမှန်တရားတစ်ခုပါ…
နောက်ပြီး ခုနေပြန်တွေ့ကြရင်သူမ ဘယ်လိုနေမလဲ…
ပြီးခဲ့တဲ့သုံးရက်လောက် သူမ အွန်လိုင်းပေါ်တက်လာတာတွေ့လိုက်ပါတယ်..
နင် အဆင်ပြေလား လို့တစ်ခွန်းပဲမေးလိုက်ပါရဲ့
အွန်လိုင်းပေါ်ကပြန်ဆင်းသွားတာ တစ်ခုပဲ ကျန်ခဲ့ပါတယ်…
ဒီအကြာင်းအရာနဲ့ပဲစကြပါစို့…

(၃)
၂၀၀၄ခုနှစ်ရဲ့..ဆောင်းမနက်ခင်းတစ်ခုမှာပါ
စာမေးပွဲခန်းထဲမ၀င်ခင် စာတွေမမေ့သွားအောင်ကြည့်နေရင်း…
စာတွေအတော်ပိုင်နေပြီပေါ့လေဆိုပြီး…
အနားကိုရောက်လာတဲ့သူငယ်ချင်းတစ်ယောက်..
မော့ကြည့်လိုက်တော့ …
ဒါ ငါ့သူငယ်ချင်းလေဆိုပြီး
သူဘေးနားကကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ပေးဟန်ပြုတယ်..
သွားတက်လေးပေါ်အောင်ပြုံးပြနေတဲ့ကောင်မလေးတစ်ယောက်..
အသားသိပ်မဖြူပေးမယ့်အတော်တော့ချစ်စရာကောင်းသားပဲလို့..
စိတ်ထဲတွေးမိလိုက်ရုံကလွဲပြီးဘာမှမဖြစ်ခဲ့…
သူမ ကိုအဲလိုနဲ့စတွေ့ခဲတာပါ..
နောက်ပိုင်းဆက်ဖြေတဲ့စာမေးပွဲရက်တွေမှာ..
သူမ နဲ့အတူပါလာတတ်တဲ့ကောင်လေးတွေအများကြီးရှိနေတာကိုလည်း..
အဲဒီအချိန်တုန်းကဘယ်လိုမှကောက်ချက်မဆွဲခဲ့သေးပါဘူး..
နောက်တစ်ချိန်မှာ အဲလိုကောင်လေးတွေထဲမှာ..
ကိုယ်လည်းတစ်ယောက်အပါအ၀င်ဖြစ်လာခဲ့လိမ့်မယ်ဆိုတာလည်း…
တွေးမထားခဲ့မိရိုးအမှန်ပါ…
သူမ နဲ့တွေ့ဆုံခဲ့ခြင်းအစပါပဲ…
နောက်ပိုင်း သူငယ်ချင်းသိပ်မရှိလှတဲ့မုတ်သုန်နဲ့သူမဟာ…
သူငယ်ချင်းတွေဖြစ်သွားခဲ့တာကလည်း…
သိပ်မဆန်းကျယ်တဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ…

(၄)
ဆန်းကျယ်တာကစိတ်အနေအထားတွေပါ…
အဲဒီတုန်းက သူမကိုမိတိဆက်ပေးခဲ့တဲ့သူငယ်ချင်းကောင်မလေးက..
မုတ်သုန်နဲ့ သွားအတူ လာအတူအမြဲရှိနေခဲ့တာကြောင့်..
မုတ်သုန်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းကတစ်ပုဒ်လို့..
သူမ ဘက်ကကြိုတွေးကောက်ချက်ဆွဲထားခဲ့တယ်ဆိုတာကို..
နောက်ပိုင်းမှ သူမ ပြောခဲ့လို့သိခဲ့ရပါတယ်…
အချိန်တွေကိုဖြတ်သန်းကြရင်း သူမနဲ့ ပိုပြီးရင်းနှီးလာခဲ့တယ်…
သူငယ်ချင်း…
သူမနဲ့သူငယ်ချင်းဆိုတဲ့အနေအထားကလည်းပိုပီပြင်လာခဲ့တယ်..
ဖြစ်ခဲ့သမျှတွေချုံ့ပြီးပြောကြရင်တော့..
အကြောင်းမတိုက်ဆိုင်လို့ မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းနဲ့..
အဆက်အသွယ်တွေပြတ်တောက်သွားခဲ့တဲ့အချိန်မှာတော့..
သူမ နဲ့ပိုပြီးတော့ အနေနီးစပ်လာခဲ့ပြီး
သွားအတူ လာအတူဖြစ်လာခဲ့တယ်..
နင် သူ့ကိုကြိုက်နေတာလားတဲ့ ဖုန်းထဲကနေ…
မိတ်ဆက်ပေးခဲ့တဲ့သူငယ်ချင်းမလေးကမေးတော့ ….
ဘယ်လိုစကားလုံးတွေနဲ့ပြန်ဖြေခဲ့သလဲဆိုတာ…
ခုချိန်မှာပြန်စဉ်းစားလို့မရတော့ပါဘူး…
အဲဒီအချိန်ထိလည်း သူမနဲ့ကသူငယ်ချင်းတွေ..
အရင်းနှီးဆုံးသောသူငယ်ချင်းတွေ..
သူမ နားမှာရှိနေခဲ့သော ယောကျာင်္လေးတွေထဲကမှ…
ထူးခြားသောလူတစ်ယောက်အဖြစ် ရှိနေခဲ့တုန်းပဲ….
ပိုပြီးပြောရရင် သူမကိုပိုးပန်းနေကြသောယောကျာင်္လေးတွေရဲ့
မျက်စိထဲမှာ မုတ်သုန်ဟာဆူးတစ်ချောင်းဖြစ်လာခဲ့တယ်..
အဲ့ဒီအချိန်ထိ သူမကို ချစ်နေခဲ့ပြီလားဆိုတာ …
ဘာမှမကျိန်းသေခဲ့ပါဘူး…

(၅)
စာသင်နှစ်တစ်နှစ်ကုန်ဆုံးသွားလို့နောက်တနှစ်ကိုရောက်တဲ့အချိန်မှာ.
သူမနဲ့ အတန်းထဲမှာအတူထိုင်တဲ့သူတွေဖြစ်လာခဲ့ပြီးတော့
အချိန်တွေအတော်များများမှာ နှစ်ယောက်အတူရှိနေတတ်ခဲ့တယ်
အတန်းရှိတဲ့နေ့တွေတိုင်း သူမ ကြိုက်တတ်တဲ့မုန့်တွေဝယ်ပြီးမှ
အတန်းထဲ ရောက်လာတတ်ခဲ့တာတွေ…
စာသင်နေတဲ့အချိန်ဘေးနားမှာသူမရှိနေရင်ဘယ်တော့မှအိပ်မငိုက်တတ်တာတွေ…
သူမပြောသမျှစကားလုံးတိုင်းဟာ နားဝင်ချိုနေတတ်တာတွေ..
အတန်းချိန်ပြီးတိုင်း အောက်မှလာစောင့်နေတတ်တဲ့…
သူမပြောတဲ့ သူမချစ်သူဆိုတဲ့လူတစ်ယောက်ကို..
စိတ်ထဲမှာ ရန်သူတစ်ယောက်လိုသဘောထားမိတာတွေ…
အလုပ်ထဲမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အားတဲ့အချိန်တိုင်း…
ခေါင်းထဲမှာ သူမ ရဲ့အကြောင်းတွေကိုချည်းတွေးဖြစ်နေခဲ့တာတွေ…
အဲဒါတွေရဲ့နောက်မှာ
သူမကိုချစ်မိသွားပြီလားဆိုတဲ့မေးခွန်းကို..
ကိုယ့်ကိုကိုယ်မမေးဖြစ်ဖို့ အမြဲရှောင်နေတတ်ပါပြီ…
အတန်းမတက်တဲ့နေတွေအတွက် သူမကိုစိတ်ပူတတ်ခဲ့ပြီ…
ဘယ်သူမှလာမကြိုတဲ့နေ့တွေမှာ ဘတ်စ်ကားမှတ်တိုင်ကို…
ဘယ်သူလိုက်ပို့ပေးမှာလည်းဆိုတာတွေ တွေးတတ်လာခဲ့ပြီ…
အဆိုးဝါးဆုံးလုပ်ရပ်တစ်ခုက…
ကဗျာတွေကို သူမရဲ့ လေ့ကျင်ခန်းစာအုပ်တွေထဲမှာ ရေးပေးတတ်ခဲ့ပြီ..
သူမကို မုတ်သုန် ချစ်မိသွားခဲ့ပါပြီ…
ဒီအတွက် ဘာအကြောင်းပြချက်မှမလိုပါဘူး
ရိုးရိုးကလေးပဲချစ်မိသွားခဲ့တာပါ…

(၆)
ချစ်ခြင်းဟာအရာရာကိုပြောင်းလဲစေခဲ့ပါတယ်..
သူမကိုချစ်ခဲ့မိပြီလို့ မသိစိတ်က ၀န်ခံလိုက်တဲ့နောက်ပိုင်း..
သူမနဲ့ပတ်သက်သမျှအရာအားလုံးဟာ
ဝမ်းနဲစရာ၊ ၀မ်းသာစရာတွေပြည့်နှက်နေတာပါပဲ….
တခြား တခြားသော ယောကျာ်းလေးတွေနဲ့ တွဲလာတတ်တဲ့သူမကို..
စိတ်ထဲက ဒေါသထွက်တတ်လာပါတယ်…
စိတ်ဆိုးရင် မျက်နှာပါပျက်နေတတ်တာကို
အလွယ်တကူပဲ ရိပ်မိနေတတ်တာလည်း သူမပါပဲ…
အဲလို အချိန်မျိုးးမှာဆိုရင်…သူမက
ဟေ့ရောင် မင်းကဘာဖြစ်နေတတ်တာလည်းလို့ အမြဲမေးတတ်ပါတယ်..
ဒီလိုအသုံးအနှုန်းမျိုးကိုလုံးဝမကြိုက်တဲ့မုတ်သုန်က..
နင်ငါ့ကိုဟေ့ရောင်လို့လည်းမခေါ်နဲ့
မင်းလို့လည်းမပြောနဲ့လိုပြောဖူးပါတယ်.
နင့်ထက်ငါက အသက်တစ်နှစ်ပိုကြီးတာပဲ
ခေါ်တော့ဘာဖြစ်လဲလို့..
သူမကအမြဲပြောတတ်တယ်..
အသက်ကြီးကြီး မကြီးကြီး မင်းလို့မခေါ်နဲ့ ..
မကြိုက်ဘူးလို့ပြောတတ်တာက..
မုတ်သုန်ဖြစ်လို့နေတတ်ပါတယ်…
အေးပါ နောက်ဆိုမခေါ်တော့ပါဘူးလို့…
အမြဲပြောတတ်တာက.. သူမပါ
စိတ်ဆိုးရတဲ့အကြောင်းကလည်း
အဲလိုအခြေအတင်လေးပြောလိုက်တာနဲ့..
ပျောက်ပြက်သွားတတ်ပြီး….နှစ်ယောက်စလုံးအပြုံးမပျက်ပါပဲ..
နင်မကြိုက်ရင် နောက်မခေါ်တော့ဘူးလို့ပြောခဲ့ပေမယ့်လည်း
မုတ်သုန်စိတ်ဆိုးနေတိုင်း သူမကတော့အမြဲခေါ်လျှက်ပါ…
ရင်းနှီးမှုတွေတစ်စ တစ်စ ပိုလာရင်းက…သူမကို ချစ်နေခဲ့တယ်ဆိုတာကို..
သူမက သိနေခဲ့ခြင်းပါပဲ…
ကြည့်စမ်းပါဦး ဘယ်လောက်များတုံးလိုက်တဲ့
ယောင်္ကျားတစ်ယောက်ပါလဲ…လို့..
(အဲလိုစကားလုံးမျိုးကို မင်းခိုက်စိုးစန်ရော
တာရာမင်းဝေရော သုံးထားခဲ့ဖူးပါတယ်)

