Archive for poem
{ April 30,08 @ 7: 23 pm }
·
{ poem }
{ }
·
{ }
အဖျားရိုင်း
မိုးရေတွေကြားက တပေါက်ပေါက် လွင့်စင်နေတဲ့ရေစက်တွေ..
အမိုးအောက်ကခုန်ထွက်လိုက်တာ…
ဦးနှောက်ထဲစိမ့်ဝင်သွားတဲ့ရေတစ်စက်…
နှလုံးသားကိုတဖျတ်ဖျတ်ခါစေတယ်…
ဒါဟာ ကမ္ဘာဦးသူတို့မီးကိုစတင်တွေ့ရှိခဲ့သလို …
အရိုင်းဆန်တယ်…
ဘာမှမဖြစ်တဲ့ရေတစ်စက်က ခန္ဓာတစ်ခုလုံးကိုင်လှုပ်..
အဖျားဒီဂရီ စံချိန်တင်တယ်..
ခြောက်ကပ်အာခေါင်ထဲက အော်ဟစ်နေတဲ့တောင့်တမှုတွေ
အဖျားရိပ်ကို အဖျားသွေးနဲ့ချိန်စက်တာ..
င့ါကို ဒီအတိုင်းပဲထားလိုက်ကြပါတော့..
သွေးစိမ်းတရှင်ရှင်ထွက်လို့ အတင်းရုန်းထနေတဲ့စကားလုံးများ..
အပြင်ကို ခုန် ထွက် သွား
ပါကင်ထုတ်ထားတဲ့ လောကဝတ်တွေနဲ့..
အရောင်ပြယ် အပြုံးတုတွေသုံးရင်း…
လာမနှိပ်စက်ကြပါနဲ့
ရပ်လိုက်ကြပါတော့…. ဖိနင်းထားတဲ့နှိပ်စက်ခံစားမှုတွေ…
ဆွံ့အနေအောင် စုန်းတောက်ခံလိုက်ရတာ
ငါ့….. အ တွေး
ငါ့……အ တွေး … တွေ…. ပြန်ပေးကြပါ
ငါ့အတွေးက ငါ့ကမ္ဘာ…
ငါ့အတွေးက ငါ့အိပ်မက်…
ငါ… ဖျား… ချင်… တယ်
ငါ… ဖျား… တော့… မယ်
ငါ… ဖျား… နေ… တယ်
ငါ.. ဖျား… နေ… ပြီ
ဒီ အ တိုင်း ပဲ ထား ခဲ့ ကြ ပါ တော့။
မုတ်သုန်လေ
ဧပြီ ၃ဝ ၊၂ဝဝ၈
{ April 26,08 @ 2: 30 am }
·
{ poem }
{ }
·
{ }
ခွဲခွာမှုလိုတွေ့နေကျ
လူးလွန့်အတွေးတို့ငြိမ်သက်
မျှော်မှန်းကြည့်မိရာက
မဖြစ်သေးဘူးလို့ကျောခိုင်းထ
နောက်များမှ တွေ့ကြစို့ရဲ့။
ဖျတ်ခနဲထလို့ တိုးဝင်ရွှေလျားသွား
ဘယ်တော့ပြန်လာခဲ့မယ်ဆိုတာဟာ
အကြောင်းတရားမဲ့လွတ်မြောက်ခြင်းမဟုတ်ခဲ့
လွတ်ထွက်သွားတဲ့ဆုပ်ကိုင်မှု
မြင်ခဲ့ရာနောက်ဆုံးကျောတဆုံးက မှုန်ပြပြ။
ဝန်ပိုတို့ ထမ်းပိုးသယ်ယူရာ
တိုးရိပ်ပြကိန်းဂဏန်များနဲ့အတူ
မပြီးဆုံးသော ပြဇာတ်တစ်ပုဒ်သီိဖွဲ့ရာ
အခြေအနေတို့ကွာဝေးလွန်းခဲ့သလား။
ပြန်လည်တွေ့ဆုံဖို့ရာ မကျိန်းသေတဲ့
ဆုံခန်းတိုင်ရွေးချယ်မှုကွန်ယက်
တစ်ချိန်မှာ အလှည့်ကျရောက်ခဲ့တော့
လက်ပြနှုတ်ဆိတ်လို့ကျန်ခဲ့ပါပေါ့။
{ April 23,08 @ 11: 15 am }
·
{ poem }
{ }
·
{ }
ဂျိုကာများတဲ့ဖဲထုတ်
အခြေအနေက အဆင်မပြေဘူး
နေပူတော့လည်းပူလို့…. မိုးရွာတော့လည်း မိုးရွာလို့
ငါတို့… ဘာကိုအလိုမကျဖြစ်နေသလဲ
လောကနဲ့ လိုက်လျောညီထွေလည်း နေတတ်တယ်။