(၇)
သူမဟာအင်တန်မှကို ပါးနပ်တဲ့မိန်းကလေးတစ်ယောက်ပါ…
သူမကိုချစ်နေတဲ့အကြောင်းတစ်ခွန်းမှမဟဖူးတဲ့မုတ်သုန်နဲ့…
နှစ်ယောက်တည်းအတူရှိနေတဲ့အချိန်တွေမှာဆို…
သူငယ်ချင်းတစ်ယောက်လိုနေပြတတ်ပြီး
အများတကာရှေ့မှာတော့
ချစ်သူတစ်ယောက်လိုနေပြတတ်ပါတယ်…
အပေါင်းအသင်းတွေနဲ့တွေ့တိုင်း …
အမြဲမေးလေ့ရှိတဲ့ သော့ထေ့ထေမေးခွန်းတွေ
အစွန်းမလွတ်တဲ့မေးခွန်းတွေကိုသူမက လှလှပပ ဖြေဆိုတတ်ပြီး..
မချိပြုံးပြုံးနေတတ်ခဲ့တာက မုတ်သုန်ရယ်ပါ….
(အရမ်းကိုလှတဲ့ကောင်မလေးရေ အဲဒါတွေအတွက်လည်း
နင့်ကိုသတိရနေတတ်ပါတယ်)
သူမက အရမ်းကိုလှတဲ့ကောင်မလေးတစ်ယောက်ပါ..
သူမဘယ်လောက်လှသလဲဆိုတာ..
သူများတွေက ပြောလွန်းမကပြောတော့မှသိရတာပါ…
ဒါဆိုရင် သူမကိုလှလို့ချစ်သွားတာလား..
ဟင့်အင်း …. လှလို့ဆိုတာထက်..
ချစ်စရာ ကောင်းလို့ကိုချစ်သွားတာပါ…
တစ်ချို့များဆိုမင်းနဲ့တန်တောင်မတန်ဘူးလို့တောင်…
အားမနာ လျှာမကျိုးပြောတတ်ပါသေးရဲ့..
အခုများတော့ သူတို့လည်းဝမ်းသာနေရောပေါ့..
သူမရှိနေတတ်တဲ့အချိန်တွေဟာ အလွန်သာယာပါတယ်…
သူမနဲ့အတူ ထီးရိပ်တစ်ခုအောက်တည်း…
အတူလမ်းလျှောက်ခဲ့တဲ့နေ့တွေဆို ဘယ်လိုမှပြောမပြတတ်အောင်ပဲ..
နောက်… လမ်းဖြတ်ကူးလို့ လက်မောင်းကိုလှမ်းကိုင်ထားတဲ့..
သူမရဲ့ လက်အစုံဟာ ဘာနဲ့မှအဖိုးမဖြတ်နိုင်တဲ့အရာပါ..
ဒီလိုခံစားမှုတွေကို တစ်ခွန်းမှပြောမပြခဲ့တာလည်းဒီနေ့အထိပါပဲ…

(၈)
သူငယ်ချင်းမက ရည်းစားမကျပုံစံမျိုးနဲ့နေထိုင်လာခဲ့ရင်း..
သူမကို ချစ်တဲ့အကြောင်းပြောဖို့ ကြိုးစားခဲ့တာ..
အကြိမ်ပေါင်းမနည်းခဲ့ပါဘူး..
မိန်းကလေးတစ်ယောက်ကို ချစ်တဲ့အကြောင်းပြောရတာဟာ..
ဘယ်လောက်အထိခက်သလဲဆိုတာ ….
ကိုယ်တိုင်ကြုံမှ သိခဲ့ရတာ…
သူမရဲ့ လေ့ကျင့်ခန်းစာအုပ်တွေထဲမှာရေးပေးခဲ့တဲ့..
ကဗျာတွေထဲက ထည့်ရေးခဲ့ဖူးတာ..
သူမနားမလည်တဲ့စကားလုံးတွေကိုရှင်းပြတတ်တာ…
သူမကိုချစ်တဲ့အကြောင်းတွေ…
ငါ့သူငယ်ချင်းက သိပ်ချစ်ဖို့ကောင်းတာပဲလို့ …
သူမအမြဲတန်းပြောတတ်ပါတယ်…
နင့်ကဗျာတွေက နားလည်ရခက်ပါတယ်လို့လည်း..
ဆိုနေတတ်ပေမယ့် နောက်လည်းရေးပေးဦးလို့အမြဲပြောတတ်တယ်…
သူမ စိတ်ချမ်းသာမယ်ဆို ဘာမဆိုလုပ်ပေးတတ်ခဲ့တယ်..
မုတ်သုန်မကြိုက်တာ တစ်ခကိုတော့ သူမ မလုပ်ပေးနိုင်ခဲ့ဘူး…
အဲဒါက…မုတ်သုန်ရှိနေတဲ့နေရာကို
တခြားယောကျာ်းလေးတွေခေါ်မလာပါနဲ့ဆိုတာ….
၂၀၀၅ ခုနှစ်ရဲ့ မိုးကာလတွေဟာ သူမ နဲ့ပတ်သက်လာရင်…
အထိခိုက်အလွယ်ဆုံးရက်တွေပါပဲ…
မိုးတွေအရမ်းရွာနေခဲ့တဲ့ ဇွန်လထဲက နေ့ရက်တစ်ခုမှာ…
အခါးသီးဆုံးဒဏ်ရာတစ်ခုကို စပြီးတော့ပေးခဲ့တာသူမပေါ့…
အဲ့နေက ငိုနေခဲ့မိသလားတော့မသိပါ..
မိုးတွေအရမ်းရွာနေတဲ့ကြားက ထီးမဆောင်းပဲ..
အိမ်ကိုအရောက်ပြန်ခဲ့တယ်…
နောက် အဲနေ့ညက ကဗျာတစ်ပုဒ်ရေးခဲ့တယ်…
သူမနဲ့ ရင်းရင်းနှီးနှီးရှိနေစဉ်ကာလတစ်လျှောက်….
သူမအတွက်ရေးပေးခဲ့တဲ့ကဗျာတွေထဲကမှ…
လက်ထဲမှကျန်နေရစ်ခဲ့တဲ့ တစ်ပုဒ်ထဲသောကဗျာ…
နောက်တစ်နေ့ပြန်တွေ့ကြတဲ့အချိန်..
အမှတ်မရှိတဲ့မုတ်သုန်က..
အဲဒီကဗျာကို သူမကိုပေးဖတ်မိစေခဲ့တယ်…
သိပ်ကြိုက်လွန်းလို့တဲ့ သူမရဲ့လေ့ကျင့်ခန်းစာအုပ်ထဲကိုတောင်
ကူးထည့်ပေးခဲ့ရပါသေးရဲ့………..။
အဲဒီနေ့က မိုးတွေရွာနေခဲ့တယ်…

မိုးရွာနေတယ်

မိုးရွာနေတယ်
မြို့ပြရဲ့မှိန်ဖျော့မီးရောင်အောက်မှာ
ဖြူဖျော့ဖျော့ ကြောင်တောင်တောင်
မျက်လုံးတစ်စုံနဲ့ အဝေးကိုကြည့်ခဲ့မိတော့
အိမ်ပြန်နောက်ကျခဲ့ပါတယ်။

ပါရီမြို့ရဲ့လမ်းမများမဟုတ်ဘူး
လမ်းဘေးကဖေးဆိုင်တစ်ခုမှ
ဗင်ဂိုးနဲ့တွေ့တော့
သူက အာဆူလာ အကြောင်းပြောတယ်
ကျွန်တော်က..
ခန့်မှန်းရခက်တဲ့ မိန်းမတစ်ယောက်အကြောင်းပြောတယ်။

ပြန်လည်နားလည်မှုမရခဲ့ပုစ္ဆာများရဲ့
အဖြေဟာရှုပ်ထွေးနေဆဲပဲ
လျှပ်စီးတလျှပ်နဲ့အတူ
အရစ္စတိုတယ် ရုတ်တရက်ဝင်လာပြီး
ရူးသွပ်မှုနဲ့ကင်းတဲ့ အကောင်းဆုံးစိတ်ဓာတ်ဆိုတာ
ဒီလောကမှာ မရှိဘူးတဲ့…
ရယ်မောရင်းပြန်ထွက်သွားတယ်။
မောင်ညိုမှိုင်းကတော့..
ကုသပျောက်ကင်းခြင်းမည်တိုင်း
ကယ်တင်ခြင်းမည်ပါရဲ့လားတဲ့…. မေးတယ်။

နားလည်ပါတယ်
နားလည်ပါတယ်
နားလည်ပါတယ်
နားလည်ပါတယ် အကြိမ်တစ်ထောင်ရွတ်ရင်း
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
မိုးစက်တွေက ကျဆဲပဲ။
မိုးရွာနေတယ်။

မိုးရွာနေတယ်
မြို့ပြရဲ့ နီကြင်ကြင်မီးရောင်အောက်မှာ
ခြောက်ကပ်ကပ် ပင့်သက်ရှိုက်ရင်း
အဝေးကိုကြည့်မိတော့
အိမ်ပြန်နောက်ကျခဲ့ပါရဲ့…
အဲဒီနေ့က မိုး သည်းသည်းမည်းမည်းရွာနေတယ်။
၂၆ .၆ .၂၀၀၅
၁၂း ၅၅ (AM)