ဇဝနဥာဏ်ဖျတ်ဖျတ်လတ်လတ်နဲ့လည်း ဟာသလုပ်ပစ်တတ်တယ်။
အတတ်ပညာ…. နည်းပညာပေါင်းစုံနဲ့လည်း…
ကိုယ့်ကိုကိုယ် သက်တောင့်သက်သာရှိအောင်နေတတ်တယ်။
အရှက်ပြေလည်း ချော်လဲရောထိုင်လုပ်တတ်တယ်။
လုပ်သလိုမဖြစ်လည်း ဖြစ်သလိုလုပ်တတ်တယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ … တရားလည်းရှိတယ်…
ပျော်ပျော်နေသေခဲ.. ရေလိုက်ငါးလိုက်လည်းနေတတ်တယ်။
ငါးမရလည်းရေချိုးပြန်တယ်။
သစ်မရှိခင်စပ်ကြားမှာလည်း ဝါးဘောင်ကွပ်တတ်တယ်။
ကြာကြာဝါးမယ့်သွား
ဘာစားစား အရိုးလည်းကြည့်ရှောင်တတ်တယ်။
မိုးခါးရေ တကယ်မသောက်ပဲနဲ့လည်း
ရူးချင်ယောင် ဟန်ဆောင်တတ်သေးတယ်..။
တစ်ခါသေဖူး… ပျဉ်ဖိုးလည်းနားလည်တယ်။
ပြန်မပြောနားမထောင်
ဆင်ဝှေ့ရန်ရှောင်လည်း နေတတ်တယ်။
ပျော်ရာမှာမနေရရင်
တော်ရာမှာလည်း ပျော်ရာပျော်ကြောင်းရှာတတ်တယ်။
ဟိုကွေ့ရောက်တော့ဟိုတက်
ဒီကွေ့ရောက်တော့လည်း ဒီတက်နဲ့လှော်တတ်တယ်။
ရှိပူရသေး ကုန်မှနားအေး
ဟိုဟာချေးများ …. ဒီဟာချေးများနဲ့
ရောက်လေရာမှာအကြွေးချန်ထားတတ်တယ်။
အကြွေးသာရမယ်ဆိုရင်…ဆင်လည်းသက်စေ့ဝယ်တယ်။
အလာကားသာရမယ်ဆိုရင်… ရေလည်းအဝသောက်တယ်။
နေမပူရင်ပြီးရော … ကျောအပူလည်းခံနိုင်တယ်။
မရှိ … ရှိတာနဲ့ လှအောင်ဝတ်တယ်။
မရ … ရတာနဲ့ ဝအောင်စားတယ်။
ဘုရားလည်းဖူးရင်း … လိပ်ဥလည်းတူးရင်း.
ဘုရားမကြိုက်တာ ဘာမှမလုပ်ပါဘူး။
ကိုယ်ကြိုက်တာလေးပဲ ကိုယ်လုပ်တာပါဆိုပြီး
ဆင်ခြေဆင်လက်တွေလည်း အများကြီးပေးတတ်ကြသေးတယ်။
ဒါနဲ့များ..
ဘာကိုအဆင်မပြေ ဘာကိုအလိုမကျဖြစ်နေတာလဲ…
ဘဝဆိုတာတိုက်ပွဲ
လူတိုင်း
ကိုယ့်အသက်ကိုယ်တော့ ရှည်အောင်မွေးမြူနေကြတာပါပဲ။
ငြိမ်းမောင်
၂ဝဝ၈ ဧပြီ ပိတောက်ပွင့်သစ်… မှ
{ April 18,08 @ 11: 17 am }
·
{ poem }
{ }
·
{ }
ကဗျာမို့လို့မဖတ်တော့ဘူးဆိုပြီး ကျော်တော့မသွားကြပါနဲ့ဗျာ..
၂၀၀၅လောက်ကတည်းက ဒီကဗျာလေးရေးထားခဲ့တာ..
ကြာတော့လည်းကြာခဲ့ပါပြီ..
ဘာကြောင့်ရေးဖြစ်ခဲ့သလဲဆိုတာတောင်မတွေးဖြစ်တော့ဘူး..
ဒီနေ့မနက်လင်းကတည်းက လမ်းတကာလျှောက်သွား..
တွေ့တဲ့လူတွေနဲ့စကားပြောကြည့်တယ်..
ဟိုအကြောင်ဒ။ ဒီအကြောင်း…
သင်္ကြန်မှာအင်လျားလမ်းကိုရောက်ခဲ့သလားဆိုတဲ့အကြောင်းတွေပေါ့..
သူတိုကလည်းလက်ဖေ့ရည်တစ်ခွက်တောင်အားမနာ..
အတော်လေးကိုပြောပြကြပါတယ်..