(၉)
အက်ကွဲကြောင်းတစ်ခုရဲ့အစဟာ…
နောက်ပိုင်းမှာပိုပြီးတော့ကြီးထွားလာပါတယ်….
သူမစပေးခဲ့တဲ့ ဒဏ်ရာကိုအမြဲရင်းနေအောင်လုပ်ခဲ့တာကိုတော့..
ဒီနေ့အထိလုံးဝနားမလည်ခဲ့ပါဘူး…
ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့ ဖြစ်လာခဲ့တဲ့ဆက်ဆံရေးတွေအပေါ်..
သူမဘက်ကတော့ မသိဘူး..
မုတ်သုန်ဘက်ကတော့ ဘယ်လိုမှကိုးခံနိုင်ရည်မရှိခဲ့တာ..
စိတ်ဆိုးလို့စကားမပြောကြေး မခေါ်ကြေးဆိုပေမယ့်လည်း…
နောက်ပိုင်း ပြန်ခေါ်ရတာက မုတ်သုန်ပဲဖြစ်နေတယ်…
နောက်ဆုံးတော့ နင်ငါ့ကိုပြန်ခေါ်ရတာပဲမဟုတ်လားလို့..
အမြဲတန်းအနိုင်စကားဆိုခဲ့တာသူမပါ..
ဒီအချိန်အထိ နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးက..
သူငယ်ချင်းမက ရည်စားမကျဖြစ်နေတုန်းပါပဲ..
ပတ်ဝန်းကျင်ရဲ့အမြင်အားလုံးကတော့…
နှစ်ယောက်စလုံးရဲ့ ရင်းနှီးမှုပုံစံက ချစ်သူတွေ….။
မနေနိုင်လွန်းလို့ ဖွင့်ပြောတတ်တဲ့လူတွေမေးလာရင်လည်း..
ဟုတ်တာပေါ့ သမီးတိုနှစ်ယောက်ကကြိုက်နေကြတာလို့…
အပြုံးမပြတ်ဖြေတတ်တာသူမပါ…
ဒီစကားကြားလိုက်တဲ့အချိန်တိုင်း
ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတတ်တာ မုတ်သုန်။
သူကတော့ ပြုံးလို့….။
အဲဒီအပြုံးဟာ သိပ်ကြောက်စရာကောင်းမှန်း…
နောက်ပိုင်းမှသိခဲ့ရတာ။
၂၀၀၆ ခုနှစ်ရဲ့ နှစ်လည်ပိုင်းတွေဟာ..
နှစ်ယောက်စလုံးရဲ့ ဆက်ဆံရေးတွေကိုပြောင်းပစ်ဖို့…
စိတ်ခွန်အားတွေက စိန်ခေါ်လာခဲ့ပါတယ်…
သူမကို ချစ်နေတဲ့အကြောင်းပြောဖို့…
မဖြစ်မနေပြောဖို့ လိုအပ်လာခဲ့ပါပြီ။
သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးတံတိုင်းကြီးကို ..
ဖြိုဖျက်ပစ်ဖို့ ခံတပ်တွေဆောက်ရင်း စစ်ကြေငြာဖို့ ကြိုးစားခဲ့ပါပြီ…။
တကယ်တန်းပြောမယ်လည်းဆိုရော..
ပြုံးကြည့်နေရင်း ဘာပြောမှာလဲလို့မေးနေတဲ့..
သူမကိုကြည့်ရင်း ဇောချွေးတွေပြန်နေလားမသိ…
ကိုယ့်ကိုကိုယ်အားတင်းရင်း ပြောလိုက်တာ…
စကားသာဆုံးသွားတယ် သူကတော့အပြုံးမပျက်ပဲ…
စကားတောင်ထောက်ပေးနေသေးတယ်..
အဲ့ဒီတော့ဘာဖြစ်လဲတဲ့ (သေရော…..)
ဘာမှကိုဆက်မပြောနိုင်တော့တာ…
ဘာဆက်ပြောရမလဲဆိုတော့….
နင့်အပေါ်မှာသူငယ်ချင်းတစ်ယောက်လိုသဘောမထားနိုင်တော့ဘူးလို့…
အဲဒါတွေနောက်မှပြောတာပေါ့တဲ့..
သူမကပြောရင်း …..ထပြန်ခဲ့ကြတယ်
နောက်နေ့တွေတွေ့တော့လည်း ဒီအတိုင်ပါးပဲ..
မေးလိုက်တိုင်းပြုံးပြီးကြည့်နေတယ်..
မေးလွန်းမကမေးတော့မှပြန်ဖြေတယ်…
ငါတို့နှစ်ယောက်သူငယ်ချင်းတွေလိုပဲနေကြရအောင်တဲ့…
တကယ်ပါ ကမ္ဘာကြီးတစ်ခုလုံးချာချာလည်သွားတာပါပဲ..
ဘယ်လိုမှကိုထင်မှတ်မထားခဲ့တဲ့စကားတစ်ခုပါ…
အချိန်တွေအကြာကြီးရင်းနှီးလာခဲ့ကြတဲ့နှစ်ယောက်စလုံးရဲ့…
ဆက်ဆံရေးလမ်းကြောင်းပျောက်ဆုံးဖို့အကြောင်းဖန်လာခြင်းအစပါ။

(၁၀)
သဘောတရားတွေဟာအင်မတန်ကိုရှုပ်ထွေးပါတယ်..
ချစ်တာကိုချစ်တဲ့အကြောင်းဘယ်လိုမှရှင်းပြလို့မရသလို..
မချစ်တဲ့လူကို ဘာကြောင့်မချစ်တာလဲဆိုတာပြောရခက်ပါတယ်…
သူငယ်ချင်းလိုပဲနေကြရအောင်လို့ပြောတဲ့သူမကို…..
ဘယ်လိုနည်းနဲ့မှ အပြစ်တင်စကားဆိုလို့မဖြစ်ပါဘူး..
လူတစ်ယောက်ဟာလွတ်လပ်သောရွေးချယ်ခွင့်ရှိရပါမယ်..
အဲဒီရွေးချယ်ခွင့်ကို အပြည့်အ၀အသုံးချသွားခဲ့တာကသူမပါ
နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကတော့ဘာမှတော့ပြောင်းမသွားသေးပါဘူး..
သူဆံပင်ကောက်လိုက်ရာကဖြောင့်လိုက်တဲ့အကြောင်းလည်းခေါ်ပြောစမြဲ..
အဖေကနင့်ကိုတွေ့ချင်လို့ဆိုပြီး အိမ်ခေါ်တွေ့မြဲ..
မုန်လိုက်ဝယ်ကျွေးပါလားဆိုပြီး ပူဆာစမြဲ….
လိုချင်တာရှိရင်ဝယ်ပေးပါလားလို့ပြောစမြဲ…
သူမဖက်ကတော့ဘယ်အရာမှမပြောင်းလဲခဲ့ပါဘူး…
မပြတ်မသားဖြစ်ပြီး မျှော်တရေးရေးဖြစ်နေခဲ့တာကမုတ်သုန်…။
ချစ်ခြင်းဟာ လူကိုရူးသွပ်စေခဲ့ပါတယ်။
ရူးသွပ်နေခဲ့တဲ့ချစ်ခြင်းသွက်သွက်ခါသွားခဲ့တာကတော့..
တစ်ခါမှမမြင်ဖူးတဲ့ယောက်ျားတစ်ယောက်ကို..
မုတ်သုန်ရှေ့ကိုခေါ်လာခဲ့တဲ့အချိန်ပါ။
ငါဘာကောင်လဲဆိုတဲ့မေးခွန်းကို မေးတတ်တဲ့အချိန်….
ရူးသွပ်ခဲ့တဲ့ချစ်ခြင်း သွက်သွက်ခါတဲ့အချိန်ပေါ့။
သူမနဲ့သဘောတူထားခဲ့တဲ့ ခပ်ပါးပါးစည်းလေးတစ်ခုကို..
သူမဖက်ကပဲ စတင်ချိုးဖြတ်ခဲ့ပါတယ်..
ဒီအတွက် သူကိုအပြစ်ပြောခြင်းမဟုတ်ပါ…
အပြန်အလှန်စောင့်ထိန်းရမယ့် ကျင့်ဝတ်ကိုသူမလျစ်လျူရှု့ခဲ့လို့ပါ…
၂၀၀၇ခုနှစ်ရဲ့ နွေဦးရာသီဟာ အလွန်တရာပူပြင်းခဲ့ပါတယ်..။

(၁၁)
အရာအားလုံးကိုအဆုံးသတ်ဖိုဖန်လာခဲ့ပါတယ်..
သူမဖက်က ဘယ်အရာမှပြောင်းလဲမယ့်ဟန်မတွေ့ရတဲ့အချိန်မှာ..
ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်ဖို့ကြိုးစားတာဟာ…
မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တာလားဆိုတာ..
ဒီနေ့အထိ မဝေခွဲတတ်သေးပါဘူး။
အဲ့ဒီနေ့တုန်းက ကော်ဖီမကြိုက်တဲ့သူမဟာ..
မုတ်သုန်နဲ့အတူ ကော်ဖီဆိုင်ထိုင်ရင်း….
ပြောသမျှစကားတွေအသေအချာနားထောင်နေခဲ့ပါတယ်..
သူမ ပြုံးမနေပါဘူး…
သူနားလည်တယ်ဆိုတဲ့အကြောင်း ပြောနေတယ်
သူ့စကားသံမှာ ငိုသံပါနေသလားတော့ သေချာပါဘူး..
သူမကိုပြောခဲ့တာတွေထဲမှာ မှတ်မိနေတဲ့စကားတစ်ခုက..
ချစ်သူတစ်ယောက်လို့ပဲသဘောထားချင်တဲ့ငါ့အတွက်..
သူငယ်ချင်းအဖြစ်ပဲရှိနေမယ်ဆို…
ငါတို့မတွေ့ကြရုံတော့ပဲရှိတော့တယ်လို့…။
သူမနဲ့ပတ်သက်လို့နောက်ဆုံးစကားတစ်ခွန်းပါ။
သူမကိုနောက်ဆုံးပေးခဲ့တဲ့လက်ဆောင်က..
ဒိုင်ယာရီထဲံက သူမအတွက်ရေးထားတဲ့ စာမျက်နှာတွေပါ…။
နောက်ပိုင်း မျက်နှာချင်းဆိုင်တစ်ခါမှ မတွေ့ဖြစ်တော့ပါဘူး။
ရံဖန်ရံခါအွန်လိုင်းမှာတွေ့တိုင်း..
အကြောင်းပြချက်တစ်ခုရှာတိုင်း တွေ့ကြဖို့အတွက်..
သူမ ဖက်ကစကားခေါ်ခဲ့တဲ့တိုင် အမြဲငြင်းဆိုတတ်ခဲ့ပါပြီ။
အက်ကြောင်းတွေအများကြီးပေါ်ခဲ့ပြီးမှရွေးချယ်ခဲ့တဲ့လမ်းဟာ..
ဘယ်လောက်ထိမှန်သလဲဆိုတာတော့ မကျိန်းသေလှပါဘူး….။
အဲဒီနောက်ပိုင်း ၂၀၀၇ ရဲ့ဆောင်းရက်တွေဟာ
အဆိုးဝါးဆုံးဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေပါပဲ။

(၁၂)
ဖြစ်ခဲ့တာတွေအားလုံးအတွက် သူမမှာတာဝန်မရှိပါဘူး..
ပေါင်းစပ်မရာတဲ့အရာဟာ ဘယ်လိုနည်းနဲ့မှကို..
ပေါင်းစပ်လို့ရမှာမဟုတ်ပါဘူး…
သူမအတွက် အားကိုးအားထောက်ပြုလောက်တဲ့..
ယုံကြည်ကိုးစားနိုင်လောက်တဲ့ …
သူမရွေးချယ်တဲ့စံနဲ့မကိုက်ညီလို့..
အတူလက်တွဲကြဖို့မရွေးချယ်ခဲ့တာဆိုရင်လည်း..
သူမဖက်ကမှန်နေပါလိမ့်မယ်…
သူမနဲ့အတူရှိနေခဲ့တဲ့ရက်တွေအတွက်…
သူမကိုကျေးဇူးတင်နေဆဲပါ..
ပေးသလောက်မရခဲ့ဘူးဆိုရင်လည်း မရခဲ့တဲ့အတိုင်း..
နားလည်မှုမရှိခဲ့ဘူးဆိုရင်လည်း မရှိခဲ့တဲ့အတိုင်း…
သူရော မုတ်သုန်ရော..ရွေးချယ်မှုအတွက်
ဘယ်သူမှ မမှားယွင်းခဲ့ကြပါဘူး။
ချစ်ခြင်းကတော့အမြဲ လှပနေခဲ့ပါတယ်။
ချစ်ခြင်းကို အရောင်ဆိုးကြတဲ့လူသားတွေကတော့
ပြောင်းလဲနေတတ်ကြပါတယ်။
မုတ်သုန်လည်း ချစ်ခဲ့ဖူးပါတယ်……။