ညနေရောက်တော့ သူတို့ပြောခဲ့တာတွေပြန်စဉ်းစားရင်း..
ဒီကဗျာလေးအကြောင်းခေါင်းထဲဝင်လာတယ်…
အဲဒါနဲ့ပဲ ပြန်ရှာပြီးတင်ပေးလိုက်ပါတယ်..
ဘာကိုမှမရည်ရွယ်ပါဘူး..
ဖြစ်နေကြအကြောင်းအရာလေးပါပဲ..
သရော်တဲ့သဘောလည်းပါမယ်ထင်ရဲ့..
လမ်းပျောက်
ပျော်ပျော်ပါးပါး ရယ်လိုက်မောလိုက်နဲ့
လမ်းပျောက်ကြတယ်
လူကြီးတွေက လူငယ်တွေကို
လမ်းပျောက်ဂန္တ၀င်တွေပြောပြကြ
လူငယ်တွေက လူကြီးတွေကို
ခေတ်သစ်လမ်းပျောက်သီချင်းတွေဆိုပြကြ
အကြောင်းကိုက..
ဒါဝင်မျောက် လမ်းဘယ်လိုပျောက် မဟုတ်တော့ဘူး
မျောက်တွေဘယ်ကလမ်းစပျောက်ကြတာ
ပြဿနာလမ်းတွေပျောက်ကြတော့
ဂစ်တာတီးသင်တန်းတက်သူတွေနဲ့
ကွန်ပျူတာသင်တန်းတွေ များလာကြတယ်
ဦးရှင်ကြီးတင်မြှောက်သူမြှောက်နဲ့..
ပေါက်ပေါက်ဆုပ်တွေစားကြ
စတော့ရှယ်ယာတွေကစားကြနဲ့ပေါ့…
လမ်းဖဲ့ဆင်းသွားခြင်းနဲ့
လမ်းပြိုကျသွားခြင်များ ရောယှက်လို့
လမ်းခိုးခံရခြင်းနဲ့လမ်းလွှဲပစ်ခံခြင်းများလည်း
အများအပြားပေါ်ပေါက်ခဲ့တယ်
လမ်းအနိုင်ပိုင်းခြင်းနဲ့လမ်းကျူးကျော်မှုစစ်ပွဲများ
အစုံပါပဲ….
ရထားသံလမ်းတွေဆီအပြေးအလွှားထွက်ကြည့်ကြပြီး
လမ်းပေါ်မှာ ကကြ ခုန်ကြ ငိုယိုကြ ပေါ့..
လမ်းတိုင်း လမ်းတိုင်း လမ်းပျောက်ပွဲ
အခမ်းအနားများကျင်းပကြတယ်
ရပ်ကွက်လုံးဆိုင်ရာမှသည် ကမ္ဘာလုံးဆိုင်ရာ
လမ်းပျောက်စည်းဝေးပွဲကြီးများ
ခြိမ့်ခြိမ့်သဲ ၀က်ဝက်ကွဲသွားရဲ့
ဒွန်ကင်းက မိုက်တိုင်ဆန်အတွက်
ကြိုးဝိုင်းထဲက လမ်းပျောက်စိန်ခေါ်ပွဲစီစဉ်တယ်
မိုက်ကယ်ဂျက်ဆင်က
လမ်းပျောက်ခြင်းအမှတ်တရ လိုက်ဖ်ရှိုးပွဲလုပ်တယ်
ဘီလ်ဂိတ်မူပိုင်ခွင့်ရသွားတဲ့
လမ်းပျောက်ဆော့ဖ်ဝဲလ် မော်ဒယ်နံပါတ်အသစ်
လူသုံးနည်းသွားခဲ့တယ်..
ဂျော့ဒဗလျူဘုရှ်ရဲ့ အီဖယ်မျှော်စင်ပေါ်က
လမ်းပျောက်မိန့်ခွန်း ကမ္ဘာကျော်သွားတယ်..
ကျုပ်လည်းလမ်းပျောက်နေတာပဲဗျ…
အမူးသမားတစ်ယောက်က ခပ်ထွေထွေဆိုသွားတယ်။
{ April 17,08 @ 4: 35 pm }
·
{ poem }
{ }
·
{ }
တွန်းကန်နေတဲ့ည
အဝေးကပဋ္ဌန်းရွတ်သံ..
ကားသံတွေက လမ်းမတလျှောက်အက်ကွဲလို့…..
မနက်မှပြန်တွေ့ကြတာပေါ့..
အလုပ်ကပြန်မစရသေးဘူး..
ခေါင်းတွေကရှုပ်နေပြီ..
တီဗီကိုဖွင့်လိုက်တော့…
ထိတ်လန့်သည်းဖိုလူသတ်ကား…
ဘာဆက်လုပ်ရမှာလဲ …အမှိုက်တွေ..
ကုန်သွားတဲ့ရေကိုပြန်ဖြည့်နေရတာက အလုပ်တစ်ခု..
ကွမ်းတစ်ယာ ရေတမုတ်..
ကွမ်းတစ်ခါဝါးပြီးတိုင်း ရေတ၀က်ကျိုးတယ်..
ပူလွန်းလို့တံခါးတွေဖွင့်ထားတယ်ဆိုရင် မပိတ်လိုက်နဲ့လေ..
ပန်ကာတွေအကုန်ဖွင့် တံခါးတွေအကုန်လှပ်ထားတာတောင်..
ချွေးကအခုထိမတိတ်သေးဘူး..
စိုင်းဝင်းမြင့်ကပြောတယ်..
ရှေ့မှာဝရမ်တာ..
ဝရမ်တာရှေ့မှာဓာတ်ကြိုး..
ငါ့ စိတ်တွေ အစိုးမရချင်ဘူးတဲ့..
လာပြန်နောက်တစ်ကား ဟာသကားစုတ်…
မျှော်မနေနဲ့… လာတော့မှမဟုတ်ဘူး..
ခေါင်းက တဆစ်ဆစ် ပိုကိုက်လာသလိုပဲ….။
အဝေးက ကားသံတွေ လမ်းမတလျှောက်အက်ကွဲနေတုန်း။
{ April 8,08 @ 7: 13 am }
·
{ poem }
{ }
·
{ }
ပုံပြင်
မုတ်သုန်လေ ရူးသွားပြီတဲ့
လူတွေတီးတိုးပြောနေကြတာကြာပြီ
အဲဒီနေ့က
အစည်းအဝေးခန်းမထဲ
စားပွဲပေါ်ခုံတက်
သူ့ခြေဖ၀ါးကို သူလျှာနဲ့ရက်ပြလိုက်တော့မှပဲ
မုတ်သုန်လေ ရူးနေပြီလို့
လူတွေကျယ်ကျယ်လောင်လောင်ပြောရဲကြတော့တယ်
မုတ်သုန်လေ ရူးသွားပြီဆိုတဲ့ ဗင်နိုင်းပိုစတာတွေ ဓာတ်တိုင်မှာကပ်ထား
တချို့ကတီရှပ်မှာကပ်ထားကြတယ်
အကြားအမြင်ဆရာမကတောင်
သူ့ရဲ့ဖန်ဓာတ်လုံးထဲမှာ
မုတ်သုန်လေရဲ့ ရုပ်ပုံကိုမြင်ရဆိုပဲ
မုတ်သုန်လေဟာ
ဗယာကြော်ကုလားဆီက အကြော်တွေယူစားပြီးနောက်
အဲဒီကုလား ထီပေါက်သွားတယ်
လူအုပ်ကြီးဟာ မုတ်သုန်လေ ကိုလိုက်ရှာနေကြ
သူ့တံတွေးထွေးတာခံယူကြဖို့
မုတ်သုန်လေဘ၀အထ္တုပ္ပတ္တိဆိုတာကို
သူ့အရင်းဆုံးသူငယ်ချင်းဆိုတာတွေပေါင်းပြီး
စယတစ်အုပ်ထုတ်ကြတယ်
မုတ်သုန်လေဟာ
တိုက်ဂါးဝုဒ်ရိုက်နေတဲ့
ဂေါက်ကွင်းထဲဖြတ်ပြေး
ဘက်ခမ်ဖရီးကစ်ကန်ဖို့ပြင်နေတုန်း
ဘောလုံးကိုအတင်းကန်ထုတ်လိုက်တယ်
မုတ်သုန်လေစီးခြင်ရင်လိုက်ပို့ဖို့
စောင့်နေကြတဲ့ကာတန်းကြီးကြောင့်လမ်းတွေပိတ်ဆို့
”ကံကောင်းခြင်းကိုသယ်ဆောင်လာသူ
ကိုယ်တိုင်ကံဆိုးရရှာလေသူ”
စသည်ဖြင့်ပေါ့..
သူ့သတင်းတွေကို လူတွေအလုအယက်ဖတ်ကြတယ်
တွမ်ဟန့်တောင်
သူ့ကာရိုက်တာတွေကို ခွေနဲ့ကူးပြီးလေ့လာ
မုတ်သုန်လေဟာ
ဘာသာတရားတစ်ခုဖြစ်လုဖြစ်ခင်တစ်နေ့မှာ……
(ကြာတော့လည်းကြာခဲ့ပါပြီ….
လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက…
သူငယ်ချင်းတစ်ယောက်ရေးပေးခဲ့တာ….