အားလုံးပျော်မယ့်သင်္ကြန်လား…

သင်္ကြန်ကျဖို့ရက်ပိုင်းသာလိုတော့တာကြောင့်
လူတိုင်းရဲ့အတွေးတွေထဲမှာလဲ…
သင်္ကြန်အကြောင်းတွေပဲစိုးမိုးလို့နေပါတယ်..
ဒီနှစ်သင်္ကြန်ဘာလုပ်မှာလဲ..
ဒီနှစ်သင်္ကြန်ဘယ်မှာရှိမှာလဲ..
ဒီနှစ်သင်္ကြန်ကိုဘယ်လိုဖြတ်သန်းကြမှာလဲ …
စသဖြင့်ပေါ့…
သင်္ကြန်ကြောင့်အလုပ်ပျက်ပါတယ်လို့..
စိတ်ညစ်နေကြတဲ့လူတွေရှိသလို…
သင်္ကြန်ကိုကြိုတွေးပြီး
ရင်ခုန်နေကြတဲ့သူတွေလည်းအများကြီးပါ…
ခြုံပြောကြစတမ်းဆိုရင်တော့..
လူငယ်တွေကပျော်နေကြပြီး..
လူကြီးတချို့စိတ်ညစ်နေကြပါတယ်…
တစ်နှစ်မှာတစ်ခါတည်းပျော်ရတဲ့ပွဲလို့…
ပြောကြ ဆိုကြပေမယ့်..
ခေတ်ကာလအခြေအနေအရ…
ရုန်းကန်လှုပ်ရှားနေရသူတွေအတွက်တော့..
ထူးပြီးပျော်စရာ မဟုတ်တော့တာလဲ..
ကာလတွေတောင်အတော်ကြာခဲ့ပြီပဲ…
အထူးသဖြင့်သင်္ကြန်နဲ့အတူပါလာမယ့်..
နှစ်သစ်ကူးရုံးပိတ်ရက်ဆယ်ရက်မှာ…
ရပ်တန့်သွားမယ့် စီးပွားရေးအခြေအနေတွေကို..
တွေးပူပန်နေကြသူတွေပါ..
ဒီလို ဒီလို အပျော် အမောတွေကြားကမှ
ဒီနှစ်သင်္ကြန်မှာဘာတွေများထူးမှာလဲ..
ဘယ်လိုတွေများဖြတ်သန်းကြမှာလဲ..
ပတ်ဝန်းကျင်မှာကြားနေရတဲ့အသံတစ်ချို့ကို…
နားထောင်ကြည့်ပြီး..
ဖြစ်နိုင်ချေရှိတဲ့သင်္ကြန်အကြောင်းပြောကြတာပေါ့..
သင်္ကြန်အကြောင်းတွေမပြောခင်…
ပြည်တွင်းမှာရှိမနေတဲ့..
အဝေးရောက်မြန်မာတွေအတွက်…
အင်တာနက်သင်္ကြန်ရယ်လို့ခေါ်ဆိုပြီး…
အလွမ်းပြေကြည့်လို့ရနိုင်မယ့်…
ဘလောဂ်တစ်ချို့ကိုညွှန်းလိုက်ပါရစေ…
တစ်ခုကတော့ Planet သင်္ကြန်ဝက်ဘ်ပေ့ခ်ျ..
နောက်တစ်ခုက အရင်နှစ်ထဲကရှိခဲ့ပြီး…
ပြန်လည်အသက်ဝင်လာတဲ့ သင်္ကြန်ဘလောဂ်...
ဒါလေးတွေကြည်ြ့ပီး နဲနဲပါးပါးတော့..
အလွမ်းဖြေနိုင်ကောင်းပါရဲ့…
အခုပြောပြမှာက…
ဒီနှစ်သင်္ကြန်ဘာတွေဖြစ်လာနိုင်သလဲ….
အထူးသဖြင့်ရန်ကုန်နဲ့ပတ်သက်တာတွေပါ…

သင်္ကြန်စာအလိုအရ….

ဒီနှစ်သင်္ကြန်စာအလိုအရတော့ဒီလိုဆိုတာထားပါတယ်…

မြန်မာသက္တရာဇ် ၁၃၇၀ ခုနှစ်အတွက်သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာ

………ဘာနုရာဇာမည်သော
တနင်္ဂနွေဂြိုလ်မင်းသည်
ကြာဆံဝတ်ဆံအဆင်းနှင့်တူသော
အ၀တ်တန်ဆာကိုဝတ်ဆင်လျက်
နဂါးကိုစီး၍ လက်တစ်ဖက်ကမြား၊
လက်တစ်ဖက်ကားလွှားကိုကိုင်ကာ
အရှေ့မြောက်ထောင့်မှ အနောက်သို့ဝင်၌……….
…..သင်္ကြန်အကျမိုးဦး၊
မိုးလည်ကောင်းအံ့၊ မိုးနှောင်းတန့်အံ့၊
ပြည်ရွာမီးဘေးအန္တရယ် သတိပြုသင့်၏
ကျွဲနွား စသောခြေလေးချောင်းတို့…
အနာများအံ့၊ ရေပိုးသားငါးများအံ့၊
အတောင်ရှိသောကျေးငှက်တို့ ဥပါဒ်ဖြစ်ကုန်အံ့၊
ကွမ်းသီး၊ ငြုပ်စွံအံ့……….

နေ့အလိုက်အဟောတွေနဲ့

အသေးစိတ်ကြည့်ချင်သူတွေကတော့

ဒီမှာ ကြည့်နိုင်ပါတယ်

ဒီနှစ်သင်္ကြန်မှာဘာတွေထူးခြားမလဲ

ဆိုတော့… ဒီနှစ်သင်္ကြန်မှာ ဘာထူးခြားမှုတွေရှိနေသလဲ…
အရင်နှစ်တွေနဲ့မတူတာကတော့..
ဒီနှစ်သင်္ကြန်ဟာအရင်နှစ်တွေကလို…
လေးရက်မဟုတ်ပဲ ငါးရက်ဆင်နွှဲရမှာပါ…
အကြို၊ အကျ၊ အကြတ်၊ အကြတ်၊ အတက် ဆိုပြီး…
အကြတ်နှစ်ရက်ပိုလာပါတယ်..
သိပ်တော့မတန်းပါဘူး…
ဒီလိုငါးရက်ဆင်နွှဲရတဲ့သင်္ကြန်ပွဲရက်တွေဟာ..
ရက်ထပ်နှစ်တိုင်းမှာဖြစ်ပေါ်လေ့ရှိပါတယ်…
ပထမထူးခြားချက်ကတော့…
ငါးရက်ပျော်မယ့်သင်္ကြန်ပွဲပါ…
နောက်တစ်ခုထူးခြားတာက…
ပြည်လမ်းပေါ်မှာဘယမဏ္ဍပ် မှဆောက်ခွင့်မရှိဘူဆိုတာပါ…
အရင်နှစ်တွေကတော့ အဲပုဂံတို့၊ အယ်လ်ပိုင်းမဏ္ဍပ်တွေက..
ပြည်လမ်းပေါ်မှာရှိနေခဲ့ပါတယ်..
နောက်ထင်ရှားတဲ့ တစ်ခုကတော့..
ပြင်သစ်ယဉ်ကျေးမှုဌာနကလုပ်တဲ့..
ကျောင်းသားတွေအတွက်ရေကစား မဏ္ဍပ် ပါ..
အခု ပြည်လမ်းပေါ်မှာ ဘယ်မဏ္ဍပ်မှ ဆောက်ခွင့်မပေးဘူးလို့…
သတင်းထွက်ပေါ်လာတာကြောင့်…
ဘာကြောင့်ဆောက်ခွင့်မပေးတာလဲဆိုတာ…
အများစိတ်ဝင်စားတဲ့အရာတစ်ခုဖြစ်လာပါတယ်..
အကြောင်းပြချက်ကတော့..
ယာဉ်ကြောရှုပ်ထွေးမှုတွေကြောင့်ပါတဲ့…
နောက်တစ်ခုထူးခြားတာကတော့..
ကန်တော်ကြီးပတ်လမ်းမှာ…
မဏ္ဍပ်တွေဆောက်ခွင့်ပေးပါမယ်တဲ့..
ကားလမ်းကျဉ်းတဲ့ကန်တော်ကြီးပတ်လမ်းမှာ..
မဏ္ဍပ်တွေဆောက်ခွင့်ပေးပြီး…
ကာလမ်းကျယ်တဲ့ပြည်လမ်းပေါ်
မဏ္ဍပ်ဆောက်ခွင့်မပေးတာကတော့…
စဉ်းစားစရာအချက်တစ်ချက်ဖြစ်နေပါတယ်….
နောက်တစ်ခုက ရေကစားမဏ္ဍပ်ကြီးတွေမှာ…
စီစီတီဗီတပ်ရမယ်ဆိုတဲ့အရာပါ…
ဒီနှစ်မှစတင်လိုက်တဲ့အစီအစဉ်အသစ်ပါ…
လောလောဆယ်သင်္ကြန်မရောက်ခင်..
ထင်သာမြင်သာရှိမယ့်…
ထူးခြားမှုတစ်ချို့ကတော့ဒီလောက်ပါပဲ…

သင်္ကြန်နဲ့ဖက်ရှင်

ဒီနှစ်သင်္ကြန်ဖက်ရှင်ကတော့…
မိန်းကလေးတွေဆိုကျစ်တံမီးကျစ်တဲ့ဖက်ရှင်က..
အရင်နှစ်တွေလိုပဲရေးပန်းစားနေမှာပါ..
ဆံပင်အရောင်ချွတ်တာတို့..
အရောင်ဆိုးတာတွေကတော့…
အရင်နှစ်တွေကထက် ပိုတောက်တဲ့အရောင်တွေ..
ကာလာအဆန်းတွေသုံးလာနိုင်ပါတယ်…
ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း…
လူကြီးတွေတော့သရုပ်ပျက်တယ်လို့ခေါ်လေမလား..
ခေတ်ဆန်းလွန်းသော…သင်္ကြန်နဲ့မလိုက်ဖက်နိုင်သော..
ဝတ်စားဆင်ယင်မှုတွေအများဆုံးတွေ့လာနိုင်ပါတယ်…
စကက်အတိုဝတ်တာတွေ၊ ဘောင်းဘီအတိုဝတ်တာတွေ..
အမြင်မသင်တဲ့ဖက်ရှင်ဆင်ယင်မှုတွေ…
ပိုများလာနိုင်ပါတယ်…
ယောက်ျားလေးတွေကြားမှာလဲ…
အီမိုဆံပင်ပုံစံပိုခေတ်စားလာနိုင်ပြီး….
အရက်သေစာသောက်သုံးရမ်းကားမှုတွေ..
အရင်နှစ်တွေကထက်လျော့မသွားနိုင်ပါဘူး..
အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့လူတွေပိုများနိုင်တာမို့…
မဏ္ဍပ်တွေပေါ်မှာထင်ရာစိုင်းနေသူတွေ..
အမြင်မသင့်တဲ့ချစ်တင်းနှောမှုတွေပြူလုပ်နေမယ့်..
ချစ်သူစုံတွဲတွေလည်းအများဆုံးတွေ့လာရနိုင်ပါတယ်..
သတိထားရမှာက..စီစီတီဗီ ကင်မရာပါ..
မဏ္ဍပ်တိုင်း စီစီတီဗီ ကင်မရာထားရမယ်ဆိုရင်…
မတော်တရော်မြင်ကွင်းတွေဟာ..
တပ်ထားတဲ့စီစီတီဗီကင်မရာတွေကတစ်ဆင့်…
ပုံရိပ်တွေပြန့်ထွက်လာနိုင်ပါတယ်…
ပိုဆိုးနိုင်တာက သင်္ကြန်အပြီးကာလအထိပါ…
ရှုပ်ထွေးလာနိုင်မယ့်အခြေအနေမှာရှိနေပါတယ်…
သင်္ကြန်တွင်းအနေအထိုင်ဆင်ခြင်ကြဖို့က..
ပိုအရေးကြီးလာပါလိမ့်မယ်…
မနှစ်ကလိုမဏ္ဍပ်ပြိုကျမှုတွေမဖြစ်ဖို့တော့..
အားလုံးသတ်ပြုကြရမယ့်အချက်ပါ

သင်္ကြန်နဲ့စီးပွား

သင်္ကြန်စီးပွားကတော့ ထုံးစံအတိုင်း
အရက်သေစာရောင်းချသူတွေကသာ
ဦးဆောင်သွားပါလိမ့်မယ်
လမ်းမတွေပေါ်မှာအရက်သေစာရောင်းချခြင်းမပြုရလို့
သတင်းစာကတစ်ဆင့်တားမြစ်ထားပေမယ့်
ဘယ်လောက်အထိန်းချုပ်နိုင်မှာလဲဆိုတာကိုတော့
စောင့်ကြည့်ရဦးမှာပါ
တစ်ပွဲထိုးစီးပွားရှာသူတွေ
ပသေးစားမိုဘိုင်းအရောင်းဆိုင်သမားတွေသာ
သင်္ကြန်စီးပွားမှာအများဆုံးတွေ့နေရပါမယ်
ကြော်ငြာသင်္ကြန်ရယ်လို
တစ်ခေတ်ဖြစ်ပြီးတဲ့အချိန်တုန်းကလိုတော့
ကြော်ငြာစုံကိုသင်္ကြန်တွင်းတွေ့ရဖို့တော့
ခဲယဉ်းမယ်လို့သုံးသပ်ရပါတယ်

သင်္ကြန်နဲ့ဂီတ

သင်္ကြန်ဂီတကတော့အထူးပြောစရာမလိုပါဘူး..
ဆူဆူညံညံဖွင့်ထားဦးမယ်..
အနောက်တိုင်းဂီတသံစဉ်တွေကြားထဲမှာ….
စိုင်းစိုင်းခမ်းလှိုင်ရဲ့…
အိုးကလေးလှုပ်ပါဦး…
တော်ဂေါ်လီသီချင်းကဦးဆောင်သွားပါလိမ့်မယ်..

သင်္ကြန်ကိုကားနဲ့လည်မှာလား

ကားနဲ့လည်မယ်ဆိုတဲ့လူတွေအတွက်
စရိတ်စက ပိုများလွန်းနေမလားမသိပါ
ကားဌားခရယ်၊ ဆီဈေးရယ် ထည့်တွက်ရင်
မဏ္ဍပ်ထိုင်တာကပိုတွက်ချေကိုက်မယ့်
အခြေအနေမှာရှိနေပါမယ်
နောက်တစ်ခုထည့်စဉ်းစားကြမှာက
ယာဉ်ကြောပိတ်ဆို့မှုပြသနာပါ
အခက်အခဲဆုံးပြသနာလို့လည်းဆိုနိုင်ပါတယ်
ယာဉ်ကြောပိတ်ဆို့တာကြောင့်
တနေ့လုံးနေမှ အင်လျားလည်းတစ်ခုပဲ
ရောက်ခဲ့တယ်လို့စိတ်ပျက်လက်ပျက်
ငြီးညူသံတွေကြားရပါအုန်းမယ်
ကားနဲ့လည်မယ်ဆိုလည်း
အများဆုံးတွေ့နိုင်တာကစက်မှုဇုန်ထုတ်
ဂျစ်ကားတွေပါ
အရမ်းဈေးပေါလွန်းနေပြီး
စီးတဲ့လူလည်းများနေတာကြောင့်
စစ်ပြီးခေတ်ကတွေ့ခဲ့ရတဲ့ဂျစ်သင်္ကြန်
ဒီနှစ်မှာပြန်တွေ့လာနိုင်မှာလားလို့
မေးခွန်းထုတ်စရာဖြစ်နေပါတယ်
တွက်ချက်ကြည့်ရင်တော့
တစ်နေ့တည်းသိန်းချည်ကုန်နိုင်တဲ့
ကားနဲ့လျှောက်လည်တာနဲ့စာရင်
တစ်နေ့တစ်သောင်းခွဲလောက်သာပေးရတဲ့
မဏ္ဍပ်ထိုင်သူတွေ ပိုများနေမလားပဲ

သင်္ကြန်နဲ့ရာသီဥတု

မိုးဇလကဦးထွန်းလွင်ကတော့..
သင်္ကြန်တွင်းမှာနေရာတိုင်း
ရက်ဆက်မိုးရွာသွန်းနိုင်တယ်လို့..
ခန့်မှန်းထားပါတယ်…
မိုးအရမ်းရွာမနေရင်တော့
ကောင်းနေမှာပါ…
နေလည်းသိပါမပူ..
မိုးလေးကတစ်အုံ့အုံ့…
ရွာရင်လည်း ဖြိုးဖြိုးဖျောက်ဖျောက်ဆိုရင်တော့…
သင်္ကြန်ဆင်နွှဲသူတွေအတွက်..
အကောင်းဆုံးရာသီဥတုဖြစ်မှာပါ…

ဆင်ခြေဖုံးကလမ်းလျှောက်သင်္ကြန်

ငွေကုန်ကြေးကျမတတ်နိုင်…
လက်လုပ်လက်စားဘ၀တွေများတဲ့…
ဆင်ခြေဖုံးတွေမှာတော့…
တစ်နေရာနဲ့တစ်နေရာ…
လမ်းလျှောက်ရေပက်ခံထွက်ကြမယ့်…
လမ်းလျှောက်သင်္ကြန်က..
အစဉ်အလာမပျက်ရိုးရာဆက်ထိန်းသွားပါလိမ့်မယ်…

သင်္ကြန်နဲ့ဘာသာရေး

သင်္ကြန်မှာ သာသနာဘောင်ဝင်ကြမယ့်သူတွေကလည်း
အပြိုင်းအရိုင်းရှိလို့နေပါတယ်
ဝင်လိုသူတွေအတွက်ကတော့ဘာမှသိပ်မလိုပါဘူး
သင်္ကန်းတစ်စုံရယ်၊ ကိုယ်တိုင်တုံးလာတဲ့ခေါင်းတုံးရယ်
အိပ်ရာ ခြင်ထောင်တစ်စုံရယ်ရှိရင်ပဲ
ခရီးရောက်သွားပါပြီ
တရားစခန်းဝင်မယ့်သူတွေကလည်း
အများအပြားပါပဲ
အခုချိန်ကတည်းက တရားစခန်းတွေ
စာရင်းပိတ်သွားပါပြီ
သင်္ကြန်ပြီးသွားရင်တော့
သင်္ကြန်နဲ့ရောယောင်ပြီ..ခေါင်းတုံးတုံးကြသူတွေ
သာသနာ့ဘောင်ကိုတစ်ခဏမျှခိုနားလို့
စိတ်ငြိမ်းချမ်းမှုရှာကြာသူတွေရဲ့ ခေါင်းတုံးတွေနဲ့
ခေါင်းတုံးဖက်ရှင်ကတော့ သင်္ကြန်အပြီးမှာ
ရေပန်းအစားဆုံးဆံပင်ဖက်ရှင်ဖြစ်လာနိုင်ပါတယ်

သင်္ကြန်နဲ့အလှူအတန်း

ဘိုးတို့ ဘွားတို့ငယ်ငယ်တုန်းကလေဆိုတာတွေကတော့…
နှစ်တွေလည်းကြာလာတော့ ပုံပြင်တွေလည်းဖြစ်ခဲ့ပါပြီ..
ရှိတော့ ရှိနေ ဦးမှာပါ …
ရွာထဲ ရပ်ထဲ ရပ်ကွက်တွေထဲမှာတော့..
စတုဒီသယမဏ္ဍပ်တွေရှိနေပါဦးမယ်…
အရင်ထက်စာရင်တော့ …
အင်မတန်ကိုနဲသွားပါပြီ…
မုန့်လုံးရေပေါ်ကျွေးမယ့်စတုဒီသာအလှူရှင်တွေကတော့..
အတော်လေးကိုများနေဦးမှာပါပဲ….

သင်္ကြန်ကိုရှောင်မယ့်သူများ

သင်္ကြန်ကိုရှောင်မယ့်သူတွေကတော့
ခရီးထွက်ခြင်းဆိုတာနဲ့
အိမ်တွင်းပုန်းခြင်းဆိုတဲ့ နည်းလမ်းနှစ်မျိုးကို
အများဆုံးအသုံးပြုဖို့ ခတ်ကွင်းပြင်ထားကြပါမယ်
ဟိုတုန်းက သင်္ကြန်သီချင်းငြိမ့်ငြိမ့်လေးတွေနားထောင်ရင်း
ငယ်ငယ်က ရေပြွတ်ကလေးတွေ၊ ဖလားကလေးတွေနဲ့
ရေကစားခဲ့ကြတာလေးတွေကို ပြန်အမှတ်ရကြရင်း
အိမ်းနီးနားဝန်းကျင်က အလှူလုပ်လို့
လာပို့တဲ့စားဖွယ်ရာလေးတွေသုံးဆောင်ရင်း
အတော်လေးတော့ဟန်ကျနေကြမယ့်ပုံပါ
သင်္ကြန်တွင်း အိမ်မှာ….စာအုပ်တွေဖတ်ရင်း
ရုပ်ရုင်ကြည့်ရင်းကုန်ဆုံးမယ့်သူတွေအတွက်ကတော့
မီးလာမလားဆိုတာကို
ခုထိ ယတိပြတ်မသိရသေးတော့
အတော်စိတ်ညစ်နေရတယ်လို့ကြားရပါတယ်
(အဲဒီအထဲမှာ မုတ်သုန် လည်းပါပါတယ် )

သင်္ကြန်အတွက်ဖြစ်နိုင်ချေရှိတာတွေကတော့…
ဒီလောက်ပါပဲ…
သင်္ကြန်ရှုခင်းကိုသုံးသပ်ခြင်းကတော့…
သင်္ကြန်ပြီးမှဆက်ရေးပါဦးမယ်..
အားလုံးပဲနှစ်သစ်မှာ…
ရွှင်လန်းနိုင်ကြပါစေ….