ဝါသနာပါရင် မုတ်သုန်လေ ဆိုတဲ့နေရာမှာ…
ကိုယ်ကြိုက်တဲ့နာမ်စားတစ်ခုထည့်ဖတ်ကြည့်ပါလား)
{ April 2,08 @ 12: 20 pm }
·
{ current affair, poem }
{ }
·
{ }

photo by chanmyasoe ,from flickr
ဒီရက်ပိုင်း ရန်ကုန်မှာ မိုးလေးတဖြိုင်ဖြိုင်ကျလို့…
သွားရလာရတာ….
အတော်လေးကသိကအောက်နိုင်ခဲ့ပေမယ်..
မိုးရွာလို့ဖြစ်လာရတဲ့စိတ်ညစ်စရာတွေကို…
ဝေနေအောင်ပွင့်ခဲ့တဲ့ ပန်းပိတောက်တွေက…
အနိုင်ယူလို့သွားခဲ့ပါပြီ….
ပထမနေ့မိုးရွာပြီးကတည်းက…
ပိတောက်ပန်းတွေပွင့်တော့မယ်လို…
ထင်ခဲ့ပေမယ့် …
နေရာတိုင်းမှာတော့မပွင့်ခဲ့ပါဘူး…
သုံးရက်မြောက်ရွာအပြီးမှာတော့…
ပင်လုံးကျွတ်ပွင်တဲ့ပိတောက်တွေကို….
နေရာတိုင်းမှာ မမြင်ချင်းအဆုံးဖြစ်ခဲ့ရပြီး..
ပိတောက်ပင်အောက်ဖြတ်သွားတိုင်း…
ပိတောက်ပန်းရနံ့တွေက …
အတင်းကိုတိုးဝင်လာနေပါရဲ့…
ပိတောက်ကြွေတွေကလည်း…
လှချင်တိုင်းလှနေလေတော့…
အလွမ်းသမားကြီးစန္ဒာရားချစ်ဆွေဆိုထားခဲ့တဲ့…
(မာမာအေးလည်းဆိုထားပါတယ်)
ပိတောက်လမ်းသီချင်းကို …
တမိတာတော့အမှန်ပါပဲ..
စားသားအတိအကျမဟုတ်ပေမယ့်…
ရသလောက်ခေါင်းထဲဝင်လာတာက…
လတန်ခူးပေမို့… မြအဖူးတွေ… သစ်သစ်ဝေတယ်…
အချစ်ရေ… အချစ်ရေ လို့ ကိုယ်ကခေါ် ခေါ်ပေမယ့်လည်း…
မင်းကတော့ …… မကြားပါဖူးကွယ်…
………..
………..
အော်… ကိုယ်တစ်ယောက်တည်း… ပိတောက်လမ်းဝယ်…
လျှောက်စမ်းချင်ပါတယ်…
ဘယ်လောက်ကောင်းလိုက်တဲ့သီချင်းပါလဲ…
အစအဆုံးအလွတ်မရတော့လို့…
သက်သာသွားတယ်မှတ်…
ဘယ်လိုပဲဖြစ်ဖြစ်..
အခုပွင်လာတဲ့ပိတောက်တွေဟာ…
နှစ်သစ်အတွက်ပိတောက်ဦးတွေပါပဲ..
ပိတောင်ဥိးတွေအတွက်…
ပိတောက်ဦးဆိုတဲ့ ကဗျာတစ်ပုဒ်ကို..
ဒဂုန်တာရာကရေးခဲ့ဘူးပါတယ်…
တာရာမဂွဇင်းတွက်ခဲ့တုန်းကပါ
အဲဒီကဗျာလေးကို Poets’ Cornerဘလောဂ်ပိုင်ရှင်.
ဒေါက်တာမောင်မောင်ညိုက
အင်္ဂလိပ်ဘာသာပြန်ဆိုထားခဲ့ပါတယ်..
အွန်လိုင်းပေါ်လျှောက်သွားရင်း
အမှတ်တမဲ့တွေ့ခဲ့တာလေးပါ…
တခြားလူတွေလည်းဖတ်လို့ရအောင်
ပြန်တင်ပေးလိုက်ပါတယ်..
First Padauk Flowers
(Padauk Oo)
“Oh, so beautiful… “
Branches heavy with dangling flowers
Golden buds and yellow blossoms everywhere
Dainty delicate and pretty prettier
It was when the first padauk flowered.
“See, See, there… it flowers”
Shouted in joy from many door openers
Talking and running helter skelter
Under the yellow padauk tree they flee after
Collecting and colliding fallen flowers.
So greedy and dumb men
Some jump on the tree and hack it
Cut branches and twigs
Divide swiftly and snatch quickly
People mix and mingle terribly.
Because of snatching catching and smashing
Padauk flowers are trampled and crushed
Leaving dark green leaves and stump
In unorderly dump.
I was thinking to cover
My beloved dark hair
With choicest golden flowers
As ornament by her dear me.