မျက်ရည်သစ်ပင်

ချစ်ခြင်းနဲ့ပတ်သက်လို့
အကြောင်းအရာတစ်ခုလောက်ရေးကြည့်ဖို့
မောင်မျိုးကို ချောက်တွန်းလိုက်တော့ တကယ်ရေးတယ်ဗျာ
သူတောင်ရေးသေးတာပဲ
ဘာရမလဲဆိုပြီး ကော်မန့်တောင်ဝင်ပေးပစ်တယ်
အဲဒီကော်မန့်ကိုထောက်ခံတဲ့လူကရှိသေး
နောက်နေ့တွေ့တော့
ဆရာသမားက မင်းလည်းရေးပါလားတဲ့။
အဲဒါမှ ပြဿနာ…. မရေးပြန်လဲမကောင်း… ရေးပြန်တော့လဲမကောင်း
ကြောင်မျိုးကတော့ စိတ်ခုနေမှာအသေအချာ
.ဟိုဟိုဒီဒီခေါင်းရှောင်လို့..ရပေမယ့်
ကိုယ်စရှို့ထားတဲ့အရာဖြစ်နေပြန်… နေပါဦးလေ
ချစ်ခြင်းဆိုလို့ စတုန်းကလည်းမကောင်း
အဆုံးလည်းကောင်းမည်မထင်
ဘယ်တုန်းကမှလည်းကောင်းတာမရှိခဲ့
ဘယ်လိုလုပ်ရမလဲစဉ်းစားရင်း
တရေးနိုးသော်အကြံပေါ်တဲ့… တရေးတော့မနိုးပါဘူး
ညမအိပ်ပဲစာအုပ်ရှာလိုက်တာ
ဖယောင်းတိုင်လေးငါးတိုင်လောက်ကုန်အောင်..မီးထွန်းရှာလိုက်တာ
တွေ့ပါလေရဲ့ဗျာ
စာအုပ်ရှာတာကလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး
သူငယ်ချင်းတစ်ယောက်ကိုပေးလိုက်ချင်လို့
အလာတော့ကောင်းပါရဲ့ အခါနှောင်းဆိုသလို
ပေးချင်တဲ့စာအုပ်က ပေးချင်တဲ့လူဆီ
အကြောင်းအမျိုးမျိုးကြောင့်ရောက်မသွားရှာလေဘူး
နောက်တွေ့တော့ပေးရတာပေါ့
စိတ်ထဲတော့ သိပ်မကောင်းလှဘူး
ဖြစ်တတ်တဲ့သဘာဝမို့…လက်ထဲရှိနေတဲ့စာအုပ်ကိုပဲ
ဟိုဟိုဒီဒီလှန်ကြည့်ရင်း… စာတရွက်လှန်တိုင်း
ရင်ခုန်သံတွေအစိမ်းလိုက်မြည်တယ်
ဟိုးတုန်းကပြောတာပါ
တော်တော်စွဲလန်းခဲ့ရတဲ့စာအုပ်
ကဗျာစာအုပ်ဆိုပေမယ့်
အက်ဆေးတစ်ချို့နဲ့ရောမွှေထားတာ
အဲဒီစာအုပ်ရဲ့ နောက်ဆုံးပိုင်းမှာ
အက်ဆေးလေးတစ်ခုပါတယ်
တကယ်ကောင်းပါတယ်
ရေးတဲ့လူကတော့ရှေ့မှာပြောခဲ့တယ်ဗျ
”ခင် ဟူ၍ရင်တုန်လာသဖြင့်
လက်ကလေးဖြင့်ဖိထားရပါသည် ” တဲ့
တော်တော်ဆိုတဲ့စာပါ
သူရဲ့ခံစားပုံအရဆို တကယ်လည်းဖြစ်နိုင်ပါတယ်
အဲလိုရင်ခုန်သံမျိုး မီးကူးကြည့်ဖို့ကြိုးစားကြည့်သေးတယ်
ကံဆိုးချင်တော့ ဘေးနားမှာ ခင် နဲ့တူတာ
တစ်ယောက်မှ မရှိခဲဘူး
လက်လျော့လိုက်ရလေသတည်းပေါ့
ဆိုတော့ဗျာ
စာအုပ်မှာပါတဲ့ အက်ဆေးလေးကို
ပြန်တင်ပေးမယ်
အတော်များမျာကလည်းကြိုက်ကြမှာပါ
မြွေရေခွံအိတ်တစ်လုံးရဲ့အောက်ဆုံးနားရောက်နေခဲ့သော
မရှိတော့ဘူးလို့ထင်တားတဲ့..စာအုပ်လေးကိုလည်း
အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့
နောက်
အမှတ်ရစရာတွေ ရရှိထားခဲ့တဲ့ ဒီရက်သတ္တပတ်ကို
အလေးထားမိတဲ့အနေနဲ့
သူများပြောတဲ့အချစ်အကြောင်းမှာ
သွားအာချောင်ထားမိခဲ့တဲ့အတွက်ရော
အစစ အရာရာ အတွက်ပါ
သူများရေးထားတဲ့
အက်ဆေးတစ်ပုဒ်ပြန်တင်ပေးပါမယ်
ကိုယ်တိုင်ရေးထားတာမဟုတ်ပေမယ့်
ကိုယ်တိုင်ခံစားးခဲ့ရသလိုပါပဲ
စာအုပ်နာမည်က
” ပြုံးနေတဲ့ သံဆူးကြိုးလေး”
ရေးထားတဲ့လူက ကေဇော်
(မန္တလေးသိန်းဖော်လို့လည်းလူသိကြပါရဲ့)
ထုတ်ခဲ့တဲ့ ခုနှစ်က… ၁၉၈၈ မတ်လ
အက်ဆေးနာမည်က “မျက်ရည်သစ်ပင်”

    မျက်ရည်သစ်ပင်

    ထင်းရှုးလမ်းပဒေသာလမ်းပါတဲ့…
    လမ်းကလေးရဲ့တစ်ဖက်တစ်ချက်မှာတော
့ထင်ရှုးပင်တွေအစီအရီပေါက်နေကြ တယ်။
    တစ်ချို့အပင်တွေကငိုနေသလိုပဲ၊
    သူတို့အသီးကြီးတွေကမျက်ရည်စကြီးတွေနဲ့တူနေတယ်။
    တစ်ချို့အပင်တွေကျတော့လည်းခြေလက်တွေချိုးပြီး
    ကနေ ကြသလိုပဲ။အခက်အလက်တွေကော့ပျံ့နေတယ်။
    တချို့ကျတော့လည်းလူရွှင် တော်တွေလို
    အမြဲရယ်ကြဲကြဲလုပ်နေကြပါတယ်။
    တစ်ချို့ကျတော့လေမကြောက်မိုးမကြောက်၊
    နေမကြောက်၊အမြင့်မားဆုံးပေါက်ရောက်ပြီးခါကြီးတွေ
    ထောက်နေလေရဲ့။….. နောက်ပြီး
    ထင်ရှုးပဒေသာလမ်းနဲ့ ပတ်သက်တဲ့
    ဇာတ်လမ်းကလေးတစ်ခု လည်းရှိတယ်။
    နွေတုန်းကထင်ပါရဲ့ ။
    လေဟာမျက်ရည်သစ်ပင်ကြီးတွေကိုအငိုရှာနေတယ်။
    အဲ့ဒီ အချိန်တုန်းက ကောင်လေးတစ်ယောက်
    လမ်းလျှောက်နေတာတွေ့တယ်။
    ကောင်လေးကိုကြည့်ရတာ
    တစ်စုံတစ်ခုနောက်ဆံတင်းနေသလိုပဲ၊
    (လမ်းဘေးက အုတ်ခုံလေးမှာ
    အင်္ဂတေတွေကွာနေလေရဲ့)
    ဒီလိုနဲ့နေ့ရက်တွေ ကုန်လွန် သွားခဲ့တယ်။
    တစ်နေ့ ထင်းရှုးပဒေသာလမ်းကလေးပေါ်ကို
    ကောင်မလေးတစ်ယောက်ထပ်ရောက်လာတယ်။
    သူကလမ်းကလေးကိုအားနာတယ်။
    ကောင်လေးက တောင်းပန်စရာမလိုဘူးကွယ်။
    လူ့ဘ၀ဆိုတာ အားနာစရာမှမဟုတ်တာလို့ရှင်းပြနေချိန်မှာ
    အခက်အလက်တွေကော့ပျံ့နေအောင်
    ခြေတွေလက်တွေချိုးပြီး ကနေတဲ့
    ထင်းရှုးပင်အုပ်ကလေးပေါ်ကို မိုးရွာချတော့တာပါပဲ။
    နေ ထွက်လိုက် မွန်းတည့်လိုက် နေ၀င်လိုက်နဲ့ ၊
    မကြာခင်မှာပဲ ….
    ကောင်လေးတစ်ယောက်ထပ်ရောက်လာပြန်တယ်
    သစ်ရွက်တွေမကြွေရဘူးတဲ့။
    အသံလာရာမော့ကြည့်လိုက်တဲ့အခါ
    အမြင့်မားဆုံးပေါက်ရောက်ပြီး
    ခါးထောက်နေတဲ့သစ် ပင်ကြီးကိုတွေ့တယ်။
    အဲ့ဒီအချိန်ကစပြီးထင်းရှုဒပဒေသာလမ်းပေါ်မှာ
    သူတို့သုံးယောက် လမ်းလျှောက်နေတာကို
    အားလုံးလိုလို မြင်ဘူးကြတယ်။
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ထင်းရှုးပင်ကြီးတစ်ပင်ကရယ်စရာဆိုတာ
    တို့သစ်ပင်ကြီးတွေကစပြီး တီထွင်ခဲ့တာပါကွာလို့
    ရယ်ကြဲကြဲ လုပ်နေတယ်။
    ထင်းရှုးပဒေသာလမ်းကလေးဟာ
    ပျော်စရာဘယ်လောက် ကောင်းပါသလဲ
    ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ်၊
    ကမ္ဘာကြီးရယ်…
    ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။
    တစ်ကယ်ဆို ဒီအချိန်မျိုးမှာ…
    လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်သင့်ပါဘူး။
    ခုတော့လျို့ဝှက်စွာတိုက်ခတ် သွားတဲ့ မုန်တိုင်းကြောင့်
    ထင်ရှုးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။
    ထင်ရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း
    မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်..
    ဒါပေမယ့်…

    ထင်ရှုးပဒေသာလမ်းပေါ်မှာ

    ကောင်လေးတစ်ယောက်ဟာ …

    လမ်းလျောက်နေတုန်းပါပဲ၊

    (သူ့ကိုကြည့်ရတာ ဘာကိုမှနောက်ဆံတင်းပုံမပေါ်ဘူး၊)