Under the brokn branches
I stood and glanced
Observed a blossom ready for pick up
Heard, “Oh, sir, I just wish
To offer it to Buddha if…”
So saying competing with full of vigour
Our hands clashed clutching each other.
Dagon Taryar (Taryar Magazine 1947)
Translation by Dr. Maung Maung Nyo
Padauk = Pterocarpus Indicus
ပိတောက်ပန်းအကြောင်းပြောရင်…
ပိတောက်ကသစ္စာမရှိလို့…
ငုပန်းကသစ္စာရှိတယ်… ပိုလှတယ်လို့လည်း…
ပြောကြပေဦးတော့မယ်…
သဘာဝတရားတွေပြောင်းတဲ့နောက်…
သဘာ၀၀န်းကျင်တွေလဲပြောင်းနေကြတော့မှာပေါ့….
ငုပန်းလှတာတော့မငြင်းလိုပါ…
ပွင့်တော့လည်းအချိန်မှန်…
အခိုင်လိုက် အခိုင်လိုက်….
အလှကလည်း ကျက်သရေကိုရှိတော့…
ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက…
ပျဉ်းမပွင့်တွေအကြောင်း….
ခေါင်းထဲဝင်လာတော့ …
ပျဉ်းမအပေါ်ခံစားမှုကပိုလာသလိုလို…
မျက်စိထဲဝင်လာတာပျဉ်းမဖြစ်နေတယ်..
ခုပိတောက်ပန်းတွေပွင့်လာသည်…
နောက်ငုပန်းတွေပွင့်လာကြဦးမည်…
ပြောကြစတမ်းဆိုရင်တော့…
ပန်းတိုင်းလှကြပါတယ်….
တံဆိက်ကပ်လိုသူတွေက တံဆိပ်အမျိုးမျိုး
ကပ်ကြတဲ့တိုင်…
ပန်းတို့ရဲ့ဂုဏ်ဒြပ်က..
ပျောက်သွားမှာတော့မဟုတ်ပေ….
ရန်ကုန်မိုးကတော့….
ရွာတဲ့အချိန်ရွာလိုက်…နေပူတဲ့အချိန်ပူလိုက်နဲ့..
နေရောင်ကျဲကျဲနဲ့ မိုးစက်တွေကြား..
ရန်ကုန်သူ ရန်ကုန်သားပေါင်းတို့…
ရုန်းကန်စီးမျောနေကြရင်းနဲ့သာ…….။
{ March 27,08 @ 8: 53 am }
·
{ poem }
{ }
·
{ }
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်
အချိန်ခြစားသံတွေဆူညံ့
နေမစောင်းခင်လေး
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်…
မြေနီကုန်းဆိုသောမြေနီကုန်း၊
အလှမ်းမဝေးသောမြေနီကုန်း၊
မလုံ့တလုံ လုံ့တလုံ၊
မတို့တတို့ တို့တတို၊
ရင်ခုန်သံတွေ ဖောက်ပြား၊
မြင်ကွင်းတွေက အမောဖောက်သတဲ့…
(ရတက်မအေးရှာနိုင်သူတွေပေါ့လေ)
လမ်းကြုံရင် ရွှေဧည့်သည် ၃၀၀ပေးစီးလို့
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်….
လေဆာဆိုတာနားမလည်၊
သေပါဆိုတာဘာကိုခေါ်လဲ
ဝေဒနာတွေအသေအချာမှတ်လို့
မနေ့ကဘာနေ့ဖြစ်ပြီး
မနက်ဖြန်ကဘာဆိုရင်
ဒီနေ့ ဘာနေ့ဆိုတာ…
လာမပြောနဲ့(အာရုံစားတယ်)
နားအညစ်အကြေးသန့်စင်ဖို့
နားဖာကလော်တစ်ချောင်းသာလိုတယ်
နို့ထွက်ပစ္စည်းရရှိဖို့…
နွားတရှဉ်းသားအဓိကကျပေမယ်
ရေမထွက်တဲ့ရေပန်းတွေနား
ညာချင်ပါသတဲ့ ကြော်ငြာဘုတ်တို့နံဘေး
ဝမ်းစတောပ်စူပါမားကတ်ကြီးရဲ့ရှေ့
အိမ်လောက်ကြီးတဲ့တီဗွီကြီးရှိသတဲ့
(အဲ့ဒါ….)
မြေနီကုန်းကတီဗွီကြီးပေါ့…
ခွင့်သာခိုက်မို့ သွားကြည့်ချင်ပါရဲ့
သက်မွန်မြင့်၊ အိနြင်္ာကျော်ဇင်၊
မိုးဟေကိုလဲ တွေ့ရမတဲ့….