    လမ်းဘေးအုတ်ခုံလေးမှာတော့ အင်္ဂတေတွေကွာနေရဲ့။ ။

    ကေဇော်
    (၂ စက်တင်ဘာ ၁၉၈၅ )

      တောင်တန်းများဆီက အသံသစ်ကိုသယ်ဆောင်လာသူ

      (၁)
      ပျံသန်းမယ့်ငှက်ကို ….. သူတို့မို့ဖမ်းချင်တာ
      ရွှေလှောင်အိမ်မှာ ….. ပျော်လို့မရပါ
      ချစ်တဲ့ကောင်းကင်ရဲ့….. လွတ်လပ်မှုကိုရှာ
      ပွင့်လန်းမယ့်ပန်းကို ….. သူတို့မို့တားချင်တာ
      ထာဝစဉ်ငုံကာ ….. နေလို့မရပါ
      ချစ်တဲ့အလင်းရောင်ရဲ့ ….. ယုယမှုကိုရှာ
      ရှိတာတွေကို ….. ရှိပါစေလေ
      ဖြစ်တာတွေကို ….. ဖြစ်ပါစေလေ
      သဘာဝဟာ ….. သဘာဝပါ…

      သဘာဝဟာ သဘာဝပါလို့ အသံရှည်ကြီးဆွဲလို ထွက်ပေါ်လာတဲ့အသံ နောက်ပါသွားတဲ့စိတ်ကို ဘယ်လိုမှထိန်းမရနိုင်တော့။ ဖြစ်ချင်တာတွေ ဖြစ်မရနိုင်တာကို နှစ်သိမ့်ပေးနေသလိုလို။ ရှိတာတွေကို ရှိပါစေလေ။ ဖြစ်တာတွေကို ဖြစ်ပါစေတဲ့။ ရိုးစင်းတဲ့စာသားတွေက အားကောင်းကောင်း နဲ့ဆွဲငင်လို့။ဒီသီချင်းကိုဘယ်သူဆိုထားတာလဲ။လွိုင်လင်ကအပြန် ဒီသီချင်း ကိုသယ်ဆောင်လာတဲ့အဖေ့ကိုလှမ်းမေးလိုက်တော့၊ စိုင်းထီးဆိုင်တဲ့။မန္တလေး ရောက်နေတဲ့ရှမ်းတစ်ယောက်ပေါ့ကွာ။အဖေဆက်ပြောလိုက်တဲ့စကားသံ ကတစ်စွန်းတစ်စသာကြားလိုက်ရင်း။
      စိတ်တွေကတော့ ဟိုးအရှေးကလှမ်းမြင်နေရတဲ့ ရှမ်းတောင်တန်း ကြီးတွေဆီ သီချင်းသံနဲ့အလိုက်သင့်မျောပါလို့။ သဘာဝဟာသဘာဝ ပါလို့ ဆိုလိုက်သူ။သူ့သီချင်းသံတွေက မြင်နေရတဲ့ရှမ်းတောင်တန်းတွေဆီကနေ အဝေးဆုံးထိ ကျော်လွန်သွားလိမ့်မယ်ဆိုတာ အဲဒီအချိန်တုန်းက သတိမထား မိလိုက်တာတော့အမှန်ပင်။ သီချင်းတစ်ပုဒ်ချင်းဝယ်သွင်းလို့ရတဲ့အချိန်မှာစိုင်းထီးဆိုင်ရဲ့သီချင်း တွေထဲကနောက်ထပ်သတိထားမိခဲ့တဲ့သီချင်းတစ်ပုဒ်က]သေအောင်သာရွာပါမိုး}။ လူငယ်သဘာဝလိုချင်တာကိုဆုပ်မိနိုင်ဖို့အားနည်းနေတဲ့အချိန်။ကြုံသမျှအရှုံး၊ ကံကိုကဆိုးလွန်းတယ်လို့ အရာရာအပြစ်မြင်နေတဲ့အချိန်။ခေတ်ကို အပြစ်တင်၊စနစ်ကိုအပြစ်မြင်တတ်တဲ့အချိန်။ဒီလိုချိန်မျိုးမှာ နားထောင် မိခဲ့တဲ့သီချင်း။သီချင်းစာသားတွေအပေါ်အတင်းဖိနင်း ထားတဲ့ဆိုဟန်။ နားထောင်သူရဲ့စိတ်ကို ကိုင်လှုပ်လိုက်တဲ့အချိန်မှာ အကုန်လုံးကကျိုးကျေလို့။ ဘယ်လိုမှထွက်ပေါက်မရှိနိုင်တော့ဘူးလို့ထင်ခဲ့ရတဲ့အထိ။

      အနိုင်ရပြီးခဲ့ပြီမို့….. တကယ်ကျေနပ်ဖို့ ကောင်းပါတယ် အိုး …
      အခုတော့ မဟုတ်ပါတယ် ….. တမင်တကာရက်စက်လွန်းပြီကွယ်
      သေအောင်သာရွာပါမိုး ….. သေအောင်သာရွာပါမိုး …..
      (ခြောက်သွေ့တဲ့လမ်းပေါ်တောင်မှ ချိုင့်ခွက်နဲ့
      မလွဲနိုင်သူအဖို့ ရွံ့ဖွက်နဲ့ထပ်တိုးလို့ မထူးတော့ပြီမို့
      ရွာချင်ရင် ရွာပါမိုး)
      ဒီလောက်အညှိုးကြီးရင်တော့ ….. ဒီကမ္ဘာက အကျဉ်းလေးပါကွယ်
      လည်စဉ်းပြီးပေးပါ့မယ့် ….. ဒီတခါတော့မပြေးတော့ပြီကွယ်
      (သေအောင်သာ ရွာပါမိုး)

      စိတ်ကိုအဆုံးစွန်ထိထွက်ပေါက်မပေးတော့။ ဆိုးနိုင်သလောက်ဆိုး ပါလေ။သေအောင်သာရွာပစ်စမ်းပါလို့စိန်ခေါ်လိုက်သံ။ ခေတ်ရဲ့သီချင်း။ လူငယ်တို့ရဲ့သီချင်း။ ဒီသီချင်းတွေကြားထဲကမှ ခံစားမှုဒဿနတွေလှပ်ပြ။ ကြီးပြင်းခဲ့ရာရှမ်းမြေဆီကိုလှမ်းလင့်ခေါ်သံပြုလိုက်တဲ့သီချင်းတစ်ပုဒ်က ]တောင်ပေါ်မြေရဲ့အခြားတမျက်နှာ}။ ချယ်ရီတွေသာယာ၊ ထင်ရှုးတောတွေနဲ့ ရှမ်းမလေးတွေနေတဲ့ရှမ်းမြေ။ သာယာလှတဲ့ တောင်ပေါ်မြေ။အဲ့ဒီတောင်ပေါ် မြေရဲ့အခြားတစ်ဖက်မှာဘာတွေရှိနေမှန်းတော့မသိကြပါဘူးလို့ဆိုလိုက်သံ။

      မြင်စရာတွေ တကယ်တန်းပြောပြစရာ ….. ပုံလို့သာနေ
      အကိုတို့ရေ ….. ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ
      တောင်ပေါ်မြေရဲ့ ….. အခြားတဘက်မျက်နှာမှာ
      ချယ်ရီတွေလဲ ….. ယမ်းနံ့စွဲနေ သာယာတယ်ဆိုတဲ့…..
      ထင်ရှုးတောတွေဟာ ….. လောင်ရာတွေနဲ့ရုပ်ပျက်နေ…..

      အဲဒီခေတ်၊အဲဒီအခါတုန်းက ရှမ်းတောင်ပေါ်မြေရဲ့ဖြစ်ရပ်မှန်တွေကို အကောင်းဆုံးလှစ်ဟပြသွားနိုင်ခဲ့တာပါ။လှပတဲ့ချယ်ရီတွေကယမ်းနံ့စွဲလို့၊
      ရှုမဆုံးတဲ့ထင်းရှုးတောတွေက လောင်ရာတွေနဲ့။ အိပ်ပျော်နေတဲ့ အစ်ကိုတွေ အပြင်ထွက်ခဲ့ပါတော့တဲ့။ ]တောင်ပေါ်မြေရဲ့ အခြားတမျက်နှာ}သီချင်းနဲ့ ရှမ်းပြည်ရဲ့ အမှန်တရား၊ အနှစ်သာရတစ်ခုကို အသစ်လွင်ဆုံးဖော်ကျူး ပြရင်း နောက်ထပ်ရှမ်းပြည်ဖွဲ့တေးတွေထဲမှာချစ်စရာအကောင်းဆုံးနဲ့လွမ်း မောဖွယ် ဖြစ်ခဲ့ရတဲ့သီချင်းတစ်ပုဒ်ကငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ်။

      အို ….. ငွေတောင်တန်းရယ်
      ဆယ်နှစ်နီးပါး ….. စောင့်ခဲ့ကြပြီးမှ
      ဒီအချိန်မှာ ….. တညဖြစ်ဖြစ် နှစ်သိမ့်ဆုလေးလောက်တော့
      တသက်လုံးမခွဲကြခင် ….. ကြင်နာခွင့်ရသင့်ပါတယ်….

      ငွေတောင်တန်းကိုသက်သေပြုရင်းမ၀ံ့မရဲ လှမ်းဆိုလိုက်တဲ့ ချစ်သက် သေစကား။ ချစ်သူနှစ်ဦးအတွက် ကမ်းလင့်တောင်းခံနေတဲ့ တောင်းဆု။ အချစ်တခုတည်း အားကိုးလို့မဖြစ်နိုင်ဘူးဆိုတာပြောဆိုလို့ ဆက်ရှိ နေမယ့် ဇာတ်လမ်းတစ်ခု။အနေဝေးတော့လည်းအေးခဲရပါတယ်တဲ့။

      သူတို့တောင့်တတဲ့ အာမခံမိုးပေမယ့် တိမ်လေတွေနဲ့
      လွင့်ပါးပျောက်ကွယ် အို ….. ငွေတောင်တန်းရယ် …..
      အနေဝေးတော့ အေးခဲ့တဲ့အချစ်ဟာ
      တကယ်သာမငြိမ်းသေးပဲ ခွဲခဲ့ရင် မခက်ပေဘူးလား …..
      ဒီဇာတ်လမ်းလေးအတွက် ….. တချိန်ချိန် ဆက်ရှိဦးမယ်
      ခုများတော့ တယောက်က အပြီးအပိုင် ကန့်လန့်ကာချပြီ
      မင်းသမီးပျိုလေးအတွက် ….. ပြာပုံပေမယ့်
      အဝေးရောက်သားအတွက် မီးလောင်ဆဲ ….. ။