ဟိုအသံ၊ ဒီအသံ
ယာဉ်သံဆူတွေကြား
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်…
(မြို့ကြီးပြကြီးတွေမှာ… ခုတလောခေတ်စားနေတဲ့
ဗီဒီယိုဇာတ်လမ်းဆိုတာ… ကျေးတောသားမို့…
မကြည့်ဖူးသေးပါ….
ရောင်စုံရုပ်တွေဆိုလား မတွေဖူးသေးသမို့
မြင်ဖူးချင်လှသဗျာ…
ရွာဘုရားပွဲနဲ့ဘုန်းကြီးပျံမှာကြည့်ဖူးပါရဲ့ဗျာ..
ရွာဘုရားပွဲနဲ့ဘုန်းကြီးပျံမှာကြည့်ဖူးပါရဲ့ဗျာ..
သုံးကားပေါင်းမိုးလင်းဆိုတဲ့…
ရုပ်ရုင်ကားတွေထဲမှာ…..
ချီးဗူးနဲ့ရွှေဘကိုတော့ တရင်းတနှီးမြင်ဖူးတာ…
ဒီနှစ်တော့စပါးပေါ်ရင်ဗျာ…
မြို့တက်ကာ ဗီဒီယိုကြည့်မယ်…
အရီးလေးရယ် ဆက်ဆက်ခေါ်ပါဗျာ…..)
၈၀ပြည့်လွန်ကသီချင်းတစ်ပုဒ်
အတင်းလုပ်လို့ဆိုမနေနဲ့….
မကုန်သေးသောအနာဂတ်များ
တွေးတဆဆချင့်ချိန်ရင်း
အဝေးဆုံးလမ်းတွေ
အဝေးဆုံးသို့မရောက်ခင်စပ်ကြား
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်။ ။
{ March 26,08 @ 6: 05 pm }
·
{ poem }
{ }
·
{ }
စာမေးပွဲကြီးနီးလာပြီ
စိုးမိုးယံ
နွေဦးရာသီ ငိုက်မနေပါနှင့်
စာမေးပွဲကြီးနီးလာပြီ
ဒါပဲကြည့် ကွက်တိ ခန့်မှန်းမေးခွန်း(၅) စုံ
အထူးထုတ်အနာဂတ် ဆရာများ ချစ်တပည့်သေ
လေရူးတွေ တ၀ီဝီ အမှိုက်တွေလွင့်လာသည်
နေတရှိန်ရှိန်ပူသည် တံလျှပ်မြစ်ကြီးစီးလာပြီ
အနီးကပ် မပြတ်တပြတ် သင်ခန်းစာ
ဘယ်စာကို ဘယ်နှစ်ဝါမောင်သင်မလို့တုန်း ပြောခဲ့ဦး
ကွက်လပ်မှာဘာဖြည့်မလဲ
မှန်မှား ဘယ်လိုခွဲမလဲ
စာလုံးပေါင်း မှန်ပါစေ
အတွက်အချက် မြန်ပါစေ
မေးလေ့မေးထရှိတာ ဖြစ်လေ့ဖြစ်ထရှိတာ
ဒီလိုပဲ မှားလေ့မှားထရှိခဲ့တာတွေ
တွင်းဟောင်းရေကြည် ပိုးမွှားဝေစည်
ဆူလွယ်နပ်လွယ် အသင့်ပြင်ထားကြ
သင်ရိုးကုန်အဖြေစုံ အစဉ်အလာမပျက်
အံဝင်ဂွင်ကျဖြစ်အောင် ထပ်တလဲလဲလေ့ကျင့်ကြ
မေးခွန်းကိုသေချာဖတ် အလှည့်အပြောင်းကိုသတိထား
ပြီး၇င် ပြန်စစ်ဆေးဖို့မမေ့ပါနဲ့
လိုအပ်တာထက်များရင် ဘောင်မ၀င်ဘဲ ဘေးချော်သွားမယ်
မျက်လုံးတွေဖွင့်ထားပါ
ဦးနှောက်ကိုအလုပ်ပေးပါ
အောင်မှတ်ရရုံနဲ့ စိတ်မအေးနဲ့
ဂုဏ်ထူးရရုံနဲ့ သိပ်မဝေးနဲ့
ဘယ်စာကိုဘယ်နှစ်ဝါမောင်သင်မလို့တုန်း ပြောခဲ့ဦး
စာမေးပွဲကြီးနီးလာပြီ နွေဦးရာသီ
လေရူးတွေ တ၀ီဝီ အမှိုက်များ လွင့်လာသည်
နေတရှိန်ရှိန်ပူသည် တံလျှပ်မြစ်ကြီးစီးလာပြီ
နွေဦးရာသီ ငိုက်မနေပါနှင့်။
စိုးမိုးယံ
၂၀၀၈ မတ်လထုတ် စံပယ်ဖြူ မှ