      (၂)
      ခံစားမှုအသစ်၊ တွေးခေါ်မှုအသစ် တွေကိုရိုးရှင်းတဲ့သံစဉ်တွေနဲ့ဖော် ပြခဲ့ပြီး အကြိမ်ကြိမ်ပြန်နားထောင်းတိုင်း တရှိုက်မက်မက်စွဲနေလောက်အောင် သီဖွဲ့ပြခဲ့သောသီချင်းများထဲတွင် လူတိုင်းခံစားနှစ်သက်ခဲ့ရသည့်သီချင်းက မန္တလေးရောက်ရှမ်းတစ်ယောက်}။ဒီသီချင်းကတော့ စိတ်ပညာဘာသာရပ်နဲ့ မန္တလေးကို ကျောင်းလာတက်ခဲ့တဲ့စိုင်းထီးဆိုင်အတွက်ရော၊ မန္တလေး ဆေးတက္ကသိုလ် မှာ ပညာသင်နေတဲ့ စိုင်းခမ်းလိတ်အတွက်ပါ အမှတ်ရစရာ တွေအပြည့်ရှိနေမှာပင်။ဒီသီချင်းမှာ စွဲနေခဲ့တဲ့စာသားက တောင်ပေါ်သား ဖြစ်ရတာဂုဏ်ယူပါတယ်}တဲ့။
      အို ….. အို ….. နေရာချင်းတော့မလဲပါဘူး
      တောင်ပေါ်သားဖြစ်ရတာ ….. ဂုဏ်ယူပါတယ်ကွာ
      ဒါပေမယ့်လည်း ….. မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့
      အဖြစ်ဟာ ….. မလွယ်ပါလား

      လူတိုင်းပါးစပ်ဖျားကိုရောက်ခဲ့တဲ့သီချင်း။စိုင်းခမ်းလိတ်နဲ့စိုင်းထီးဆိုင် အတွဲကို လူတိုင်းသတိထားမိစေခဲ့တဲ့သီချင်း။ နယ်ပယ်သစ်ကိုရောက်ခဲ့ပေမယ် ဇာတိကိုတမ်းတလိုက်တဲ့တမ်းချင်း။ အဝေးရပ်မှာပညာသင်ကြား ပြန်ချင်ပေ မယ့်မပြန်နိုင်၊ ရှမ်းအိုးစည်သံ၊ ရှမ်းအကဟန်တွေကိုမမြင်ရတာသိပ်ကြာခဲ့လို့ အောက်မေ့တမ်းတခဲ့တဲ့ ချစ်တဲ့ရှမ်းရိုးမကို ကျော်လွန်ပြီးအရင်ဆုံး အောင်ပွဲခံခဲ့သွားခဲ့တဲ့သီချင်း။စိုင်းထီးဆိုင်တစ်ခေတ်အစပျိုးလိုက်ပြီ။ဒီ သီချင်းပါခဲ့တဲ့ စီးရီးနာမည်က ပျောက်ဆုံးနေသောနိဗ္ဗန်ဘုံ။ စီးရီးတစ် ခုလုံး ရောင်းပြီးရလာခဲ့တဲ့ငွေကြေးက ကျပ်၆၀၀ စွန်းစွန်း။
      မန္တလေးရောက်ရှမ်းတစ်ယောက်အောင်မြင်ပြီးနောက်ပိုင်း၊ ပရိသတ် ကြားထဲ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့သီချင်းက မောင့်လပြည့်ဝန်း။ ရေးသူက ကိုနေ၀င်း။ မန္တလေးအဆောင်ရှေ့များတွင် ညပေါင်းများစွာအောင်ပွဲခံခဲ့လေ သီချင်း။ ကိုယ်ပိုင်သံစဉ်ဂီတလောကတလျှောက်ဂန္တ၀င်ဖြစ်လာခဲ့မည့်သီချင်း။

      ဒီတညမှာ ….. မြင်ရခဲတဲ့ မောင့်လပြည့်ဝန်း
      သာလွန်းတဲ့ ….. အရင်ညက မောင့်လပြည့်ဝန်း
      အမှောင်ညကို စွန့်သွားခဲ့ ….. မောင့်လပြည့်ဝန်း
      (ကွယ်လွန်ခြင်းကမ္ဘာတစ်ဖက်မှာ ကျန်ရစ်သူ
      မျက်ဝန်းမှမျက်ရည်လည်း အမှောင်ဆုံးညတွေ
      ဘယ်မှာဆုံးမလဲ မတွေးဝံ့တော့ဘူး …..
      သြော် …… မတွေးတတ်တော့ဘူး)
      ချစ်၍စွန့်သွားတဲ့မင်းကို
      သြော် ….. စွန့်၍ ချစ်သွားမယ်လေ …..

      ဆို့နင့်နေတဲ့စိုင်းထီးဆိုင်ရဲ့ဆိုဟန်။ ကိုနေ၀င်းရဲ့ စာသားအလှည့် လူငယ်တွေရူးသွပ်စွာရင်ခုန်လိုက်ကြတာက ချစ်၍စွန့်သွားတဲ့မင်းကို သြော်စွန့်၍ချစ်သွားမယ်လေ} ဆိုသောစာသား။အလည်လွန်ခြင်းကမ္ဘာတစ် ဖက်ကိုထွက်သွားသူ။တဘက်စွန်းမှတသက်နေလဲ အချိုဆုံးစကားတွေ ဘယ်မှာဆုံးမလဲ။ မတွေးဝံ့တော့ဘူး။သြော် မမေးအပ်တော့ဘူး။နယ်ကျွံခြင်း ကမ္ဘာအပျက်မှာတဘက်လူသား ခက်လွန်းမကအခက်ပွေလည်း အငိုဆုံးမှ လေ ပြန်လာဦးမလား။ မပြောတတ်တော့ဘူး။ သြော်မပြောအပ်တော့ဘူး။ စတဲ့…. စတဲ့ စာသားတွေ။ခံစားချက်တူသူလူငယ်တို့ရဲ့ ရင်တွင်းမှပွင့်အန်ခဲ့ တဲ့သီကြွေးသံတွေ ဆင့်ကဲလို့ပဲ့တင်ခဲ့၏။ ဒီလူနဲ့တူသော အကျိုးမျိုးဘ၀ ဆက်တိုင်းမှာမင်းတစ်ယောက်ကင်းလွတ်ဝေးပါစေ။
      ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့ပါလို့ ဆိုငြီးကြရင်း ထပ်တွေ့လိုက် ကြတာက လူကြမ်းမင်းသား။ သူများက ဒိုင်းခနဲတစ်ချက်ပစ်ရင် ဘ၀ဟာ တစ်ခါသေရ။ သူငယ်ချင်းက ဇာတ်လိုက်လုပ်ရင် သူခိုးဒမြဖြစ်ခဲ့ရနဲ့ အောင့် အီးလို့နေခဲ့ရသူ။ ရုပ်ဆိုးဖြစ်သမို့ ဘယ်နေရာမဆို အနစ်နာခံရင်း တကယ် သဘာဝကျဖို့ အသုံးတော်ခံရင်း ဖြစ်လာခဲ့ရတာက လူကြမ်းမင်းသား။

      ဇာတ်ကြမ်းသမားအဖြစ်ဟာလေ …..
      ကောင်းတိုင်းလည်း ….. အကောင်းမထင်ခံရဘူး
      (ဒီလူအမူအရာများ ….. အကယ်ဒမီခေါ်ထိုက်သလား
      ပြောကြတယ် ….. လူကြမ်းကို ဒီလိုအိုက်တင်များ
      အကယ်ဒမီယူထိုက်သလား ကဲ့ရဲ့တယ်)

      လူကြမ်းသမားဖြစ်ရင်း၊ အကဲ့ရဲ့ခံအဖြစ်နေထိုင်ရင်း အရာအားလုံးကို
      ပြန်ဆွဲတင်ဖို့ ကြိုးစားပြလိုက်သည့် သီချင်းက ပလက်ဖောင်းမင်းသား ။
      ကြယ်ရောင်တွေပျောက်တဲ့ညမှ အပြင်လောကသို့ထွက်လာခဲ့သောသူ။မှီခိုရာ အိမ်ဆိုပေမယ့်အိမ်ရယ်မမည်တော့သူ။ ငွေဆိုလို့ တစ်ဆယ်တန် နဲ့အကြွေ တစ်ချို့ သာရှိတော့သူ။ဒီလိုအမှောင်တွေကြားထဲကမှ မျှော်လင့်ချက် ကြီးတစ်ခုကိုရင်မှာပိုက်ထားခဲ့သူ။အားတင်းဆွဲခေါ်လိုက်တာက။

      အပျံသင်စ တဖြစ်လဲတဲ့အခါ…..
      ကိုယ်ပလက်ဖောင်းမင်းသားအရင့်စား
      ရေဆိုတာက ….. နွေအခါမှာခက်သေး
      ငွေဆိုတာက ….. ရှာနိုင်သူအဖို့မရှား
      (လုပ်စရာရှိတာ ပြီးအောင်မြန်မြန်လုပ်
      သိပ်မတွေးနဲ့….. သိပ်မမေးနဲ့ …..
      အချိန်ကုန်တယ် ….. လေကုန်တယ် …..
      အရလွယ်တိုင်းလည်း ….. တွေ့တာအကုန်မယူနဲ့
      အန္တရာယ်က ….. လက်တစ်ကမ်းမှာ
      ကြာကြာဝါးမယ့်သွား …..
      ဘာစားစားအရိုးကြည့်ရှောင်ဟေ့)

      အမှောင်တကာ့အမှောင်တွေကြားထဲကမှ ရတဲ့အလင်းတစ်စကိုကောက် ယူနိုင်ဖို့ချိန်ထိုးပြရင်း ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ နောက်ဆုံးနေ့ အထိလျှောက်ဦးဟေ့ လို့ဟစ်ကြွေးသံတွေဆူညံ့ စိုင်းထီးဆိုင် ခေတ်အကောင်း ဆုံးဖြစ်လာခဲ့တာတော့အမှန်ပင်။

      (၃)
      နွဲ့တင်အတွက်သီချင်းသီချင်းတစ်ပုဒ်၊ နောက်ဆုံးသီချင်း၊ ဘီးနံပါတ် ဥု ၀၁၂၂ူ၊ အိပ်စက်အနားယူပြီ၊ ငယ်ချစ်ဦး၊ နွေနံနက်ခင်း၊ ဥပက္ခာလော ကသား၊ အဖေရောက်တဲ့အခါပြန်နှိုးပါ၊ ရန်ကုန်မှာသာတဲ့လ၊ မေတ္တာရေစုန် မျောခဲ့သူ၊ ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး၊ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်၊ ရေဒီယိုကမာရွတ်၊ မောင့်အရိုင်း ပန်း၊ သခင့်ဆီအပြေးပြန်လာမည်၊ လေညာအရပ်ကအချစ်၊ ဘ၀မီးအီမ်၊ မေမြို့မိုး၊ အားလုံးကိုပျော်စေချင်ခဲ့သူ။
      စိုင်းထီးဆိုင်အတွက် စိုင်းခမ်းလိတ်ရေးပေးခဲ့သော သီချင်းပုဒ်ရေပေါင်း ကခုနှစ်ရာကျော်၊ ပစ်ရက်စရာတစ်ခုမှမရှိခဲ့။ သီချင်းတိုင်းအောင်မြင်ခဲ့၏။ မန္တလေးရောက်ရှမ်းတစ်ယောက်ကစလို့ နှလုံးသားမှာကျွန်းခံနေသည်အဆုံး လူငယ်ကြိုက်သီချင်းများစွာ၊ မောင်လပြည့်ဝန်းကဲ့သို့သောဂန္တ၀င်သီချင်းများ၊ သဘာဝကဲ့သို့သောအတွေးအခေါ်သီချင်းများ။
      အချိန်တွေကိုဖြတ်သန်းရင်း၊နေ့ရက်တွေကိ