{ March 23,08 @ 4: 20 am }
·
{ poem }
{ }
·
{ }
မြို့ကြီးမှာ
”ဘာတွေလုပ်ရလဲ၊ စာဥရယ်”
ဟိန်းမြတ်ဖော်
စာဥလေးမြို့ကြီးမှာ ဘယ်လိုမေရမလဲ၊
စာဥဘ၀ကို ကယ်တင်ရျင်အဖြစ် စဉ်စားကြည့်တော့
စာဥ စပွန်ဆာရှာရပါတယ် ကိုကိုရယ်။
စမူဆာ ရှာလိုက်ရတယ် ဟုတ်လား…
စမူဆာရှာပြီးတဲ့နောက်မှာ အဲဒီနံပြားထောပတ်သုတ်က
အော်…..(စပွန်ဆာ)
ငါ့တို့ရွာမှာ ကြားဖူးတာတော့ စမူဆာပဲကြားဖူးတယ်၊
နင်က ဘယ်ကစပွန်ဆာလဲ၊
အော်…..(စပွန်ဆာ)
စပွန်ဆာဆိုတာ ဘာတုန်း
စပွန်ဆာဆိုတာ စာဥရဲ့ကယ်တင်ရှင်၊
စာဥဘ၀ကြီးကို တိုးတက်အောင် စာဥဘ၀ခုလိုနေနိုင်အောင်
စာအုနောက်ကွယ်ကနေ အစစအရာရာ ကြိုးစားပေးနိုင်တဲ့၊
ပံ့ပိုးပေးနိုင်တဲ့၊
ရွှေရောင်အရိပ်ကလေးနဲ့တူတဲ့ လေးလေးတစ်ယောက်ကို
စာဥရှာထားတယ် ကိုကို….
ဟင်…..
(စာဥမပြောချင်ပါဘူးလေ) ကိုကိုရယ်… ဟင့် … လှိုင်းလုံးများ
စာဥရယ် စာဥဘ၀ ဒီလောက်အထိပဲ အဖြစ်ဆိုးလား။
ကိုကို မသိပါဘူးကွယ် … ဟင့် …
ကိုကို ဒေါသတွေ နည်းနည်းလျော့၊
စာဥလည်း နည်းနည်းလျော့မယ်
ကိကိုဒေါသတွေ သိပ်များနေတယ်ကိုကို…
ကိုယ့်ရင်ထဲမှာ မခံစားနိုင်လို့ပါစာဥရယ်။
ဆက်ပြောပါဦးစာဥရယ်…
ဘယ်သူလဲဟင်….
စာဥရဲ့နောက်မှာလေ စာဥရဲ့ကယ်တင်ရှင်
လေးလေး တစ်ယောက်ပါသေးတယ် ကိုကို…
ပြောရမယ်ဆိုရင် စာဥရဲ့နောက်က လေးလေးတစ်ယောက်က
စာဥရေ…စာဥ၊ စာဥက ဒီရောက်နေတာကိုး၊ ကိုယ်ဖြင့်ရှာ
လိုက်ရတာ ချွေးဇောတွေတောင်ပြန်လို့ ဇောချွေးလည်းမဟုတ်
ဘူး။ ဒီရန်ကုန်သား ဘာတွေပြောနေတာတုန်း၊
မင်းမတတ်ရင် မပြောပါနဲ့၊ ငါတတ်သလို ငါပြောမှာပေါ့၊
စာဥ (တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်)
ကိုကို(တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်)
မျက်နှာကြည့်တော့လည်း မျှော့တွေ ကပ်နေသလိုပဲ….
တို့ရွာက မျော့တွေ ကပ်နေသလိုပဲ….
မျှော့ဆိုတာ ဘာလဲကွ၊ ငါနားမလည်ပါလား
မျှော့ဆိုတာ ခင်ဗျားခြေထောက်ကို တွယ်နေတဲ့ဟာကိုမျှော့
ခင်ဗျားအနေအထိုင်မတတ်ရင် အဲ့ဒီ့မျှော့က ကျုပ်တို့ရွာက
မျှော့ဗျ။
မျှော့ဆိုတာ ငါဘာမှ နားမလည်ဘူး။
မျှော့ဆိုတာ ပျော့ပျော့နဲ့ ခင်ဗျားကိုင်ကြည့်မလား….
မင်းဟာမင်းကိုင်ပါလား
စာဥ
ဘယ်သူလဲ အဲဒါ
သူကလေ
ငါမသိလို့ အဲဒါဘယ်သူလဲ
အဲဒါ စာဥရဲ့ စပွန်စာပါ (စပွန်ဆာ)
စပွန်ဆာပါ ကိုကို။ ။
ဟိန်းမြတ်ဖော်
၂၀၀၈ မတ် Beauty
« Previous entries